မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့၊ တရော်ကုန်းရပ်ကွက်မှ အူမကြီးကင်ဆာ ရောဂါဖြင့်ကွယ်လွန်သည်မှာ ၆ လခန့်ရှိပြီဖြစ်သည့် အသက် ၂၇ နှစ်အရွယ် ဖိုးသောကြီး မှာ စစ်မှုထမ်းဆောင်ရန် အမည်စာရင်းပါရှိသည့်အတွက် ၎င်းအစား အိမ်ရှိလူငယ် တစ်ဦးကို အစားထိုးထည့်သွင်းပေးရန် တာဝန်ရှိသူများက ပြောဆိုခဲ့သည်ဟု သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာများက ပြည်သူများ အထင်အမြင် လွဲမှားစေရန် လုပ်ကြံရေးသားပြီး ဝါဒဖြန့်ဝေနေသည်ကို တွေ့ရှိရပါသည်။
အဆိုပါ တရားမဝင်ပြည်ဖျက်မီဒီယာတွင် ရေးသားဖော်ပြထားသည့် ကွယ်လွန်သူ လူငယ်တစ်ဦး စစ်မှုထမ်းဆောင်ရန် အမည်စာရင်းပါရှိသည့်အတွက် ၎င်းအစား အိမ်ရှိ လူငယ်တစ်ဦးကို အစားထိုးထည့်သွင်းပေးရန် တာဝန်ရှိသူများက ပြောကြားခဲ့သည်မှာ ဟုတ်မှန်မှုမရှိကြောင်း၊ တရော်ကုန်းရပ်ကွက်တွင် ၎င်းအမည်နာမည်ဖြင့်လည်း မည်သူမျှ မရှိကြောင်း တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။
အလားတူ ပဲခူးတိုင်းဒေသကြီး၊ အုတ်ဖိုမြို့၊ ချမ်းမြသာမြေရပ်ကွက်မှ စစ်မှုထမ်း ဆောင်ရန်ငြင်းဆိုသည့် လူငယ် ၇ ဦးနှင့် မိဘဆွေမျိုးများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးထားကြောင်း မဟုတ်မမှန်ရေးသားဖြန့်ဝေလျက်ရှိပါသည်။
ထိုသို့ တရားမဝင်ပြည်ဖျက်မီဒီယာများနှင့် ရပ်ရွာအေးချမ်းသာယာရေးကို မလိုလားသူများက မိဘပြည်သူများ၊ လူငယ်လူရွယ်များကို စိုးရိမ်ထိတ်လန့်စေရန် အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အုပ်ချုပ်ရေးအဖွဲ့အစည်းများက စစ်မှုထမ်းရန် ပေါ်တာဆွဲခြင်း၊ လမ်းသွားလမ်းလာများကို ဖမ်းဆီးခြင်းစသည့် ကောလာဟလ သတင်းအမှားများဖြင့် ဝါဒဖြန့် လှုံဆော်နေခြင်းသာဖြစ်ကြောင်း သတင်းရရှိပါသည်။