တပ်မတော်တွင် ဆဋ္ဌမအကြိမ်အသည်းအစားထိုးခွဲစိတ်ကုသမှုလုပ်ငန်း ဆောင်ရွက်မှုသတင်း (ပထမနေ့) ရက်စွဲ၊ ၁၁ -၅- ၂၀၂၄

Saturday, May 11, 2024 - 19:15

              တပ်မတော်တွင် ပထမအကြိမ်အသည်းအစားထိုးခွဲစိတ်ကုသမှုကို ၂၀၂၂ ခုနှစ် တွင် အသည်းအစားထိုးလူနာ ၂ ဦးဖြင့်လည်းကောင်း၊ ဒုတိယအကြိမ်၊ တတိယအကြိမ် နှင့် စတုတ္ထအကြိမ်တို့ကို ၂၀၂၃ ခုနှစ်တွင် အသည်းအစားထိုး လူနာ ၉ ဦးဖြင့် လည်းကောင်း၊ ပဉ္စမအကြိမ်ကို ၂၀၂၄ ခုနှစ်တွင် အသည်းအစားထိုးလူနာ ၃ ဦးဖြင့် လည်းကောင်း အောင်မြင်စွာ ခွဲစိတ်ကုသဆောင်ရွက်ပေးနိုင်ခဲ့သည်။ ယခုအခါ  ဆဋ္ဌမ အကြိမ် အသည်းအစားထိုးခွဲစိတ်ကုသမှုအား လူနာ ၃ ဦးဖြင့် ဆောင်ရွက်သွားမည် ဖြစ်ပြီး ပထမနေ့အသည်းအစားထိုးခွဲစိတ်ကုသမှုကို ယနေ့တွင် မင်္ဂလာဒုံမြို့နယ်ရှိ အမှတ်(၁)တပ်မတော်ဆေးရုံကြီး(ခုတင်-၁၀၀၀)၊ အထူးကုသမှုစင်တာ၌ ပြုလုပ် ခဲ့သည်။

              အဆိုပါ အသည်းအစားထိုးခွဲစိတ်ကုသမှုကို တပ်မတော်မှ အသည်းအစားထိုး ခွဲစိတ်ကုသမှုအဖွဲ့နှင့် အိန္ဒိယနိုင်ငံမှ အသည်းအစားထိုးခွဲစိတ်ကုသမှုအဖွဲ့တို့ ပူးပေါင်း ဆောင်ရွက်ခဲ့ကြခြင်းဖြစ်ပြီး လူနာဖြစ်သူ အမှတ်(၈)စစ်အခြေခံလေ့ကျင့်ရေးတပ်မှ ဗိုလ်မှူး အောင်နိုင်ဦး နှင့် တူမဖြစ်သူ အသည်းအလှူရှင် ဒေါ်ဇင်မာလှိုင် တို့ကို ခွဲစိတ် ကုသခဲ့ခြင်းဖြစ်သည်။

              အသည်းအစားထိုးခွဲစိတ်ကုသမှု ဆောင်ရွက်ရာတွင် အသည်းအလှူရှင် လူနာထံမှ အသည်းထုတ်ယူခြင်းကို နံနက် ၁၀ နာရီခွဲအချိန်တွင် စတင်ခဲ့ပြီး ထုတ်ယူ ရရှိသော အသည်းကို ညနေ ၅ နာရီခွဲအချိန်ခန့်တွင် အသည်းလက်ခံလူနာထံသို့ အစားထိုးခွဲစိတ်ကုသခြင်း ဆောင်ရွက်ခဲ့ကာ စုစုပေါင်း ခွဲစိတ်ချိန် ၁၁ နာရီခန့် ကြာမြင့် ခဲ့သည်။ အသည်းအလှူရှင်လူနာနှင့် အသည်းလက်ခံလူနာများ၏ ခွဲစိတ်ပြီးနောက်ပိုင်း ကျန်းမာရေးအခြေအနေမှာ ကောင်းမွန်လျက်ရှိပြီး အထူးကြပ်မတ်ကုသခန်း၌ လိုအပ်သော ပြုစုကုသမှုများကို သက်ဆိုင်ရာပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြု/ကျွမ်းကျင်သူများက ဆက်လက်ဆောင်ရွက်ပေးလျက်ရှိသည်။

              အသည်းအစားထိုးခွဲစိတ်ကုသမှုကို တပ်မတော်မှ တာဝန်ရှိသူအရာရှိကြီးများက ကြည့်ရှုအားပေးခဲ့ပြီး မေလ ၁၂ ရက်နှင့် ၁၃ ရက်တို့တွင် ဆက်လက် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။