သရက်ချောင်းမြို့နယ်၊ ကနက်သီရိရွာကို တပ်မတော်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်း၊ ရေကြောင်းတို့ဖြင့် ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၃ ဦးသေဆုံးဟု သတင်းတု၊ သတင်းအမှားများ လုပ်ကြံရေးသားဖြန့်ဝေလျက်ရှိ နေပြည်တော်၊ မေ ၁၁

Saturday, May 11, 2024 - 19:15

          တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်၊ ကနက်သီရိကျေးရွာကို မေလ ၁၀ ရက်နေ့က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တပ်မတော်က ရဟတ်ယာဉ် ၂ စီး၊  ဂျက်ဖိုက်တာ ၁ စီး ဖြင့်ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီး၊  ရေကြောင်းမှလည်း စစ်သင်္ဘောများဖြင့် လက်နက်ကြီးများ အဆက်မပြတ် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းတို့ကြောင့် ပြည်သူ ၃ ဦး သေဆုံးခဲ့သည်ဟု အကြမ်းဖက်အားပေး ပြည်ဖျက်မီဒီယာ Khit Thit က လူမှုကွန် ရက်ပေါ်တွင် မဟုတ်မမှန်လုပ်ကြံရေးသားကာ ဝါဒဖြန့်နေသည်ကို တွေ့ရှိရပါသည်။

          အဆိုပါသတင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာနယ်မြေလုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ ပြောပြချက်အရ မေလ ၁၀ ရက်နေ့က ကနက်သီရိကျေးရွာတွင် တိုက်ပွဲဖြစ်စဉ် ဖြစ်ပွားခြင်းမရှိသလို တပ်မတော်က လေကြောင်းမှဗုံးကြဲတိုက်ခိုက်ခြင်း၊ ရေကြောင်းမှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းများလည်း လုံးဝမရှိကြောင်း သိရှိရသည်။

          အကြမ်းဖက်သမားများသည် သရက်ချောင်းမြို့နယ်အတွင်း ပြည်သူများ ကြောက်ရွံ့ထိတ်လန့်လာပြီး တည်ငြိမ်အေးချမ်းမှုမရှိစေရန်နှင့် အုပ်ချုပ်မှုယန္တရားများ ပျက်ပြားစေရန်အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ပြည်သူများသွားလာနေထိုင်သည် မြို့၊ ရွာများအတွင်းသို့ လက်နက်ကြီးများ၊ ဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများ မကြာခဏလုပ်ဆောင်နေသည်ကို အကြမ်းဖက်အားပေးပြည်ဖျက်မီဒီယာများက လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် တပ်မတော်မှလုပ်ဆောင်သည်ဟု စွပ်စွဲကာ ပြည်သူများအထင်အမြင်လွဲမှားစေရန် မဟုတ်မမှန် လုပ်ကြံရေးသား ဖြန့်ဝေနေခြင်း သာဖြစ်ကြောင်း သတင်းရရှိသည်။