ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၂) သို့ တက်ရောက်ကြမည့် နိုင်ငံ့သားကောင်းရတနာများ သက်ဆိုင်ရာသင်တန်းကျောင်းအသီးသီးသို့ ရောက်ရှိ နေပြည်တော်၊ ၂၀၂၄ မေ ၁၁

Saturday, May 11, 2024 - 19:15

                ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာလတွင် ဥပဒေအမှတ် (၂၇/၂၀၁၀)ဖြင့် ပြဋ္ဌာန်းခဲ့ပြီး ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်တွင် ယင်းဥပဒေအား အသက်ဝင်စေခဲ့ကာ ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ်(၁)ကို   တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ အောင်မြင်စွာ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။

                                                                       

                ယခုအခါတွင်လည်း တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ ပြည်သူ့ စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၂)သို့ တက်ရောက်ရန်အတွက် သက်ဆိုင်ရာသင်တန်း ကျောင်းအသီးသီးသို့ ရောက်ရှိလာကြသည့် နိုင်ငံ့သားကောင်းရတနာများအား သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ဒေသခံပြည်သူများက အောင်သပြေများဖြင့် သောင်းသောင်းဖျဖျ ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။ ထိုသို့ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၂)တွင် သင်တန်းတက်ရောက်ရန် ဝင်ရောက်လာခဲ့ကြသူများကို သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ် များရှိ နယ်မြေခံသင်တန်းကျောင်းများတွင် ကျန်းမာရေးဆေးစစ်ပေးခြင်း၊  စစ်အသုံး အဆောင်ပစ္စည်းများထုတ်ပေးခြင်း၊ ဂုဏ်ပြုချီးမြှင့်ငွေများနှင့် စားသောက်ဖွယ်ရာများ ပေးအပ်ခြင်းများ ဆောင်ရွက်ပေးကြပြီး တာဝန်ရှိသူများက ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ခဲ့ကြသည်။

                နိုင်ငံသားတိုင်းသည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး ဟူသည့် ဒို့တာဝန် အရေးသုံးပါးကို စောင့်ထိန်းရန်တာဝန်ရှိကြပြီး ယင်းတာဝန်များကို ထမ်းဆောင်ရန် အတွက် စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းဆောင် နိုင်ရန် ပြည်သူ့စစ်မှုထမ်းဥပဒေကိုပြဋ္ဌာန်းခဲ့ရခြင်းဖြစ်သည်။

                ယခုကဲ့သို့ မျိုးချစ်စိတ်ဓာတ်အပြည့်အဝဖြင့် နိုင်ငံတော်၏ ကာကွယ်ရေး တာဝန်များကို ထမ်းဆောင်ရန်အတွက် ရဲဝံ့သည့် စိတ်ဓာတ်များဖြင့် ဝင်ရောက်လာ သော နိုင်ငံ့သားကောင်းရတနာများအား အစဉ်အမြဲ လေးစားဂုဏ်ယူလျက်ရှိကြောင်း သတင်းရရှိသည်။