မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် သတင်းထုတ်ပြန်ချက် (၃/၂၀၂၄)

Friday, May 10, 2024 - 18:00

၁။      ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် နိုင်ငံတော်အား ဆန့်ကျင်သော လက်နက်ကိုင် တိုက်ခိုက်မှုများသည် လွတ်လပ်ရေးရပြီးချိန်မှစ၍ ယနေ့တိုင် ဖြစ်ပွားလျက်ရှိပါသည်။ အဆိုပါ ဖြစ်စဉ်များကြောင့် အပြစ်မဲ့ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များစွာ ထိခိုက်ဆုံးရှုံးလျက် ရှိနေပါသည်။ ထို့ပြင် အများပြည်သူဆိုင်ရာ အခြေခံအဆောက်အဦများဖြစ်သည့် လမ်းတံတားများ၊ တာဝါတိုင်များ၊ လျှပ်စစ်ဓာတ်အားခွဲရုံများ၊ မီးရထားလမ်းများ၊ ဆေးရုံများ၊ စာသင်ကျောင်းများ၊ ဘာသာရေး အဆောက်အဦများလည်း ပျက်စီးဆုံးရှုံးလျက်ရှိပါသည်။

၂။       လူသားအားလုံးအတွက် အသက်ရှင်သန်ခွင့်သည် အခြေခံအကျဆုံး အခွင့်အရေး ဖြစ်ပါ သည်။ ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်း အပိုဒ် (၃) တွင် “လူတိုင်းတွင် အသက်ရှင်သန်ခွင့်၊ လွတ်လပ်ခွင့်နှင့် လူပုဂ္ဂိုလ်လုံခြုံမှုရခွင့်ရှိသည်” ဟု ဖော်ပြထားရှိပါသည်။ မြင်းခြံမြို့နယ်၊ ဆုံရွာ ကျေးရွာဖြစ်စဉ်နှင့် အခြားဆန့်ကျင်တိုက်ခိုက်မှု ဖြစ်စဉ်များကြောင့် သက်ကြီးရွယ်အိုများ၊ ကလေး သူငယ်များ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ မသန်စွမ်းသူများအပါအဝင် ပြည်သူများ၏ အသက်ရှင်သန် ခွင့်၊ လွတ်လပ်ခွင့်နှင့် လူပုဂ္ဂိုလ်လုံခြုံခွင့်များ ဆုံးရှုံးနေကြရပါသည်။

၃။      တရားဥပဒေစိုးမိုး‌ရေး၊ ငြိမ်းချမ်းရေးနှင့် လူ့အခွင့်အရေးတို့မှာ ဒွန်တွဲလျက်ရှိပါသည်။ လက်နက်ကိုင် ဆန့်ကျင်တိုက်ခိုက်မှုဖြစ်စဉ်များသည် တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုး ရေးတို့ကို ပျက်ပြားစေသည့်အပြင် ငြိမ်းချမ်းရေးနှင့် လူ့အခွင့်အရေးတို့ကိုလည်း  ထိပါးစေပါသည်။ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး မရှိပါက နိုင်ငံတော်တွင် လွတ်လပ်ပြီး တရားမျှတ သော ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး အဟန့်အတား ဖြစ်စေမည် ဖြစ်ကြောင်း သတိပြုသင့်ပါသည်။

၄။      ဝမ်းနည်းကြေကွဲဖွယ်ကောင်းသော ပြည်သူများ၏ အသက်ဆုံးရှုံးမှုနှင့် လူမှုစီးပွားဘဝ ပျက်စီးဆုံးရှုံးမှုများ မဖြစ်ပေါ်စေရေးအတွက် သက်ဆိုင်သူများက လူသားများ၏ အသက်ရှင်သန် ခွင့်နှင့် အခြေခံလူ့အခွင့်အရေးများကို အလေးထားကာ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ တရား ဥပဒေစိုးမိုးရေးကို ရှေးရှုကြိုးပမ်းဆောင်ရွက်ကြပါရန် တိုက်တွန်းအပ်ပါသည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

ရက်စွဲ၊ ၂၀၂၄ ခုနှစ်၊ မေလ  ၁၀  ရက်