၂၀၂၄ ခုနှစ် ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း(ဘီ)ရုံ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး တက်ရောက်အမှာစကားပြောကြားသည်။
အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များဖြစ်ကြသည့် ဒေါက်တာ မှုထန်၊ ဒေါက်တာဘရွှေနှင့် ဦးရန်ကျော်၊ ပြည်ထောင်စုဝန်ကြီးများ ၊ မြန်မာနိုင်ငံစစ်မှုထမ်း ဟောင်းအဖွဲ့ဥက္ကဋ္ဌ ၊ ဒုတိယဝန်ကြီးများ၊ တွဲဖက်စစ်ရေးချုပ် ၊ ဌာနဆိုင်ရာအကြီးအကဲ များနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဋ္ဌ၊ အသင်းအဖွဲ့များမှ ဥက္ကဋ္ဌများ နှင့် တာဝန်ရှိသူများ၊ အချိန်ပြည့်၊ အချိန်ပိုင်းအလုပ်အမှုဆောင်များ၊ ကြက်ခြေနီဗဟိုကောင် စီဝင်များ၊ တိုင်းဒေသကြီး/ပြည်နယ် ကြက်ခြေနီ ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌများ၊ ကြက်ခြေနီ တပ်ဖွဲ့မှူးများ၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီအသင်းများဖက်ဒရေးရှင်းတို့မှ ကိုယ်စားလှယ်များ၊ မိတ်ဖက်အမျိုးသား ကြက်ခြေနီ အသင်းများမှ ကိုယ်စားလှယ်များ၊ လူမှုရေးအသင်းအဖွဲ့များမှ တာဝန်ရှိ သူများ၊ ကြက်ခြေနီ စေတနာလုပ်အားရှင်များ၊ အလှူရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးက ဂုဏ်ပြုအမှာ စကားပြောကြားရာတွင် ၁၈၅၉ ခုနှစ် ဆိုဖာရီနိုစစ်မြေပြင်က အစပြု၍ လူသားများ၏ လူမှု ကရုဏာ လိုအပ်ချက်များကို ဆောင်ရွက်ပေးနေခဲ့သည့် ကြက်ခြေနီတည်ရှိမှု သက်တမ်းသည် ရာစုနှစ်တစ်ခုကျော် တည်ရှိခဲ့ပြီး ဖြစ်ကြောင်း၊ ယခုဆိုလျှင် နိုင်ငံပေါင်း (၁၉၁)နိုင်ငံတွင် နိုင်ငံအစိုးရများက ဖွဲ့စည်းထားသည့် အမျိုးသား ကြက်ခြေနီ/ လခြမ်းနီ အသင်းပေါင်း (၁၉၁) သင်းမှ ကြက်ခြေနီစေတနာလုပ်အားရှင်များသည် အကူအညီလိုအပ် သူများကို လူမှုကရုဏာ အကူအညီများ ပေးနိုင်နေကြပြီ ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင်လည်း မြန်မာနိုင်ငံကြက်ခြေနီ အသင်းအနေဖြင့် နိုင်ငံအတွင်း လူသားချင်းစာနာထောက်ထားမှု အကူအညီများကို ကြက် ခြေနီအခြေခံမူများနှင့်အညီ ကူညီဆောင်ရွက်ပေးနေသည်ကို သိရှိရသည့်အတွက် ဂုဏ်ယူပါ ကြောင်း။
နိုင်ငံတော်က လက်မှတ်ရေးထိုးထားသည့် ဂျီနီဗာသဘော တူညီချက်များ (Geneva Conventions) နှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ/ လခြမ်းနီ လှုပ်ရှားမှုများ၏ ဥပဒေသများအရ မြန်မာနိုင်ငံကြက်ခြေနီအသင်းကို နိုင်ငံအတွင်း လူသားချင်း စာနာထောက် ထားမှုလုပ်ငန်းများ လွတ်လပ်စွာ ဆောင်ရွက်ခွင့်ပေးထားပြီး ဖြစ်သည့်အတွက် ကြက်ခြေနီ အခြေခံမူများ၊ နိုင်ငံတော်၏ မူဝါဒများနှင့်အညီ ဆက်လက်လုပ်ဆောင်ပေးကြရန် တိုက် တွန်းမှာ ကြားလိုကြောင်းနှင့်ကြက်ခြေနီလှုပ်ရှားမှုတွင် ပါဝင်ကူညီသူအားလုံး ကိုယ်ကျန်းမာ စိတ်ချမ်းသာစွာဖြင့် အများအကျိုးကို ဆထက်ထမ်းပိုး ဆောင်ရွက်နိုင်ကြပါ စေကြောင်း ပြောကြားသည်။
ထို့နောက် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်းက ၂၀၂၄ ခုနှစ် ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ် ဂုဏ်ပြုစကားပြောကြား ပြီး မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဋ္ဌ ပါမောက္ခဒေါက်တာမျိုးညွန့်က နှုတ်ခွန်းဆက်စကား ပြောကြားသည်။
ယင်းနောက် ၂၀၂၄ ခုနှစ် ကမ္ဘာ့ကြက် ခြေနီနေ့အထိမ်းအမှတ် မှတ်တမ်းဗီဒီယိုကို ပြသပြီး မွန်ပြည်နယ်ကြက်ခြေနီစေတနာလုပ်အားရှင်များ၏ ဘင်ခရာအဖွဲ့နှင့်အတူ ကြက်ခြေ နီတပ်ဖွဲ့ဝင်များက “အများအတွက်ကြက်ခြေနီ” သီချင်းနှင့် လူငယ်ကြက်ခြေနီ မောင်မယ် များက “လူငယ်ကြက်ခြေနီ” သီချင်းဖြင့် သီဆိုဖျော်ဖြေကြသည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး က မြန်မာနိုင်ငံကြက်ခြေနီသူနာပြုတပ်ဖွဲ့တွင် အသက် ၆၅ နှစ်ပြည့်သည်အထိ တာဝန်ထမ်း ဆောင်ခဲ့ကြသည့် ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များ ကိုယ်စားမကွေးတိုင်းဒေသကြီးမှ တိုင်းဒေသကြီးတပ်ဖွဲ့မှူး ဦးကျော်မြင့်ကိုလည်းကောင်း၊ ၂၀၂၄ ခုနှစ် ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲတွင် မြန်မာဘာသာဖြင့် ပထမဆုရရှိသည့် မောင်ဖြိုးဝေဝင်းကိုလည်းကောင်း၊ ဒုတိယဆုရရှိသည့် ရွှေရည်ထွန်းလတ် ကိုယ်စား တာဝန်ရှိသူတစ်ဦးကလည်းကောင်း၊ တတိယဆုရရှိသည့် မအေးမြမူကိုလည်း ကောင်း ဂုဏ်ပြုဆုတံဆိပ်၊ ဂုဏ်ပြုမှတ် တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီး မြှင့်သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာမှုထန်၊ ဒေါက်တာဘရွှေ နှင့် ဦးရန်ကျော်တို့က ၂၀၂၄ ခုနှစ် ကမ္ဘာ့ ကြက်ခြေနီနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲတွင် အင်္ဂလိပ်ဘာသာဖြင့် ပထမ၊ ဒုတိယ၊ တတိယဆုရရှိကြသူများနှင့် ကဗျာပြိုင်ပွဲတွင် မြန်မာ ဘာသာ၊ အင်္ဂလိပ်ဘာဖြင့် ပထမ၊ ဒုတိယ၊ တတိယဆုရရှိကြသူများကို ဂုဏ်ပြုဆုတံဆိပ်၊ ဂုဏ်ပြုမှတ်တမ်းလွှာ နှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးသည် အခမ်းအနားသို့ တက် ရောက်လာ သူများနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံရိုက်ပြီး ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်း အမှတ်ပြခန်းများ၊ ကြက်ခြေနီပစ္စည်းအရောင်းကောင်တာ၊ ဘေးအန္တရာယ်ဆိုင်ရာ တုံ့ပြန်ခြင်း ဆိုင်ရာ ပစ္စည်းများပြခန်းနှင့် ရှေးဦးပြုစုခြင်းဆိုင်ရာပစ္စည်းပြခန်းတို့ကို လိုက်လံ ကြည့်ရှုကြ သည်။
ကမ္ဘာ့ကြက်ခြေနီနေ့များကို ၁၉၄၈ ခုနှစ် မှစတင်ကာ နှစ်စဉ် မေ ၈ ရက်တွင် ကမ္ဘာတစ်ဝန်း၌ ကျင်းပခဲ့ခြင်းဖြစ်ပြီး ယခုနှစ် ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ် အခမ်း အနား ဆောင်ပုဒ်သည် “လူသားချင်းစာနာမှု အစဉ်ရှင်သန်ရေး ဝိုင်းဝန်းကြိုးပမ်း ဆောင် ရွက်ပေး”( Keeping Humanity Alive) ဖြစ်ကြောင်း သိရသည်။
--