ကော့ကရိတ်မြို့ ပြန်လည်ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ နေပြည်တော်၊ မေ ၂

Thursday, May 2, 2024 - 20:45

 

          ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင် တိုက်ပွဲဖြစ်စဉ်များကြောင့် ရပ်ကွက်များ အတွင်းရှိ လူနေအိမ်များ မြို့မဈေးကြီး၊ ပြည်သူ့ဆေးရုံကြီးနှင့် ဆေးပေးခန်းများ ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ပြီး အဆိုပါ ဖြစ်စဉ်များကြောင့် မြို့နေပြည်သူလူထု များသည် ဘေးလွတ်ရာ နေရာဒေသများသို့  ယာယီပြောင်းရွှေ့နေထိုင်ခဲ့ကြရာ ယခုအခါ နယ်မြေတည်ငြိမ်အေးချမ်းလာပြီဖြစ်သည့်အတွက် ဧပြီလ ၂၇ ရက်နေ့ နံနက်ပိုင်းမှစတင်ကာ ကော့ကရိတ်မြို့အတွင်း ပြန်လည်ဝင်ရောက် နေထိုင်လျက်ရှိပြီး ၎င်းပြည်သူလူထုများ နေထိုင်စားသောက်ရေး အဆင်ပြေစေရေးအတွက် ကရင် ပြည်နယ်အစိုးရအဖွဲ့မှ ပြန်လည်ဖွံ့ဖြိုးရေးလုပ်ငန်းများအား စီမံကြီးကြပ်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

          အဆိုပါ ပြန်လည်ဖွံ့ဖြိုးရေးလုပ်ငန်းများအား ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းတွင်လည်း ရပ်ကွက်အတွင်းရှိ နေအိမ်များအား တပ်မတော်သားများ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် မီးသတ်တပ်ဖွဲ့ဝင်များက သန့်ရှင်းရေးရှင်းလင်းဖယ်ရှားခြင်း ဆောင်ရွက်နေမှုများအား သက်ဆိုင်ရာတာဝန်ရှိသူများက လိုက်လံကြည့်ရှု အားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။

          ကော့ကရိတ်မြို့တွင် ရပ်ကွက်(၇) ရပ်ကွက်နှင့် ကော့ဘိန်း၊ ကော့ပေါက်ကျေးရွာ တို့တွင် အိမ်ခြေပေါင်း (၁၀၄၃၂) အိမ်၊အိမ်ထောင်စုပေါင်း (၁၁၀၁၉)စုနှင့် လူဦး ရေပေါင်း (၆၉၂၃၈) ရှိပြီး အဆိုပါဖြစ်စဉ်များကြောင့် အိမ်ထောင်စုအားလုံး ယာယီရွှေ့ပြောင်း နေထိုင်ကြရာမှ   ကော့ရိတ်မြို့အတွင်းသို့ ဧပြီလ ၂၇ ရက်နေ့မှ စတင်ပြီး ယာယီရွှေ့ ပြောင်းနေထိုင်သူများ ပြန်လည်ဝင်ရောက်လျက်ရှိရာ ယနေ့ တွင်လည်း ယာယီရွှေ့ ပြောင်းနေထိုင်သူ(၃၈၇) ဦး ပြန်လည်ဝင်ရောက်လာခဲ့ကြောင်း သိရသည်။

          အဆိုပါ ပြန်လည်ဝင်ရောက်လာသူများအား နေထိုင်စားသောက်မှု အဆင် ပြေစေရေးအတွက် ကရင်ပြည်နယ် အစိုးရအဖွဲ့၏ စီမံကြီးကြပ်ဆောင်ရွက်မှုဖြင့် အိမ်ထောင်စုတစ်စုလျှင် ဆန် (၈) ပြည်၊ ဆီငါးဆယ်ကျပ်သား ၊ ခေါက်ဆွဲထုပ် (၁၀) ထုပ် ထောက်ပံ့ပေးခဲ့ပြီး ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ အိမ်ထောင်စုတစ်စုလျှင်  ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုးပါ ပစ္စည်းပုံးများအား ထောက်ပံ့ပေးလျက်ရှိကြောင်းသိရသည်။