ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၌ လှည့်ကင်းဆောင်ရွက်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များ အား လက်နက်ကိုင်အကြမ်းဖက် အဖွဲ့များက ချောင်းမြောင်းပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ထိတွေ့မှုဖြစ်ပွားပြီး လုံခြုံရေးတပ်ဖွဲ့ဝင် ၃ ဦး ဒဏ်ရာရ
နေပြည်တော်၊ မေ ၂၁
ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၌ လှည့်ကင်းဆောင်ရွက်လျက်ရှိသော လုံခြုံရေး တပ်ဖွဲ့ဝင်များအား လက်နက်ကိုင်အကြမ်းဖက် အဖွဲ့များက ချောင်းမြောင်းပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ထိတွေ့မှုဖြစ်ပွားပြီး လုံခြုံရေးတပ်ဖွဲ့ဝင် ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မေလ ၂၁ ရက်နေ့ နံနက် ၉ နာရီ ၄၀ မိနစ်အချိန်တွင် ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အတွင်း၌ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည့် ရပ်ရွာအေးချမ်း သာယာရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် လှည့်ကင်းဆောင်ရွက်နေစဉ် ဒီ/ကျေး အုပ်စု၊ မားနာပလော့ရပ်ကွက်သို့အဝင် တံတားအရောက်၌ လမ်း၏ ဝဲ/ယာတို့မှ လက်နက်ကိုင် အကြမ်းဖက်အဖွဲ့ က လက်နက်ငယ်များ၊ တူမီးသေနတ်များ၊ လက်လုပ်ဗုံး၊ လက်ပစ်ဗုံးများဖြင့် ဝိုင်းဝန်းပိတ်ဆို့ အကြမ်းဖက်တိုက်ခိုက်ခဲ့သဖြင့် ထိတွေ့မှုဖြစ်ပွားခဲ့ပြီး လုံခြုံရေး တပ်ဖွဲ့ဝင်များက ပြန်လည်ခုခံပစ်ခတ်ခဲ့ရာ ၁၀ မိနစ်ခန့်အကြာတွင် လက်နက်ကိုင် အကြမ်းဖက်အဖွဲ့ များမှာ ပြန်လည်ဆုတ်ခွာထွက်ပြေးသွားခဲ့သည်။
အထက်ပါထိတွေ့မှုဖြစ်စဉ်အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင် ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ လုံခြုံရေးတပ်ဖွဲ့သုံးမော်တော်ယာဉ် ၃ စီးတို့တွင် လက်နက်ငယ်ကျည်ထိမှန်ပျက်စီးခဲ့ကြောင်း သိရ သည်။
ဖြစ်စဉ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များအား အကြောင်းမဲ့ဝိုင်းဝန်းပိတ်ဆို့ အကြမ်းဖက် တိုက်ခိုက်ခဲ့သည့် လက်နက်ကိုင်အကြမ်းဖက်အဖွဲ့များအား ဥပဒေနှင့်အညီ ဖော်ထုတ်အရေးယူနိုင်ရေး နယ်မြေအတွင်း ပိတ်ဆို့ရှာဖွေ စစ်ဆေးခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။