အေးချမ်းသာယာလှပသော ကမ္ဘောဇမြေတောင်ပေါ်ဒေသတွင် ဧပြီ(၂၈)ရက် နံနက်(၉)နာရီက တောင်ကြီးမြို့၊ တောင်ကြီးတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမတွင် ၂၀၂၄ ခုနှစ် တောင်ကြီးလူရည်ချွန်စခန်းဖွင့်ပွဲကျင်းပသည်။ ဦးစွာ၂၀၂၄ခုနှစ်တောင်ကြီး လူရည်ချွန် စခန်းဆိုင်းဘုတ်ကိုရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်က စက်ခလုပ်နှိပ်၍ ဖွင့်လှစ် ပေးပြီး တောင်ကြီးလူရည်ချွန်စခန်းအား ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးစိန်ဝင်း၊ ပြည်နယ်လူမှုရေးရာ ဝန်ကြီးဦးမင်းမင်းလွင်၊ အဆင့်မြင့်ပညာဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝင်းထွန်း၊ ပြည်နယ်ပညာရေးမှူးဒုတိယညွှန်ကြားရေးမှူးချုပ်ဦးမြင့်လွင်တို့ကဖဲကြိုးဖြတ်ဖွင့်လှစ်ကြသည်။
ဆက်လက်၍အခမ်းအနား ဒုတိယပိုင်းတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ရှမ်းပြည်နယ်အစိုးရအဖွဲ့အနေဖြင့် လူရည်ချွန်မောင်မယ်များ တောင်ကြီး လူရည်ချွန်စခန်းအားလာရောက်ကာ ဗဟုသုတရှာမှီးကြရင်း ဒေသခံ တိုင်းရင်းသား မိဘပြည်သူညီအစ်ကိုမောင်နှမများ၏ စီးပွားရေး၊ လူမှုရေး၊ ရိုးရာဓလေ့ ထုံးစံများနှင့်တကွ ကမ္ဘောဇဒေသရဲ့သဘာဝအလှတရားများကို လာရောက်လေ့လာ ကြည့်ရှုခံစားကြသည်အတွက် ဝမ်းသာပီတိဖြစ်ရပါကြောင်း၊ လေ့လာရေးခရီးစဉ်တွင် ဒေသခံပြည်သူများ၏ဘဝ၊ ရိုးရာယဉ်ကျေးမှုဓလေ့ထုံးစံများနှင့် လက်မှုအနုပညာများ အစရှိသဖြင့် မှတ်သားဖွယ်ရာများကို ထဲထဲဝင်ဝင် သိရှိအောင် လေ့လာကြရန်နှင့် မိမိမှတစ်ဆင့်အခြားသူများကို ပြန်လည်မျှဝေပေးနိုင်ရန်ကြိုးစားလေ့လာရန် မှာကြားလို ကြောင်း၊ ရိုးရာယဉ်ကျေးမှုဓလေ့ထုံးစံများကို ဆက်လက်ထိန်းသိမ်း စောင့်ရှောက်ကြရန်၊ မတူညီသော ယဉ်ကျေးမှုဓလေ့ထုံးစံများကို အချင်းချင်းဖလှယ်ရယူပြီး တစ်ဦးပေါ် တစ်ဦး နားလည်နိုင်ကာ ပြည်ထောင်စုစိတ်ဓာတ်ရင့်သန်လာစေရန်၊ တိုင်းရင်းသားညီအစ်ကို မောင်နှမ အချင်းချင်းချစ်ခင်ရင်းနှီးမှုများပိုမိုရရှိကြစေရန် အထူးမျှော်လင့်မိပါကြောင်း၊ မိမိရည်မှန်းချက်အောင်မြင်ရန်အတွက် မလျော့သော ဇွဲလုံလ၊ ဝီရိယ ထား၍ကြိုးစား အားထုတ် ပါက မိမိရည်မှန်းချက်များအောင်မြင်မှာဖြစ်ကြောင်း၊ နိုင်ငံအကျိုး၊ လူမျိုး အကျိုး၊ ဘာသာသာသနာပညာအကျိုး တို့ကိုကိုယ်စွမ်းရှိသမျှ၊ ဉာဏ်စွမ်းရှိသမျှ၊ ဝီရိယ စွမ်းအားရှိသမျှသယ်ပိုးထမ်းဆောင်ကြရန်ပြောကြားသည်။
ထို့နောက်လူရည်ချွန်မောင်မယ်များနှင့်လူရည်ချွန်ကြီးကြပ်များအား ဂုဏ်ပြု ချီးမြှင့်ငွေနှင့် လူရည်ချွန်မောင်မယ်များ ကိုယ်စားကျောင်းသားတစ်ဦးအား ရင်ထိုးတံဆိပ် ကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က တပ်ဆင်ပေးအပ်ရာ လူရည်ချွန် မောင်မယ်များမှ လက်ခံရယူကြပြီး ရှမ်းပြည်နယ်ဝန်ကြီးချုပ်၏ဇနီး၊ ရှမ်းပြည်နယ် အမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်ညိုမီစောက လူရည်ချွန်မောင်မယ်များ ကိုယ်စား ကျောင်းသူတစ်ဦးအား ရင်ထိုးတံဆိပ် တပ်ဆင်ပေး၍ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်က ရင်ထိုးတံဆိပ်များပေးအပ်ရာ လူရည်ချွန်မောင်မယ်များအားလုံး၏ ကိုယ်စားလူရည်ချွန်မောင်မယ်(၂)ဦးမှလက်ခံရယူသည်။
၎င်းနောက်၂၀၂၄ခုနှစ်၊ တောင်ကြီးလူရည်ချွန်စခန်းဖွင့်ပွဲ အထိမ်းအမှတ် လက်ဆောင်များကို ပြည်နယ်ပညာရေးမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်လွင်နှင့် တာဝန်ရှိသူများက ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ၊ ဧည့်သည်တော်များ အား နေရာအရောက်ပေးအပ်ပြီး လူရည်ချွန်(၁၉၆၄-၁၉၈၈)အဖွဲ့က ပြည်နယ်ဝန်ကြီးချုပ် နှင့် ဧည့်သည်တော်များအား အမှတ်တရလက်ဆောင်ပစ္စည်းများကို နေရာအရောက် ပေး အပ်၍လူရည်ချွန်မောက်မယ်များနှင့် အမှတ်တရဓါတ်ပုံရိုက်ကူးကြကြောင်း သိရှိရသည်။