ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်ရှိ မြန်မာ့သစ်လုပ်ငန်းဆင်ဝိုင်းမှ ဆင်မဇာနန်းလှက ၂၀၂၂ ခုနှစ် ဇူလိုင် ၂၃ ရက် နံနက် ၆ နာရီခွဲတွင် မွေးဖွားခဲ့သည့် ဆင်ဖြူတော်(အထီး)ကလေး “ရနန္ဒက” သည် နေပြည်တော်ရှိ ရတနာဆင်ဖြူတော်ထိန်းသိမ်းစောင့်ရှောက်ရေးဥယျာဉ် ရတနာဆင်ဖြူတော်ဆောင်တွင် မိခင်ဆင်မကြီးနှင့်အတူ ကျန်းမာပျော်ရွှင်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ဆင်ဖြူတော်လေးသည် မွေးဖွားစတွင် အရပ်အမြင့် ၂ပေ၅လက်မ၊ ကိုယ်လုံး လုံးပတ် ၃ပေ၁လက်မ၊ ကိုယ်အလေးချိန်ပေါင် ၁၈၀ခန့် ရှိပြီး ရတနာဆင်ဖြူတော်များ၏ ကြန်အင်လက္ခဏာ ၈ ချက်အနက် မျက်လုံးပုလဲရောင်ဖြစ်ခြင်း၊ ကျောကုန်းမှာ ငှက်ပျောကိုင်း သဏ္ဍာန်ဖြစ်ခြင်း၊ အမွှေးအဖြူရောင်ဖြစ်ခြင်း၊ အမြီးတံခါးပိတ်ဖြစ်ခြင်း၊ အရေပြားမှာသြဇာကွက် ဖြစ်ခြင်း၊ အသားအရေ ပန်းရောင်ဖြစ်ခြင်း၊ ခြေဖဝါးတွင်ရှေ့ခြေသည်း ၅ခုစီနှင့် နောက်ခြေသည်း ၄ ခုစီ ပါရှိခြင်း၊ နားကြီးခြင်း စသည့် ရတနာဆင်ဖြူတော်များ၏ ကြန်အင် လက္ခဏာ ၇ ချက် ကိုက်ညီသော ဆင်ဖြူတော်လေး ဖြစ်သည်။
ယခုအခါ ဆင်ဖြူတော်လေးသည် အသက် ၁ နှစ် ၉ လသားအရွယ်တွင် အရပ်အမြင့် ၄ ပေ ၁ လက်မ ကိုယ်လုံး လုံးပတ် ၆ ပေ ၈ လက်မ၊ ကိုယ်အလေးချိန် ၁၂၉၃ ပေါင် ရှိလာကြောင်း၊ ဆင်ဖြူတော်လေး “ရနန္ဒက”မှာ ငယ်စဥ်ကပင် လူနှင့်ယဥ်ပါးသည့် ဆင်ဖြူတော်လေးဖြစ်ပြီး ပိုမိုယဥ်ပါးလာစေရန် ဆင်နှင့်လူသားတို့အကြား ကောင်းမွန်စွာဆက်ဆံတတ်စေရန် လေ့ကျင့် သင်ကြားခြင်းစနစ် “Peace Human and Elephant Interaction Training” ဖြင့် လေ့ကျင့်် သင်ကြားပေးလျက်ရှိကြောင်း သိရသည်။