မနေ့က ဧပြီလ ၁၄ ရက်နေ့ ည ၉ နာရီခွဲနဲ့ ၁၀ နာရီခွဲကြားမှာတော့ ပြင်ဦးလွင်မြို့ကို အကြမ်းဖက်သမားများက ရှော့တိုက်ဒုံးနဲ့ပစ်ခတ်ခဲ့ပါတယ်။ အဲဒီနေရာမှာ ပြင်ဦးလွင် စံပယ်ရပ်ကွက်၊ ဗလမင်းထင်ရပ်ကွက်၊ ပြီးရင် အောင်မြေဇေယျာဘုန်းကြီးကျောင်း၊ ပြည်သူ့ဆေးရုံကြီး အရိုးကုသဆောင်၊ Luxury Hotel နားနဲ့ ရပ်ကွက်ကြီး(၅)ဘက်မှာရှိတဲ့ အရပ်သားနေအိမ်တွေအပေါ်မှာ နေရာ ၈ နေရာမှာ ကျရောက်ပေါက်ကွဲခဲ့ပါတယ်။ အဲဒီဖြစ်စဉ်ကြောင့် အောင်မြေဇေယျာဘုန်းကြီးကျောင်းမှာရှိနေတဲ့ သံဃာတော် ၂ ပါး ပျံလွန်တော်မူခဲ့ပါတယ်။ ပြည်သူ ၂ ဦးသေဆုံးခဲ့ပါတယ်။ ဒဏ်ရာရ ၁၂ ဦး ရရှိခဲ့ပါတယ်။ အဆိုးဆုံးကတော့ ပြင်ဦးလွင်မြို့၊ ပြည်သူ့ဆေးရုံကြီး အရိုးကုသဆောင်မှာ ကျရောက် ပေါက်ကွဲခဲ့တဲ့အတွက် ကလေးငယ်များအပါအဝင် ၁၁ ဦး ပြင်းထန်စွာ ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။ ဒါနဲ့ပတ်သက်ပြီး NUG ၊ PDF အမည်ခံအကြမ်းဖက်သမားတွေက လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ လွန်ခဲ့တဲ့မကြာခင်ကလည်း ဒီအကြမ်းဖက်သမားများ အနေနဲ့ ပြင်ဦးလွင်နဲ့ မန္တလေးဆက်သွယ်ထားတဲ့ကားလမ်း ပြင်ဦးလွင်မြို့အဝင်နေရာမှာ ရှော့တိုက်ဒုံးများနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် ရှော့တိုက်ဒုံး ၃ လုံးကျရောက်ပေါက်ကွဲခဲ့တာ ရှိပါတယ်။ ဒီနေရာမှာ စစ်ဘက်ဆိုင်ရာအဆောက်အဦတွေကို ပစ်မှတ်ထားတိုက်ခိုက်တယ်လို့ ပြောပေမဲ့ ဒီဖြစ်စဉ်မှာကြည့်မယ်ဆိုရင် ပြင်ဦးလွင်မြို့ အချက်အချာကျတဲ့နေရာတွေ အားလုံးကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ ပြည်သူ့ဆေးရုံကြီးတို့ Luxury Hotel နားတို့ ရပ်ကွက်ကြီး(၅)က လူနေအိမ်တို့ဆိုတာ သိသာတဲ့နေရာတွေဖြစ်ပါတယ်။ အကြမ်းဖက်သမားများအနေနဲ့ သူတို့ရဲ့လုပ်ရပ်တွေကို ဖုံးကွယ်နိုင်ဖို့အတွက် ဖြစ်စဉ်တစ်ခု ဖြစ်လာတိုင်းမှာ စစ်ဘက်ဆိုင်ရာနေရာတွေကို တိုက်ခိုက်တယ်ဆိုတဲ့အကြောင်းပြချက် မျိုးပေးပေမဲ့ တစ်ကယ့်တကယ်လက်တွေ့မှာတော့ ပြည်သူ့ဘဝလုံခြုံတည်ငြိမ်မှု မရှိစေ ရေးအတွက် ပြည်သူလူထုရဲ့ အဓိကနေရာတွေကိုပဲထားပြီး တိုက်ခိုက်တာကို တွေ့ရမှာ ဖြစ်ပါတယ်။ သူတို့ရဲ့အသုံးပြုသွားတဲ့ လက်နက်/ခဲယမ်းတွေကို ကြည့်မယ်ဆိုရင် ဒါတွေ သည် EAO အဖွဲ့တွေက အသုံးပြုနေတဲ့ လက်နက်/ခဲယမ်းများဖြစ်ပါတယ်။ အနီးစပ်ဆုံး ပြောရမယ်ဆိုရင်တော့ အဲဒီ ပြင်ဦးလွင်တစ်ဝိုက်မှာ ယခင်တုန်းက ပြင်ဦးလွင်တစ်ဝိုက်ကို ဝင်ရောက်လာတဲ့ EAO အဖွဲ့အစည်း ပြီးရင်မြောက်ပိုင်းမှာရှိနေတဲ့ EAO အဖွဲ့အစည်းတွေ ဆီကနေရတဲ့ လက်နက်တွေဖြစ်ကြောင်း သုံးသပ်ရပါတယ်။ ဒီရှော့တိုက်ဒုံးတွေဟာ အဆင့်မြှင့်တင်ထားပြီး အဝေးကိုပစ်ခတ်နိုင်အောင် ပြုလုပ်ထားတာမျိုးတွေ့ရပါတယ်။ ဒါနဲ့ပတ်သက်ပြီး ကျွန်တော်ပြောချင်တာကတော့ နိုင်ငံတော်အစိုးရအနေနဲ့ အကြမ်းဖက်မှု နှိမ်နင်းရေးများကို ပြတ်သားစွာဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ လူထိခိုက် ဒဏ်ရာရရှိမှု သေဆုံးမှုများနဲ့ ပတ်သက်ပြီး နိုင်ငံတော်အစိုးရအနေနဲ့ မိသားစုများနဲ့အတူ ထပ်တူဝမ်းနည်းကြေကွဲရပါတယ်။ လိုအပ်တဲ့လုံခြုံရေးဆိုင်ရာဆောင်ရွက်မှုတွေ ရှာဖွေ ထိန်းသိမ်းမှုများလည်း ဆက်လက်ဆောင်ရွက်လျက်ရှိပါတယ်။ ပြည်သူများအနေနဲ့ မနေ့ကကျွန်တော်ပြောခဲ့တဲ့အတိုင်း ပြည်သူ့ဘဝလုံခြုံအေးချမ်းဖို့ အကြမ်းဖက်မှုကို ဝိုင်းဝန်းချေမှုန်းကြဖို့ လိုနေပြီ။ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြဖို့လိုနေပြီဆိုတာ သတိပေး နှိုးဆော်အပ်ပါတယ်။ အားလုံးကိုကျေးဇူးတင်ပါတယ်။