မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ မြို့တော်ဝန်သင်္ကြန်မဏ္ဍပ်အနောက်ဘက် ဆိုင်ကယ်ရပ်နားဆောင်၌ PDF အမည်ခံအကြမ်းဖက်သမားများ ထောင်ထားသည့် လက်လုပ်မိုင်း ၂ လုံးပေါက်ကွဲမှုကြောင့် ကလေးငယ် ၅ ဦး အပါအဝင်ဒေသခံပြည်သူ ၁၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့မှု၊ ပြည်သူ့ဘဝသာယာ

Sunday, April 14, 2024 - 18:15

ဒီနေ့မှာတော့ မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ် မြို့တော်ဝန်သင်္ကြန် မဏ္ဍပ်မှာ လက်လုပ်မိုင်း ၂ လုံးပေါက်ကွဲမူဖြစ်ခဲ့ပါတယ်။ ကလေးငယ် ၅ဦးအပါအဝင်‌ဒေသခံပြည်သူ ၁၂ ဦး ထိခိုက်ဒဏ်ရာရှိခဲ့ပါတယ်။ ဖြစ်စဉ်ကတော့ ဒီနေ့မနက်  ၁၀နာရီခွဲ လောက်မှာ မန္တလေးမြို့တော်ဝန် သင်္ကြန်မဏ္ဍပ်နောက်ဘက်မှာရှိတဲ့ ဆိုင်ကယ်ရပ်တဲ့ နေရာမှာဆိုင်ကယ်တစ်စီးရဲ့ အိပ်ဇောကနေပြီး လက်လုပ်မိုင်း ၂ လုံးပေါက်ကွဲတာဖြစ်ပါတယ်။

ဒါကြောင့်မို့ ကလေးငယ် ၅ ဦးအပါအဝင် ဒေသခံပြည်သူ ၁၂ ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။ ဒါနဲ့ပတ်သက်ပြီး အတာသင်္ကြန်ပွဲဆိုတာသည် မြန်မာတို့ရဲ့ အထူးအလေးအမြတ်ထားရတဲ့ နှစ်ကူးပွဲတော်ဖြစ်ပါတယ်။ ကမ္ဘာ့နိုင်ငံတိုင်း၊ နိုင်ငံတိုင်းရဲ့လူမျိုးအသီးသီးမှာ မိမိတို့သက်ဆိုင်ရာအလိုက် နှစ်သစ်ကူးပွဲတွေကျင်းပကြပါတယ်။ ဒီလိုနှစ်သစ်ကူးပွဲတွေကျင်းပတဲ့အခါမှာပြည်သူတစ်ရပ်လုံးငြိမ်းငြိမ်းချမ်းချမ်းပျော်ပျော်ရွှင်ရွှင်နဲ့ကိုယ့်ရိုးရာအလိုက်ပြုလုပ်ကြတာပဲဖြစ်ပါတယ်။ ကျွန်တော်တို့ အရှေ့တောင်အာရှနိုင်ငံမှာဆိုလည်း မြန်မာနဲ့အတူသင်္ကြန်ပွဲတော်ကို ထိုင်းနိုင်ငံတို့၊ လာအိုနိုင်ငံတို့မှာကျင်းပပြုလုပ် နေတာလည်း အားလုံးတွေ့ရမှာဖြစ်ပါတယ်။ ဒီနှစ်သစ်ကူးပွဲဆိုတာသည် ကျွန်တော်တို့ ကမ္ဘာ့နိုင်ငံတိုင်းမှာရှိတဲ့ လူအားလုံးနဲ့သက်ဆိုင်တဲ့ သက်ဆိုင်ရာနှစ်သစ်ကူးပွဲတွေပဲ ဖြစ်ပါတယ်။ ဒါသည်အစိုးရ တစ်ရပ် တည်းနဲ့သက်ဆိုင်တဲ့ပွဲမဟုတ်ပါဘူး။ မြန်မာပြည်သူပြည်သားအားလုံးနဲ့သက်ဆိုင်တဲ့ ပွဲဖြစ်ပါတယ်။ ရှင်းရှင်းပြောရရင် ဒါသည်တစ်နိုင်ငံလုံးနဲ့သက်ဆိုင်တဲ့ တောထဲမှာရောက်နေတဲ့ NUG၊ PDF ဆိုတဲ့ သူတွေနဲ့ပါ သက်ဆိုင်တဲ့ပွဲဖြစ်ပါတယ်။ ဒီလိုပွဲမျိုးမှာ အကြမ်းဖက်လုပ်ရပ်များကို NUG၊ PDF အမည်ခံအကြမ်းဖက်သမားတွေသည် လုပ်ဆောင်ခဲ့တာကို ကျွန်တော်တို့ တွေ့ရမှာဖြစ်ပါတယ်။

ဒီလိုလူမျိုးတွေနဲ့ ကျွန်တော်တို့ ဘယ်လိုငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်မလဲ။ ဒီလို စိတ်ကူးထဲမှာ အမြဲတမ်း အကြမ်းဖက်လုပ်ရပ်တွေကိုပဲလုပ်ဆောင်မယ်ဆိုတဲ့ လူမျိုးတွေကို ဘယ်လိုမျိုး ကျွန်တော်တို့က ဘယ်လိုလက်ခံရမလဲ။ ဒါတွေကိုပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းဆန့်ကျင်ဖို့ လိုပါတယ်။ အခုဆိုရင်လည်း ကျွန်တော်တို့အဖွဲ့အစည်းအသီးသီးက ပြင်းထန်စွာ ရှုတ်ချမှုတွေ / ကန့်ကွက်မှုတွေ လုပ်ဆောင်နေပြီဖြစ်ပါတယ်။ သို့သော် ဒီလောက်နဲ့ မလုံလောက်သေးပါဘူး။ အနည်းဆုံးအဆင့်တော့ ကျွန်တော်တို့ ပြည်သူလူထုအနေနဲ့ ကျွန်တော်တို့နိုင်ငံမှာ အကြမ်းဖက် လုပ်ရပ်တွေ ပျောက်ကွယ် သွားဖို့ဆိုရင် ၊ ပြည်သူ့ဘဝလုံခြုံအေးချမ်းစွာ နေထိုင်နိုင်ဖို့ဆိုရင် သက်ဆိုင်ရာလုံခြုံရေး အဖွဲ့အစည်းတွေနဲ့ပူးပေါင်းတာတွေ သတင်းပေးတာတွေ အကြမ်းဖက်သမား တွေ ရပ်တည်လို့မရအောင် ဆောင်ရွက်ရမှာဖြစ်ပါတယ်။ တစ်ချို့သောပြည်သူတွေ အထဲမှာ၊ အနည်းစုအထဲမှာ အထင်အမြင်လွဲမှားပြီး ဒီ NUG ၊ PDF ကို ထောက်ခံနေတဲ့ လူတွေရှိပါတယ်။ ပြောရရင် NUG ၊ PDF ကို ကိုးကွယ်နေတဲ့သူ ရှိပါတယ်။ အခုဆိုရင် NUG ၊ PDF ဆိုတာသည် ဘယ်လိုလူစားမျိုးလည်း၊ ဘယ်လိုအဖွဲ့အစည်းမျိုးလည်းဆိုတာကို ရှင်းရှင်းလင်းလင်း တွေ့မြင် နိုင်ပြီဖြစ်ပါတယ်။ မြန်မာတစ်နိုင်ငံလုံး ပျော်ရွှင် ရမယ့်၊ မြန်မာတစ်နိုင်ငံလုံးအလေးအနက်ထားတဲ့ အတာသင်္ကြန်ပွဲမှာ ရုပ်ဆိုး အကျည်းတန်စွာ ဗုံးထောင်ဖောက်ခွဲခဲ့တာဖြစ်ပါတယ်။ အပြစ်မဲ့ ပြည်သူတွေ၊ ကလေးငယ်တွေ ဒဏ်ရာရရှိခဲ့ပါတယ်။ ဒါနဲ့ပတ်သက်ပြီး နိုင်ငံတော်အစိုးရအနေနဲ့ အမြန်ဆုံးဖော်ထုတ်ပြီး ပြင်းထန်စွာ အရေးယူအပြစ်ပေးမှုတွေ ဆောင်ရွက်မှာ ဖြစ်ပါတယ်။ အကြမ်းဖက်မှုများကိုလည်း ဒီထက်ပိုမို စောင့်ကြည့်တာတွေ၊ ပိုမိုပြီး နှိမ်နင်းတာတွေကို ကျွန်တော်တို့ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ထိခိုက်ဒဏ်ရာ ရရှိတဲ့ ဒေသခံပြည်သူတွေနဲ့ ကလေးငယ်များအတွက်လည်း နိုင်ငံတော်အစိုးရအနေနဲ့ အထူးဝမ်းနည်းကြေကွဲရပါတယ်။ သူတို့နဲ့ပတ်သက်ပြီး သက်ဆိုင်ရာဆေးရုံများမှာ ကာကွယ်စောင့်ရှောက်မှုများကို ဆောင်ရွက်လျက် ရှိပါတယ်။ ဆက်လက်ဆောင်ရွက် ပေးသွားမှာ ဖြစ်ပါတယ်။ ပြည်သူ့ဘဝ သာယာဖို့၊ အကြမ်းဖက်မှုကို ဝိုင်းဝန်းဆန့်ကျင် တိုက်ဖျက်ဖို့လို့ ကျွန်တော်ပြောကြားလိုပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။