မြန်မာ့တပ်မတော်ကိုယ်စားလှယ်အဖွဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဗဟိုစစ်သမိုင်း ပြတိုက်နှင့် ကာကွယ်ရေးဝန်ကြီးဌာန စစ်တက္ကသိုလ်သို့ သွားရောက်လေ့လာ

Saturday, April 13, 2024 - 17:00

         ဒုတိယအကြိမ် ရုရှား- မြန်မာ ပူးတွဲအကြမ်းဖက်မှုတိုက်ဖျက်ရေးကော်မတီ အစည်းအဝေးသို့တက်ရောက်ရန်အတွက် ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ရောက်ရှိနေသော ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာလင်း ဦးဆောင်သော မြန်မာ့တပ်မတော်ကိုယ်စားလှယ်အဖွဲ့သည် ယမန်နေ့ နေ့လယ်ပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဗဟိုစစ်သမိုင်းပြတိုက် (Central Museum of the Armed Forces of the Russian Federation) သို့ သွားရောက် လေ့လာခဲ့ရာ တာဝန်ရှိသူများကကြိုဆို၍ Senior Researcher Kostantin Morozov က ပြတိုက်အတွင်း လိုက်လံရှင်းလင်းပြသသည်။ ဗဟိုစစ်သမိုင်းပြတိုက်ရှိ ဒုတိယကမ္ဘာစစ်အတွင်း စစ်ပွဲဆိုင်ရာမှတ်တမ်းများနှင့် အောင်ပွဲရအထိမ်းအမှတ်များ ပြသထားသည့် Victory Hall ၊ ၁၉၄၆ ခုနှစ်မှ လက်ရှိကာလအထိ ရုရှားတပ်မတော် ၏ လှုပ်ရှားဆောင်ရွက်မှု သမိုင်းမှတ်တမ်းများအား ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

          ထို့နောက် မြန်မာ့တပ်မတော်ကိုယ်စားလှယ်အဖွဲ့သည် ရုရှားနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန စစ်တက္ကသိုလ်သို့ ဆက်လက်သွားရောက်ခဲ့ရာ စစ်တက္ကသိုလ် ဒုတိယ ကျောင်းအုပ်ကြီး Major General Viktor Vasilyevich Shulyak နှင့် တာဝန်ရှိသူများက ကြိုဆိုခဲ့ကြသည်။ ထို့နောက် ဗိုလ်လောင်းများအား လေ့ကျင့်သင်ကြားပေးသည့်ဌာနများဖြစ်သော မော်တော်ယာဉ်ဌာန၊ နည်းဗျူဟာဌာန၊ UAV နည်းပညာဆိုင်ရာသင်ကြား ပို့ချမှု၊ ဆင်မြူလေတာဖြင့် လက်တွေ့ပစ်ခတ် တိုက်ခိုက်လေ့ကျင့်မှု၊ ရှေးဦးသူနာပြုစုခြင်းဆိုင်ရာ သင်ကြားပို့ချမှုများ၊ ဗိုလ်လောင်း အိပ်ဆောင်နှင့် စာသင်ခန်းများအား လေ့လာကြည့်ရှုခဲ့ပြီး ရုရှားနိုင်ငံကာကွယ်ရေး ဝန်ကြီးဌာန စစ်တက္ကသိုလ်မှ တာဝန်ရှိသူများနှင့်အတူ တရင်းတနှီးစုပေါင်းဓာတ်ပုံ ရိုက်ကူးခဲ့ကြောင်း သိရသည်။  

          မြန်မာ့တပ်မတော်ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် မြန်မာ ထေရဝါဒဗုဒ္ဓဝိဟာရ(မော်စကို)သို့ သွားရောက်၍ သဒ္ဓမ္မဇောတိကာသိမ်တော်၌ ဓမ္မကထိက ဗဟုဇနဟိတဓရ မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တ ဒေါက်တာအစ္ဆရိယ၊ လက်ထောက်ကျောင်းထိုင် မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တနန္ဒမာလာလင်္ကာရ နှင့် သံဃာတော်အရှင်သူမြတ်များထံမှ ငါးပါးသီလခံယူ ဆောက်တည်ခြင်း၊ တရားတော်နာယူကြည်ညိုခြင်း၊ သံဃာတော်အရှင်သူမြတ် တို့အား လှူဖွယ် ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်း၊ သံဃာတော်အရှင်သူမြတ်များမှ အနုမောဒနာ တရား မိန့်ကြားခြင်းနှင့် ရေစက်သွန်းချအမျှပေးဝေခြင်းများ ပြုလုပ်ခဲ့ပြီး သံဃာတော် အရှင်သူမြတ်တို့အား နေ့ဆွမ်းဆပ်ကပ်လှူဒါန်းခဲ့သည်။

          ၎င်းနောက် ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့တွင် ပညာသင်ကြားလျက် ရှိသော မြန်မာ့တပ်မတော်မှ သင်တန်းသားအရာရှိခေါင်းဆောင်များအား တွေ့ဆုံ၍ အမှာစကားပြောကြားခြင်းများပြုလုပ်၍ စုပေါင်းအမှတ်တရ ဓာတ်ပုံရိုက်ကူး ခဲ့ကြောင်း သတင်းရရှိသည်။