၂၀၂၄ ခုနှစ်၊ ပြည်ထဲရေးဝန်ကြီးဌာန မိသားစု မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ဖွင့်ပွဲအခမ်းအနား ကျင်းပ နေပြည်တော် ဧပြီ ၁၃  

Saturday, April 13, 2024 - 16:45

မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်မှ ၁၃၈၆ ခုနှစ်သို့ ကူးပြောင်းသည့် မဟာသင်္ကြန်ပွဲတော်တွင် ပြည်ထဲရေး ဝန်ကြီးဌာန၊ ဝန်ထမ်းမိသားစုများသည် မြန်မာ့ရိုးရာယဉ်ကျေးမှု အစဉ်အလာနှင့်အညီ မြန်မာ့ရိုးရာ မဟာ သင်္ကြန်ပွဲတော်ကို ယနေ့ နံနက် ၁၀ နာရီ အချိန်တွင် နေပြည်တော်၊ ရုံးအမှတ် (၃၈)ရှိ ပြည်ထဲရေး ဝန်ကြီးဌာန ရေကစားမဏ္ဍပ်၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့် ဇနီး၊ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်နှင့် ဇနီး၊ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် တိုးရီ နှင့် ဇနီး၊ အမြဲတမ်းအတွင်းဝန် ဦးခိုင်ထွန်းဦး နှင့် ဇနီး၊ တပ်ဖွဲ့/ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ အရာရှိကြီးများနှင့် ဇနီးများ၊ တာဝန်ရှိသူများ၊ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များ၊ တပ်ဖွဲ့/ ဦးစီး ဌာနများမှ ယိမ်းအကအဖွဲ့များနှင့် Dancer အကအဖွဲ့များ စုံညီစွာတက်ရောက်ခဲ့ကြသည်။

ပြည်ထဲရေးဝန်ကြီးဌာနမိသားစု၏ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် ဖွင့်ပွဲအခမ်းအနားတွင်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့် က နှစ်သစ်ကူးနှုတ်ခွန်းဆက် အမှာစကားပြောကြားပြီး ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်နှင့် ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် တိုးရီ တို့က မြန်မာ့ရိုးရာမဟာသင်္ကြန် ပွဲတော်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။   

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့် ဇနီး ဦးဆောင်သောအဖွဲ့က ယိမ်းအကအဖွဲ့များနှင့် တက်ရောက် လာသူများအား အတာသင်္ကြန်ရေဖြင့် ပက်ဖျန်းပေးခဲ့ပြီး တပ်ဖွဲ့/ ဦးစီးဌာနများမှ ဝန်ထမ်းနှင့်ဝန်ထမ်း မိသားစုများကလည်း မြန်မာ့ရိုးရာယဉ်ကျေးမှု နှင့်အညီ ပျော်ရွှင်စွာပါဝင်ဆင်နွှဲခဲ့ကြကြောင်းသိရသည်။