ဘာသာပေါင်းစုံကိုယ်စားလှယ်များနှင့်တွေ့ဆုံပွဲအခမ်းအနားကျင်းပ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်   ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်   တက်ရောက်အမှာစကားပြောကြား  နေပြည်တော်၊ ဧပြီ - ၁၂

Friday, April 12, 2024 - 17:00

ဘာသာပေါင်းစုံကိုယ်စားလှယ်များနှင့် တွေ့ဆုံပွဲအခမ်းအနားကို ယနေ့နံနက် ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေရှိ ဇမ္ဗူသီရိခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။

         တွေ့ဆုံပွဲအခမ်းအနားသို့ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး နှင့် ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီး များ၊ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)၊ နေပြည်တော်ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့၊ ခရစ်ယာန်ဘာသာရေးအသင်းအဖွဲ့များ၊ အစ္စလာမ်ဘာသာ ရေးအသင်းအဖွဲ့များ၊ ဟိန္ဒူဘာသာရေးအသင်းအဖွဲ့များမှ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူ များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။

         ဦးစွာနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အဖွင့် အမှာစကားပြောကြားရာတွင် ယခုအခမ်းအနားကို နှစ်သစ်ကူးအခါသမယတွင် ကျင်းပ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ထူးခြားသည့်အခမ်းအနားတစ်ခုဖြစ်ကြောင်း၊ ဘာသာပေါင်းစုံနှင့် ပတ်သက်ပြီး မေတ္တာလက်ဆောင်တစ်ခုပေးချင်သဖြင့် ယခုအခမ်းအနားကို ကျင်းပပြု လုပ်ခဲ့ခြင်းဖြစ်ကြောင်း၊  မိမိတို့နိုင်ငံတွင် လူဦးရေ ၅၆ သန်းခန့်နေထိုင်ကြပြီး မိရိုးဖလာ ဗုဒ္ဓဘာသာကိုးကွယ်မှု ၉၀ ရာခိုင်နှုန်းခန့်၊ ခရစ်ယာန်ဘာသာကိုးကွယ်သူ ၆ သန်းနီးပါး ခန့်၊ အစ္စလာမ်ဘာသာကိုးကွယ်သူ ၂ သန်းကျော်ခန့်နှင့် ဟိန္ဒူဘာသာကိုးကွယ်သူ ၅ သိန်းကျော်ခန့်ရှိပြီး အခြားဘာသာများလည်း ကိုးကွယ်သူများရှိကြကြောင်း၊ မိရိုးဖလာ ကိုးကွယ်သူများရှိသကဲ့သို့ မိဘကြောင့် ဇနီး၊ ခင်ပွန်းကြောင့် ဘာသာပြောင်းလဲ၍ ကိုးကွယ် သူများလည်းရှိကြောင်း၊ မည်သို့ပင်ဆိုစေ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)၊ အခန်း ၈ ၌ နိုင်ငံသူ၊ နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့်တာဝန်များ၊ ပုဒ်မ ၃၆၁၊ ၃၆၂၊ ၃၆၃၊ ၃၆၄ တို့တွင် ဘာသာရေးနှင့်ပတ်သက်၍ ပြဋ္ဌာန်းထားပြီး ဥပဒေအရ အာမခံချက် ပေးထားပြီးဖြစ်ကြောင်း၊ နိုင်ငံသူနိုင်ငံသားများ၏စိတ်ထဲတွင် ဥပဒေအရ ပြဋ္ဌာန်းသည် ဖြစ်စေ၊ မပြဋ္ဌာန်းသည်ဖြစ်စေ နိုင်ငံသားတစ်ယောက်အနေဖြင့် ခံယူအပ် သည့် သဘောထားဟု ယူဆကြောင်း။

         ဘာသာရေးဆိုသည်မှာ ငြိမ်းချမ်းမှု၊ တည်ငြိမ်အေးချမ်းမှုနှင့် သာယာဝပြောမှုများ ကိုဆောင်ကျဉ်းပေးသည်သာဖြစ်ကြောင်း၊ ဘာသာရေးကို အမှန်တကယ် ထိထိရောက် ရောက်ရိုးရိုးသားသားဖြင့် ဆောင်ရွက်မည်ဆိုပါက ဒေသအားလုံးတွင် တည်ငြိမ်အေး ချမ်းမှုကို များစွာအထောက်အကူပြုစေမည်ဖြစ်သည့် အခြေခံပင်ဖြစ်ကြောင်း၊ ဘာသာ တရားများ၏ အခြေခံအားလုံးတွင် အဆိုပါအချက်များ ဖော်ပြထားသည်ကို တွေ့ရမည် ဖြစ်ကြောင်း။

         နိုင်ငံတော်အနေဖြင့် မိမိတို့နိုင်ငံတွင် ဗုဒ္ဓဘာသာကိုးကွယ်မှုအများဆုံးဖြစ်သော် လည်း အခြားဘာသာကိုးကွယ်သူများကိုလည်း အသိအမှတ်ပြုပြီး လုပ်ဆောင်သင့် လုပ်ဆောင်ထိုက်သည်များကို ဆောင်ရွက်ပေးခြင်းအားဖြင့် နိုင်ငံတော်တွင် တည်ငြိမ် အေးချမ်းမှများကို ရရှိမည်ဟုယုံကြည်ကြောင်း၊ ကမ္ဘာ့နိုင်ငံများကိုကြည့်ပါကလည်း မိမိတို့နိုင်ငံကဲ့သို့ အခြေအနေမျိုးရှိသည့်နိုင်ငံများရှိသကဲ့သို့ ဘာသာတစ်ခုတည်းကို သာအခွင့်အရေးပေးပြီး အခြားဘာသာရေးများကို အခွင့်အရေးမပေးသည့် နိုင်ငံများ လည်းရှိသည်ကိုတွေ့ရကြောင်း၊ ထို့ကြောင့်အချို့နေရာများတွင် ဘာသာရေးအရ ပဋိပက္ခ များဖြစ်ပွားပြီး ဘာသာရေးအရတည်ငြိမ်မှုပျက်ပြားခဲ့သည်များရှိကြောင်း၊ အလားတူ ဒေသအလိုက်တွင်လည်း ဘာသာရေးအရဖြစ်ပွားသည့် ပဋိပက္ခများကို ထိန်းသိမ်းရန်ခက်ခဲသည်ကိုတွေ့ရကြောင်း၊ သမိုင်းကြောင်းကို ပြန်ကြည့်မည်ဆို ပါက ဘာသာရေးအရဖြစ်ပွားခဲ့သည့် ပဋိပက္ခများနှစ်ပေါင်းများစွာဖြစ်ခဲ့ကြောင်း၊ မိမိခံယူ ချက်အရပြောရမည်ဆိုပါက ဘာသာရေးကို အကြောင်းပြု၍ တစ်ဦးနှင့်တစ်ဦး အထင်မြင် လွဲမှားမှု၊ ယုံကြည်မှုပျက်ပြားများမဖြစ်အောင် လုပ်သင့်သည်ဟု ယုံကြည် ကြောင်း၊ မိမိတို့နိုင်ငံတွင်လွပ်လပ်ရေးရပြီးကာလတွင် ဘာသာရေးကို အကြောင်းပြု ပြီးဖြစ်ခဲ့သည့် ဖြစ်စဉ်များလည်းရှိခဲ့ပြီး အဆိုပါဒေသအတွင်းရှိ ပြည်သူများ အနေဖြင့် မကောင်းသည့် အကျိုးကိုပိုမိုထိခိုက်ခံစား ခဲ့ရကြောင်း၊ ထို့ကြောင့် အဆိုပါဘာသာ‌ရေး ဆိုင်ရာ ပဋိပက္ခများ မရှိအပ်ဘူးဟု ယုံကြည်ကြောင်း။

         မိမိတို့နိုင်ငံအနေဖြင့် လွတ်လပ်ရေးမဆုံးရှုံးခင်ကာလက မြန်မာနိုင်ငံ၏ မြို့တော် မှာ မန္တလေးမြို့ ဖြစ်ကြောင်း၊ ကုန်းဘောင်မင်းဆက်၏ နောက်ဆုံးမင်းဆက်ဖြစ်သည့် မင်းတုန်းမင်းခေတ်ကာလအထိ နိုင်ငံ့ခေါင်းဆောင်များက သာသနာပြုနှင့်ပတ်သက်၍ ချီးမြှင့်ခဲ့သည့် အစဉ်အလာကိုတွေ့ရကြောင်း၊ မိမိတို့အနေဖြင့် ကိုးကွယ်မှုအလိုက် တစ်ဦးနှင့်တစ်ဦး၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့အသိအမှတ်ပြုခြင်း၊ တန်းတူရည်တူရှိခြင်းနှင့် အပြန် အလှန်လေးစားသမှုပြုခြင်းများရှိနေသမျှ ပဋိပက္ခများ ကင်းဝေးစေမည်ဖြစ်ကြောင်း၊ လွတ်လပ်ရေးရရှိပြီးနောက်ပိုင်း ဘာသာရေးဆိုင်ရာဘွဲ့တံဆိပ်ပေးအပ်ခြင်းများရှိခဲ့ သော်လည်း နိုင်ငံတော်အဆင့် အသိအမှတ်ပြု ချီးမြှင့်ခြင်းများမတွေ့ရှိရဘဲ အခမ်း အနားများတက်ရောက်သည်များကို သာတွေ့ရှိရကြောင်း။

         လွတ်လပ်ရေးရရှိပြီးချိန်မှ ၂၀၀၈ ခုနှစ်အထိ ရန်ကုန်မြို့သည် မြန်မာနိုင်ငံ၏ မြို့တော်အဖြစ် တည်ရှိခဲ့ပြီး နောက်ပိုင်းတွင် နေပြည်တော်ကို နိုင်ငံ၏မြို့တော် အဖြစ် ပြောင်းရွှေ့ခဲ့ကြောင်း၊ နေပြည်တော်တွင် ဘာသာရေးဆိုင်ရာနေရာနှင့် အဆောက်အဦ များ အထိုက်အသင့်ရှိသည်ကိုတွေ့ရကြောင်း၊ မိမိနိုင်ငံတော်တာဝန်စတင်ယူချိန်တွင် ဘာသာရေးဆိုင်ရာ အချို့အခမ်းအနားများကို နိုင်ငံတော်ကို ကိုယ်စားပြု၍တက် ရောက်ချီးမြှင့်ခဲ့ပြီး လိုအပ်ချက်များရှိသည်ကိုတွေ့ခဲ့ရကြောင်း၊ ဘာသာရေးဆိုင်ရာ၊ သာသနာတော် ပြန့်ပွားရေး ဆိုင်ရာကိစ္စရပ်များဆောင်ရွက်နိုင်ရန်အတွက် မြေနေရာ များလိုအပ်သည် ကိုတွေ့ရကြောင်း၊ အလားတူ နေပြည်တော်ကောင်စီအနေဖြင့်လည်း တင်ပြမှုများရှိခဲ့ကြောင်း၊ ထို့ကြောင့် မြေနေရာများချထားပေးနိုင်ရေး စီစဉ်ဆောင် ရွက်ခဲ့ပြီး ယနေ့အခမ်းအနား ဖြစ်မြောက်လာခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်အနေဖြင့် မြန်မာနှစ်သစ်ကူး အခါသမယအဖြစ် နှစ်သစ်ကူးလက်ဆောင်အဖြစ်အသိအမှတ်ပြု ချီးမြှင့်ပေးအပ်ခြင်း ဖြစ်ကြောင်း။

         ဗုဒ္ဓဘာသာနှင့် ပတ်သက်၍ မိမိတို့နိုင်ငံသည် ထေရဝါဒဗုဒ္ဓဘာသာကို အဓိက ကိုးကွယ်ကြကြောင်း၊ မိမိတို့တာဝန်ယူချိန်တွင် ကမ္ဘာပေါ်ရှိထိုင်တော်မူ ကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်မြတ်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်တော်မူသည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို တည်ထားကိုးကွယ်ခဲ့ကြောင်း၊ ကမ္ဘာပေါ်တွင် မြန်မာနိုင်ငံ သည် ထေရဝါဒ ဗုဒ္ဓဘာသာစစ်စစ် ကိုးကွယ်သည့်နိုင်ငံ နေပြည်တော်သည် ဗဟိုချက် ဖြစ် စေရေးရည်ရွယ်ချက်ဖြင့် တည်ထားကိုးကွယ်ခဲ့ခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် ဘုရားကြီးပရိဝုဏ်နှင့်ဆက်စပ်လျက်ရှိသည့် နေရာများတွင်လည်း ဘာသာရေး ဆိုင်ရာ များ ဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံတကာနှင့်ပတ်သက်၍ ဆောင်ရွက်နိုင်ရန်အတွက် အပြည်ပြည်ဆိုင်ရာထေရဝါဒ ဗုဒ္ဓတက္ကသိုလ်တစ်ခုတည်ဆောက်ရန်လျာ ထားကြောင်း၊ အလားတူ ထေရဝါဒဗုဒ္ဓသာသနာတက္ကသိုလ်တည်ဆောက်ရန် လျာထားကြောင်း၊ အိမ်နီးချင်းအာဆီယံနိုင်ငံများဖြစ်သည့်၊ ထိုင်းနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ လာအိုနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့တွင် ဗုဒ္ဓဘာသာကိုးကွယ်သူများရှိကြကြောင်း၊ အလားတူ ဗုဒ္ဓ မြတ်စွာဘုရားဖွားမြင်တော်မူရာနေရာဖြစ်သည့် နီပေါ၊ အိန္ဒိယနိုင်ငံနှင့် သီရိလင်္ကာ နိုင်ငံများသည်လည်း ဗုဒ္ဓဘာသာကိုးကွယ်သည့် နိုင်ငံများဖြစ်သဖြင့် ၎င်းတို့အနေ ဖြင့် မြန်မာနိုင်ငံတွင် ၎င်းတို့၏နိုင်ငံကိုယ်စားပြုသည့် ကျောင်းများလာရောက် တည် ဆောက် လိုပါက တည်ဆောက်နိုင်ရေး နေရာလျာထားဆောင်ရွက်လျက်ရှိကြောင်း၊ အလားတူ ပြည်တွင်းရှိထေရဝါဒဗုဒ္ဓဘာသာများအတွက်လည်း သင့်လျော်သည့် ဘုန်းတော်ကြီးကျောင်းများ၊ စာသင်တိုက်များတည်ဆောက်လိုပါကလည်း ခွင့်ပြုပေး ရန်နေရာများ သတ်မှတ်ထားပြီးဖြစ်ကြောင်း။

         နေပြည်တော် ကောင်စီနယ်မြေသည် ဘာသာပေါင်းစုံအတူတကွယှဉ်တွဲ နေထိုင် ပြီးငြိမ်းချမ်းစွာဖြင့် နေထိုင်နိုင်သည့်နေရာတစ်ခုဖြစ်ကြောင်း၊ နေပြည်တော်တွင် ခရစ်ယာန်ဘာသာဝင်နှင့် အစ္စလာမ်ဘာသာဝင်နှင့် ဟိန္ဒူဘာသာဝင်များ နည်းပါး ကြောင်း၊ တစ်နိုင်ငံလုံးကိုကိုယ်စားပြုသည့် ဘာသာပေါင်းစုံနေထိုင်သည့် နေရာတစ်ခု ဖြစ် အောင်ဆောင်ရွက်ပြီး နေပြည်တော်အား ဘာသာပေါင်းစုံကို ကိုယ်စားပြုသည့် နေရာတစ်ခုဖြစ်အောင်ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း။

         မိမိတို့နိုင်ငံတွင် လွတ်လပ်ရေးရရှိပြီးချိန်ကတည်းက လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပွားလျက်ရှိသည်မှာ ယနေ့အချိန်အထိပင်ဖြစ်ကြောင်း၊ အဓိကအားဖြင့် နိုင်ငံရေး အယူအဆ၊ တိုင်းရင်းသားရေးအယူအဆများပေါ်တွင်မူတည်၍ ဖြစ်ပေါ်လာသည့် ပဋိပက္ခများဖြစ်ကြောင်း၊ အဆိုပါပဋိပက္ခများကို ဖြေရှင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ(၂၀၀၈ခုနှစ်)တွင် နိုင်ငံရေးအရလွတ်လပ်ခွင့်နှင့် ဘာသာရေး အရ လွတ်လပ်ခွင့်များကို ထည့်သွင်းပြဋ္ဌာန်းထားပြီးဖြစ်ကြောင်း၊ လက်ရှိဖြစ်ပေါ်နေ သည့် ပဋိပက္ခများမှာ နိုင်ငံရေးအရဖြစ်ပေါ်လာသည့် ပြဿနာများကို နိုင်ငံရေးအရ ဖြေရှင်းခြင်းမရှိဘဲ ပြည်ပမှနိုင်ငံရေးအရသွေးထိုးလှုံ့ဆော်မှု၊ တိုင်းရင်းသားရေးအရ သွေးထိုးလှုံ့ဆော်မှုနှင့် ဘာသာရေးအရ သွေးထိုးလှုံဆော်မှုများကြောင့် အကြမ်းဖက် သည့် နည်းလမ်းများဖြင့် ဆောင်ရွက်လာခြင်းဖြစ်ကြောင်း၊ အဆိုပါဖြစ်ပေါ်နေသည့် ပဋိပက္ခများချုပ်ငြိမ်းစေရေးအတွက် ပြည်သူပြည်သားတိုင်း သက်ဆိုင်ရာဘာသာ တရားများအလိုက် ဘာသာရေးအသိများရှိစေရေး ဝိုင်းဝန်းဆောင်ရွက်ကြစေလို ကြောင်း၊ လူများ၏ အသိများကို ပြုပြင်နိုင်သည်မှာ ဘာသာရေးအသိပင်ဖြစ်ကြောင်း။

         မိမိတို့၏ အန္နိမရည်မှန်းချက်သည် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာ ပေါများရေးပင်ဖြစ်ကြောင်း၊ တိုင်းပြည်သာယာဝပြောရေးအတွက် လူတိုင်းလူတိုင်း သည် တရားဥပဒေနှင့်အညီလုပ်ကိုင်စားသောက်၍ အေးချမ်းစွာဖြင့် အတူတကွ ယှဉ်တွဲနေထိုင်လိုသည့် စိတ်ဓာတ်မျိုးရှိရန်လိုအပ်မည်ဖြစ်ကြောင်း၊ ထိုသို့မဟုတ်ဘဲ တစ်ဖက်သို့ အစွန်းရောက်မည်ဆိုပါက တစ်ဖက်နှင့်တစ်ဖက် လွန်ဆွဲရုန်းကန်နေမည် ဖြစ်ပြီး ခွန်အားများကုန်ဆုံးနေမည်ဖြစ်ကာ သာယာဝပြောမှုသည်လည်း ဖြစ်လာနိုင် မည် မဟုတ်ကြောင်း၊ ထို့ကြောင့် ဘာသာပေါင်းစုံအသင်းအဖွဲ့များအနေဖြင့် အလေး အနက်ထား၍ ဆောင်ရွက်ကြစေလိုကြောင်း၊ မိမိ၏ ရည်ရွယ်ချက်သည် နေပြည်တော် ကို ဗဟိုပြု၍ တိုင်းပြည်သာယာဝပြောရေးကို ဘာသာရေးပိုင်းဆိုင်ရာမှ ဆောင်ရွက် ပေး နိုင်ရန်ဖြစ်ကြောင်း၊ တာဝန်ရှိသူများ၊ နိုင်ငံသူနိုင်ငံသားများအနေဖြင့်လည်း တရားဥပဒေစိုးမိုးရေးကို ဒီမိုကရေစီအသိစိတ်ဓာတ်ရှိရှိဖြင့် ဝိုင်းဝန်းဆောင်ရွက်ပေးကြ မည်ဆိုပါက အောင်မြင်နိုင်မည်ဖြစ်ကြောင်း၊

         မိမိတို့နိုင်ငံသူ၊ နိုင်ငံသားများသည် ကြိုးစားလိုစိတ်နှင့် အရည်အချင်းရှိသည့်၊ ဉာဏ်ရည်ထက်မြက်မှုရှိသည့်သူများဖြစ်ပြီး ပညာရှိအကျော်အမော်များစွာပေါ်ထွန်းခဲ့ သည်ကို တွေ့မြင်ရမည်ဖြစ်ကြောင်း၊ ယင်းကို ဆက်လက်ထိန်းသိမ်းရန်နှင့် ပိုမိုတောက် ပလာစေရေးအတွက် ဆောင်ရွက်ပေးရန်မှာ လက်ရှိပစ္စပ္ပန်တွင်နေထိုင်လျက်ရှိသည့် မိမိတို့၏ တာဝန်ပင်ဖြစ်ကြောင်း၊ တိုင်းပြည်၏ အနာဂတ်ကို ကောင်းစေလိုပါက တိုင်းပြည်တွင်နေထိုင်ကြသူများ၏ အသိ၊ ပညာ၊ စိတ်ဓာတ်များ ကောင်းအောင်ဆောင် ရွက်ပေးရမည်ဖြစ်ပြီး တိုင်းပြည်အပေါ်တွင် စေတနာထား၍ ဆောင်ရွက်ရမည်ဖြစ် ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ဘာသာရေးပိုင်းဆိုင်ရာတာဝန်ရှိသူများအနေဖြင့် လည်း ဝိုင်းဝန်းဆောင်ရွက်ပေးကြရန် မိမိအနေဖြင့် မေတ္တာရပ်ခံလိုကြောင်း၊ တာဝန်ရှိ ပုဂ္ဂိုလ်များနှင့် တာဝန်ရှိသူများအနေဖြင့်လည်း တိုင်းပြည်ကို မည်သို့ကောင်းအောင် ဆောင်ရွက်မည်ဆိုသည့်စိတ်ဖြင့် စေတနာထား၍ ဆောင်ရွက်သွားကြရန် တိုက်တွန်း လိုပါကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဘာသာရေးအသင်းအဖွဲ့များအတွက် ဘာသာရေးဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်ရာ တွင်လိုအပ်သည့် အဆောက်အဦများ ဆောက်လုပ်နိုင်ရန်အတွက် မြေပေးမိန့်များကို ပေးအပ်ရာ ဗုဒ္ဓဘာသာကိုယ်စားလှယ်၊ ကက်သလစ်ခရစ်ယာန်ဘာသာကိုယ်စားလှယ်၊ နှစ်ခြင်းခရစ်ယာန်ဘာသာကိုယ်စားလှယ်၊ အင်္ဂလီကန်ခရစ်ယာန်ဘာသာကိုယ်စား လှယ်၊ ဆွန်နီအစ္စလာမ်ဘာသာကိုယ်စားလှယ်၊ ရှီယာအစ္စလာမ်ဘာသာကိုယ်စားလှယ်၊ ဟိန္ဒူဘာသာကိုယ်စားလှယ်တို့က အသီးသီးလက်ခံရယူကြသည်။

         ယင်းနောက် ဘာသာရေးဆိုင်ရာအဖွဲ့အစည်းများအလိုက် တာဝန်ရှိသူများက ကျေးဇူးတင်စကားများ အသီးသီးပြန်လည်ပြောကြားရာ၌ ယခုကဲ့သို့မြန်မာ့ရိုးရာ နှစ်သစ်မင်္ဂလာအခါသမယတွင် မိမိတို့ဘာသာပေါင်းစုံ အသင်းအဖွဲ့များအား နှစ်သစ် မေတ္တာလက်ဆောင်မွန်ကို ပေးအပ်ချီးမြှင့်သည့်အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အား အထူးပင် ကျေးဇူးတင်ရှိပါကြောင်း၊ မိမိတို့ဘာသာရေး အသင်းအဖွဲ့များအပေါ် ယခုကဲ့သို့ နိုင်ငံတော်အဆင့်ချီးမြှင့်ပေးအပ်သည့်အတွက် လွန်စွာဝမ်း မြောက်ဝမ်းသာဖြစ်ရပါ ကြောင်း၊ ဘာသာပေါင်းစုံအသင်းအဖွဲ့များသည် ယခုအခမ်းအနားသို့ နိုင်ငံတော်မှစီစဉ် ပေးသည့် လေယာဉ်တစ်စီးတည်းဖြင့် လာရောက်ကြခြင်းဖြစ်ကြောင်း၊ အားလုံးအတူ တကွဆုံဆည်း၍ လာရောက်တွေ့ဆုံရခြင်းသည် လွန်စွာကြည်နူးဖွယ်ရာနှင့်အေးချမ်း သည့် အခိုက်အတန့်ပင်ဖြစ်ပြီး မိမိတို့အားလုံး အတူတကွပေါင်းစည်းသည့်အင်အားဖြင့် မိမိတို့ တိုင်းပြည်၏တည်ငြိမ်အေးချမ်းမှု၊ သာယာဝပြောမှုတို့ကို ဖော်ဆောင်ကြရမည် ဖြစ်ကြောင်း၊ မိမိတို့သည် မြန်မာနိုင်ငံပေါ်တွင်နေထိုင်ကြသူ မြန်မာနိုင်ငံသားများ ဖြစ်သည့်အတွက် အမိမြန်မာနိုင်ငံတော်ကြီး၏အကျိုးကို အတူတကွ ဝိုင်းဝန်းဆောင် ရွက်ကြရမည်ဖြစ်ပြီး မိမိတို့ဘာသာရေးအသင်းအဖွဲ့များအနေဖြင့်လည်း နိုင်ငံတော် တည်ငြိမ် အေးချမ်းရေး၊ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် တစ်ဖက်တစ် လမ်းမှ ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် ကိုးကွယ်မှု ဘာသာ တရားများ မတူကွဲပြားလျက်ရှိသော်လည်း တိုင်းပြည်တည်ငြိမ်အေးချမ်းရေး၊ သာယာဝပြောရေး၊ ဘာသာဝင်များအားလုံးငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး တို့တွင် တစ်စိတ် တည်း၊ တစ်ဝမ်းတည်းရှိနေရမည်မှာ အမှန်တရားပင်ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ ပြည်ထောင်စုနယ်မြေနေပြည်တော်တွင် မိမိတို့ဘာသာရေးအသင်းအဖွဲ့များ အတွက် မြေနေရာများ ပေးအပ်ချီးမြှင့်ခြင်းကြောင့် မတူကွဲပြားသော ဘာသာဝင်များ အားလုံး အတူယှဉ်တွဲကိုးကွယ်နိုင်ရေးအတွက် စည်းလုံးညီညွတ်ခြင်းပြယုဂ်ဖြစ်သော ဘာသာရေး အဆောက်အဦများ တစ်စုတစ်ဝေးတည်း ပေါ်ပေါက်လာတော့မည် ဖြစ်ပါသဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများအား ဘာသာပေါင်းစုံ အသင်းအဖွဲ့များမှ အထူးပင်ကျေးဇူးတင်ရှိပါ ကြောင်းဖြင့် ကျေးဇူးတင်စကားများ အသီးသီးပြောကြားကြသည်။

         ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် တက်ရောက်လာကြသူများသည် ဘာသာပေါင်းစုံအသင်းအဖွဲ့များမှ ဥက္ကဋ္ဌများ၊ တာဝန် ရှိသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။

အခမ်းအနားအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က တက်ရောက်လာကြသည့် ဘာသာပေါင်းစုံအသင်းအဖွဲ့များမှ ဥက္ကဋ္ဌများ၊ တာဝန်ရှိသူများအား နေ့လည်စာဖြင့် တည်ခင်းဧည့်ခံခဲ့ပြီး ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ ကြောင်း သတင်းရရှိသည်။