ပြည်ထောင်စုရာထူးဝန်အဖွဲ့၌  ပြည်သူ့စစ်မှုထမ်းဥပဒေအရ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့က သတ်မှတ်ခွင့်ပြုလိုက်သည့် ကင်းလွတ်ခွင့်၊ လျှော့ပေါ့ခွင့်နှင့် ရွှေ့ဆိုင်းခွင့်များ ဖြည့်စွက်အသိပညာပေးဆွေးနွေးပွဲ ကျင်းပပြုလုပ်ခြင်း ၂၀၂၄ ခုနှစ်၊ ဧပြီလ (၉) ရက်

Tuesday, April 9, 2024 - 18:30

 

ပြည်သူ့စစ်မှုထမ်းဥပဒေပြဋ္ဌာန်းချက်ပါ ပြည်သူ့စစ်မှုထမ်းဆောင်ခြင်း တာဝန်မှ ကင်းလွတ်ခွင့်နှင့် ယာယီရွေ့ဆိုင်းခွင့်များအပြင် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့က သတ်မှတ်ခွင့်ပြုလိုက်သည့် ပြည်သူ့စစ်မှုထမ်းဆောင်ခြင်းတာဝန်မှ ကင်းလွတ်ခွင့်၊ လျှော့ပေါ့ခွင့်နှင့် ရွှေ့ဆိုင်းခွင့်များအား ဝန်ထမ်းများ သိရှိနိုင်ရေးအတွက် ဖြည့်စွက်အသိပညာပေးဆွေးနွေးပွဲကို ၂၀၂၄ ခုနှစ်၊ ဧပြီလ (၉)ရက်တွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ ရုံးအမှတ်(၁၇) စုပေါင်းခန်းမ၌ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဦးဆောင်၍ ကျင်းပပြုလုပ်ခဲ့ပါသည်။

ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဦးအောင်သော်က အဖွင့်အမှာစကားပြောကြားရာတွင် ဝန်ထမ်းအားလုံး၏ အရေးကိစ္စများဆောင်ရွက်ရသည့် ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ ဝန်ထမ်းများ လွယ်ကူရှင်းလင်းစွာ သေသေချာချာသိရှိနားလည်နိုင်စေရန်၊ နိုင်ငံတော်လုံခြုံရေးအတွက် ချမှတ်ထားသော ပြည်သူ့စစ်မှုထမ်းဥပဒေကို ဝန်ထမ်းအဖွဲ့အစည်းတစ်ခုလုံးက သိရှိနားလည် နိုင်ရန်၊ အခြားသူများက မေးမြန်းလာပါကလည်း ပြန်လည်ရှင်းလင်းပြောကြားနိုင်ရန်၊ တစ်ဦးချင်း အတွက်သာမက အများအတွက်၊ ဝန်ထမ်းအဖွဲ့အစည်းတစ်ခုလုံးအတွက် ဗဟိုပြုဆောင်ရွက် နေသည့် ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ ဝန်ထမ်းများက ထဲထဲဝင်ဝင်သိရှိနားလည်ရန်လိုအပ်ပါကြောင်း၊ ပြည်သူ့ စစ်မှုထမ်းဥပဒေ၊ အရန်တပ်ဖွဲ့ဥပဒေများကို ထဲထဲဝင်ဝင် သိရှိရန်လိုအပ်ပြီး မျက်ခြေမပြတ် လေ့လာ သွားကြရန်လိုကြောင်း မှာကြားပါသည်။

ထို့နောက် ဥက္ကဋ္ဌရုံးအဖွဲ့မှ လက်ထောက်အတွင်းဝန် က ရှင်းလင်းဆွေးနွေး ရာတွင် ပြည်သူ့စစ်မှုထမ်းဥပဒေပုဒ်မ ၂၂ ပါ ပြဋ္ဌာန်းချက်များ၊ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟို အဖွဲ့က ပြည်သူ့စစ်မှုထမ်းဆောင်ခြင်းတာဝန်မှ ကင်းလွတ်ခွင့်ပြုသူများ၊ ပြည်သူ့စစ်မှုထမ်းဆောင် ရမည့် တာဝန်မှ လျှော့ပေါ့ခွင့်ပြုသူများ၊ ပြည်သူ့စစ်မှုထမ်းဥပဒေပုဒ်မ ၁၅(က)ပါ ပြဋ္ဌာန်းချက်များ၊ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့က ပြည်သူ့စစ်မှုထမ်းဆောင်ရမည့်တာဝန်မှ ရွှေ့ဆိုင်းခွင့်ပြု သူများ၊ ဥပဒေပါသတ်မှတ်ချက်များနှင့် ၁၀-၃-၂၀၂၄ ရက်စွဲပါအမိန့်ကြော်ငြာစာအမှတ် (၂/၂၀၂၄) ဖြင့် ထုတ်ပြန်ထားသည့် အရန်တပ်ဖွဲ့နည်းဥပဒေများကို ရှင်းလင်းပြောကြားခဲ့ပါသည်။ ဆွေးနွေးပွဲ တက်ရောက်လာသူများ၏ ဆွေးနွေးမေးမြန်းမှုများကို အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ညွှန်ကြားရေးမှူးချုပ်များက ဖြည့်စွက်ဆွေးနွေးခဲ့ပါသည်။

          အဆိုပါအသိပညာပေးဆွေးနွေးပွဲသို့ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အရာထမ်း၊ အမှုထမ်းများ ( ၂၅၈ )ဦး တက်ရောက်ကြပါသည်။