ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာအချက်အလက်များ ရှင်းလင်းခြင်းအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ အမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြပြီး တိုင်းဒေသကြီး၊ ပြည်နယ် ညွှန်ကြားရေးမှူးရုံးများနှင့် ပြည်ထောင်စု တိုင်းရင်းသားကျေးရွာတို့မှ တာဝန်ခံများနှင့် အရာထမ်း၊ အမှုထမ်းများက Online စနစ်ဖြင့် တက်ရောက်ကြပါသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ၁၉၈၂ ခုနှစ် မြန်မာ နိုင်ငံသားဥပဒေအရ တိုင်းရင်းသားတိုင်းသည် နိုင်ငံသားဖြစ်ပြီး နိုင်ငံသားတိုင်းသည် ဒို့တာဝန် အရေး (၃)ပါး ဖြစ်သည့် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဟူသော ဒို့တာဝန်အရေးသုံးပါးကို စောင့်ထိန်းရန် လိုအပ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနသည် တိုင်းရင်းသား လူမျိုးပေါင်းစုံဖြင့် ဖွဲ့စည်းထားရှိသဖြင့် ချစ်ခင်စည်းလုံးညီညွတ်စွာ နေထိုင်ကြရမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး၊ ပြည်နယ် ညွှန်ကြား ရေးမှူးရုံးများမှ တာဝန်ခံများအနေဖြင့်လည်း ယခု ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အချက်အလက်များကို ပိုမိုကျယ်ကျယ်ပျံ့ပျံ့ သိရှိစေရန် ထပ်ဆင့်ရှင်းလင်းကြရမည်ဖြစ်ပါ ကြောင်း ပြောကြားပါသည်။
ယင်းနောက် ဒုတိယဝန်ကြီးက ရှင်းလင်းပြောကြားရာတွင် ပြည်သူ့စစ်မှုထမ်းဥပဒေကို နိုင်ငံသားတိုင်းသည် ဒို့တာဝန်အရေးသုံးပါးကို စောင့်ထိန်းရန်တာဝန်ရှိသဖြင့် ယင်းတာဝန်ကို ထမ်းဆောင်နိုင်ရေးအလို့ငှာ စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်း ဆောင်နိုင်ရန်ရည်ရွယ်ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ မိမိတို့ ပတ်ဝန်းကျင်ရှိ တိုင်းရင်းသားပြည်သူများအား မိမိတို့သိရှိထားသည်များကို အပြုသဘောဖြင့် ပြန်လည်ဝေမျှပြီး နိုင်ငံတော်၏ အကျိုးအတွက် ကျရာအခန်းကဏ္ဍမှ တစ်တပ်တစ်အား ပါဝင်ဆောင်ရွက်ကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။