ပေါက်မြို့နယ်၊ ဒေါင်းသာကျေးရွာတွင် လုံခြုံရေးတပ်ဖွဲ့များက ဒရုန်းဖြင့်ဗုံးကြဲခြင်းကြောင့် ပြည်သူများထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများကို လုပ်ကြံရေးသား ဖြန့်ဝေလျက်ရှိ နေပြည်တော်၊ ဧပြီ ၇

Sunday, April 7, 2024 - 15:30

          မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်၊ ဒေါင်းသာကျေးရွာမှ ဒေသခံပြည်သူများ ကြက်သွန်သိမ်းနေစဉ်  လုံခြုံရေးတပ်ဖွဲ့ဝင်များက ဒရုန်းဖြင့်ဗုံးကြဲခဲ့ခြင်းကြောင့် ပြည်သူ ၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည့်ဖြစ်စဉ် ဧပြီလ ၆ ရက်နေ့က ဖြစ်ပွားခဲ့ကြောင်း တရားမဝင် ပြည်ဖျက်မီဒီယာများက လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် အထင်အမြင်လွဲမှားစေမည့် သတင်းတု၊ သတင်းအမှားများ လုပ်ကြံရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရပါသည်။

တရားမဝင်ပြည်ဖျက်မီဒီယာများက ဖြစ်စဉ်ဖြစ်ရပ်များကို အခြေခံသည့် သတင်းတု၊ သတင်းအမှားများဖြင့် ပြည်သူများ ထင်ယောင်ထင်မှားဖြစ်လာပြီး ကြောက်ရွံ့ထိတ်လန့် လာစေရန်၊ လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် အထင်အမြင်လွဲမှားစေရန်အတွက် လူမှုကွန်ရက် စာမျက်နှာများတွင် ရည်ရွယ်ချက်ရှိရှိ ရေးသားဖြန့်ဝေလျက်ရှိပါသည်။ ယခုဖြစ်စဉ်သည်လည်း မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်၊ ဒေါင်းသာကျေးရွာအနီးတွင် နယ်မြေလုံခြုံရေး ဆောင်ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များကို ပြည်သူများအထင်အမြင်လွဲမှားစေရန် မဟုတ်မမှန် စွပ်စွဲရေးသားထားခြင်းသာဖြစ်ကြောင်း လုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ဥစ္စာကို ကာကွယ်စောင့်ရှောက်လျက်ရှိပြီး နယ်မြေလုံခြုံရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးတို့ကို လည်း ဒေသခံပြည်သူများနှင့်အတူ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့်အတွက် တရားမဝင် ပြည်ဖျက်မီဒီယာများနှင့် ရပ်ရွာအေးချမ်းသာယာရေးကို မလိုလားသူများက ယခုကဲ့သို့ သတင်းတု၊ သတင်းအမှားများဖြင့် လုပ်ကြံရေးသားနေခြင်းသာဖြစ်ကြောင်း သတင်း ရရှိပါသည်။