နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်နှင့် အေလာမြို့နယ်တို့ရှိ အရေးကြီး အဆောက်အဦများနှင့် နေရာဌာနများအား ဖောက်ခွဲဖျက်ဆီးရန်နှင့် ပြည်သူများ အထိတ် တလန့်ဖြစ်စေရန် ယုတ်မာကောက်ကျစ်သည့်အကြံအစည်များဖြင့် အကြမ်းဖက်သမား များသည် ယနေ့နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် ဧလာမြို့နယ်နှင့် ဇေယျာသီရိမြို့နယ် အနီးတို့မှ Fixed Wing များလွှတ်တင်ခဲ့ပြီး အကြမ်းဖက်ဖောက်ခွဲရေးလုပ်ရပ်များ လုပ်ဆောင် နိုင်ရန် ကြံစည်ကြိုးပမ်းလာခဲ့သည်။
ထိုသို့ ကြံစည်ကြိုးပမ်းလာခဲ့မှုအား နေပြည်တော်ကောင်စီနယ်မြေအတွင်း လေကြောင်း လုံခြုံရေးတာဝန်များထမ်းဆောင်လျက်ရှိသည့် လေကြောင်းရန်ကာကွယ်ရေး တပ်ဖွဲ့များက လေကြောင်းရန်ကာကွယ်ရေးစနစ်များဖြင့် ထောက်လှမ်းသိရှိခဲ့ရပြီး အဆိုပါ Fixed Wing များအားလုံးကို လက်ဦးမှုရယူဟန့်တားနိုင်ခဲ့သည်။ ထိုသို့ လက်ဦးမှုရယူ ဟန့်တားနိုင်ခဲ့ မှုကြောင့် ၂ စီးမှာ သတ်မှတ်နေရာမရောက်မီ လေထဲတွင်ပေါက်ကွဲပျက်စီးခဲ့ပြီး အခြား Fixed Wing အားလုံး ကိုလည်းပစ်ချဟန့်တားနိုင်ခဲ့သည်။ အဆိုပါ ပစ်ချဟန့်တားခဲ့မှုကြောင့် မြေပြင်ပေါ်သို့ပျက်ကျ ခဲ့ရသည့် Fixed Wing များအနက် ၁၃ စီးအား သိမ်းဆည်းရရှိခဲ့ပြီး ၎င်းတို့ အနက် ၄ စီးတွင် ဖောက်ခွဲဖျက်ဆီးရေးပစ္စည်းများပါရှိလာသဖြင့် စနစ်တကျဖောက်ခွဲ ဖျက်ဆီးခဲ့ရသည်။ အခြားမြေပြင်ပေါ်သို့ပျက်ကျခဲ့သည့် Fixed Wing များအား သိမ်းဆည်း ရမိရေးအတွက်လည်း လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
ဖြစ်စဉ်များတွင် လူနှင့်အဆောက်အဦများ ထိခိုက်ပျက်စီးမှုမရှိခဲ့ကြောင်းနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များအနေဖြင့် အရေးပေါ်အခြေအနေများတွင် ဖြစ်ပေါ်လာသော အခြေအနေ များအား လုံခြုံရေးအရချက်ချင်းတုန့်ပြန်နိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။