ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒုတိယကာကွယ်ရေးဝန်ကြီး Colonel General Alexander Vasilyevich Fomin ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် နိုင်ငံခြားစစ်သံရုံးများမှ စစ်သံမှူးများနှင့် တာဝန်ရှိသူများသည် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား လာရောက်ဖူးမြော်ကြည်ညို

Wednesday, March 27, 2024 - 15:45

            ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒုတိယကာကွယ်ရေးဝန်ကြီး Colonel General Alexander Vasilyevich Fomin ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် နိုင်ငံခြားစစ်သံရုံးများမှ စစ်သံမှူးများနှင့် တာဝန်ရှိသူများသည် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိ မြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်တွင် တည်ထားပူဇော်သည့် ကမ္ဘာပေါ်ရှိထိုင်တော်မူ ကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ယနေ့နံနက်ပိုင်းတွင် သီးခြားစီ လာရောက်ဖူးမြော် ကြည်ညို ကြသည်။

          ဦးစွာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒုတိယကာကွယ်ရေးဝန်ကြီး Colonel General Alexander Vasilyevich Fomin ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် နိုင်ငံခြား စစ်သံရုံးများမှ စစ်သံမှူးများနှင့် တာဝန်ရှိသူများအား မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဂေါပကအဖွဲ့နှင့် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ပူဇော်ခြင်းနှင့် ထိန်းသိမ်းခြင်း လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသည့် ကျွမ်းကျင်ပညာရှင်များက မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး အောင်မြင်စွာ တည်ထားပူဇော်နိုင်ရန် အဆင့်ဆင့်ဆောင်ရွက်ခဲ့ သည့် ဗီဒီယိုမှတ်တမ်းများကို ဘုရားဖူး အဖွဲ့လိုက် သီးခြားစီ ရှင်းလင်းပြသကြသည်။

ထို့နောက် ဘုရားဖူးအဖွဲ့များသည် မာရဝိဇယဗုဒ္ဓရုပ်ပွားတော် မြတ်ကြီးအား ဖူးမြော်ကြည်ညိုကြပြီး ဘုရားရင်ပြင်တော်ပတ်လည်၌ စကျင်ကျောက်များ အသုံးပြု၍ တည်ဆောက်ထားသည့် ဂန္ဓကုဋိတိုက်များ၊ ဗိသုကာလက်ရာများဖြင့် ခမ်းနားထည်ဝါစွာ တည်ထားပူဇော်ထားသည့် အဂ္ဂါဓိပတိသာသနာ့ဗိမာန်တော်ကြီး၊ ကျောက်စာရုံစေတီ တော်များ၊ သုဓမ္မာဇရပ်များ၊ မုစလိန္ဒအိုင်နှင့် အခြားသာသနိက အဆောက်အဦများကို ဖူးမြော်လေ့လာ ကြည်ညိုကြသည်။