မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့၊ မဟာမုနိဘုရားကြီး၌ တပေါင်း ပွဲတော် အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါဘုရားကြီး ရင်ပြင်တော်၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကြည်ခိုင်နှင့် တာဝန်ရှိသူများ၊ ဒေသခံပြည်သူ များနှင့် ဘုရားဖူးလာပြည်သူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက တပေါင်းပွဲတော်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ဘုရားကြီးရင်ပြင်ရှိ စတုဒိ သာမဏ္ဍပ်များတွင် ကျွေးမွေးဧည့်ခံနေမှုများကို လှည့်လည်ကြည့်ရှုအားပေးပြီး တပေါင်းပွဲလာ ပြည်သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။ ယင်းနောက် မဟာမုနိဘုရားကြီးရင်ပြင်တော် ထောင့်လေးထောင့်၌ ဆီမီး ၁၀၀၀၀ ထွန်းညှိပူဇော်ခဲ့ကြကြောင်း သတင်းရရှိသည်။