သီတဂူနွေရာသီစံကျောင်း(ပြင်ဦးလွင်)၊ သီတဂူစန္ဒြကန္တိကျောင်းဆောင်တော်နှင့် တစ်ပါးနေကျောင်းဆောင်တော်များ ကျောင်းလွှတ်ပူဇာမင်္ဂလာ အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့နယ်၊ ထုံးဘိုကျေးရွာ၊ သီတဂူကုန်းတော်၌ ပြုလုပ်ရာ နိုင်ငံတော်ဩဝါဒါစရိယ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂ မဟာသဒ္ဓမ္မဇောတိက၊ သောဠဿမ ရွှေကျင်သာသနာပိုင်၊ သီတဂူကမ္ဘာ့ ဗုဒ္ဓတက္ကသိုလ်များနှင့် သီတဂူဆေးရုံ တော်များ၏အဓိပတိ ဆရာတော် ဒေါက်တာဘဒ္ဒန္တ ဉာဏိဿရ အမှူးပြုသော သံဃာ တော်များ ကြွရောက်တော်မူကြပြီး မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကြည်ခိုင်နှင့် တာဝန်ရှိ သူများ၊ အလှူရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ သီတဂူဆရာတော်ကြီး အမှူးပြုသော ဆရာတော်၊ သံဃာတော်များက ဘုရားအနေကဇာတင်ပူဇော်ကြသည်။ ထို့နောက် တာဝန်ရှိသူများနှင့် အလှူရှင်များက သီတဂူဆရာတော်ကြီးနှင့် ဆရာတော်၊ သံဃာတော်များအား အရုဏ်ဆွမ်းများ ဆက်ကပ်ကြသည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် အလှူရှင် များက သီတဂူဆရာတော်ကြီးထံမှ ဩဝါဒကထာများ နာယူကြည်ညိုကြပြီး နဝကမ္မ ဝတ္ထုငွေများအား သီတဂူအပြည်ပြည်ဆိုင်ရာ သာသနာပြုအဖွဲ့ထံ ဆက်ကပ်လှူဒါန်း ကြကာ အနုမောဒနာတရား နာယူကြည်ညို၍ ကုသိုလ်ကောင်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကြသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများ၊ အလှူရှင်များက သီတဂူဆရာတော်ကြီး အမှူးပြုပြီး ဆရာတော်၊ သံဃာတော် တို့အား ဆန်ချီစေတီတော်ပေါ်၌ ဆွမ်းဆန်စိမ်းများ လောင်းလှူခဲ့ကြကြောင်း သတင်းရရှိသည်။