ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဟိုပုံးမြို့နယ်၊ မဲနယ်တောင်ဒေသရှိ ပအိုဝ့် တိုင်းရင်းသားများနေထိုင်သော ကျေးရွာများဖြစ်သည့် နမ့်ဟူးကျေးရွာ၊ ကျောက်ကချား ကျေးရွာ၊ စံဖူးကျေးရွာ၊ ပါချားကလို့ကျေးရွာ၊ ဒုံလိတောင်ကျေးရွာများသို့ အဖျက်အမှောင့် လုပ်ငန်းများ လုပ်ဆောင်ရန်အတွက် PNLO ၊ KNDF အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများသည် ဖေဖော်ဝါရီ ၁၆ ရက်နေ့မှစတင်၍ ကျေးရွာသူ၊ ကျေးရွာသားများအသွင်ဖြင့် စိမ့်ဝင်ပုံဖျက်ဝင်ရောက်ခြင်း၊ ကျေးရွာများအတွင်းရှိ နေအိမ်များကို အကာအကွယ်ရယူ၍ ဝင်ရောက်နေရာယူလှုပ်ရှားခြင်းများ လုပ်ဆောင် ခဲ့သည်။
ထိုသို့ လုပ်ဆောင်ခဲ့မှုအပေါ် ဒေသခံပအိုဝ့်တိုင်းရင်းသားများအနေဖြင့် လက်ခံနိုင်ခြင်းမရှိသည့်အတွက် တပ်မတော်သို့ သတင်းပေးပို့ တိုင်ကြားမှုများ ပြုလုပ်ခဲ့ကြသဖြင့် တပ်မတော်နှင့် PNO အသွင်ပြောင်း ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ အဆိုပါဒေသများအတွင်း လိုအပ်သည့် နယ်မြေစိုးမိုးရေး နှင့် နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ PNLO ၊ KNDF အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများအနေဖြင့် ကျေးရွာများအတွင်းရှိ နေအိမ်များအား မီးရှို့ဖျက်ဆီးခြင်း၊ ပြည်သူများအား လက်နက်အားကိုးဖြင့် အနိုင်ကျင့် သတ်ဖြတ် ခြင်း၊ ဒေသခံတိုင်းရင်းသားများ ပိုင်ဆိုင်သည့် ပစ္စည်းများအား အတင်းအဓမ္မ လုယက်ယူဆောင်ခြင်းတို့ကို လုပ်ဆောင်၍ ဆုတ်ခွာထွက်ပြေးသွားခဲ့ကြပြီး ဒေသခံ တိုင်းရင်းသားများအနေဖြင့် ဘေးလွတ်ရာနေရာများ၌ ယာယီနေရပ်စွန့်ခွာ နေထိုင် ခဲ့ကြရသည်။
အဆိုပါ အကြမ်းဖက်သမားများ ဖျက်ဆီးသွားခဲ့သည့် ကျေးရွာများအတွင်း ယာယီနေရပ်စွန့်ခွာ ဒေသခံတိုင်းရင်းသားများ ပြန်လည်အခြေချ နေထိုင်လုပ်ကိုင် စားသောက်နိုင်ရေး၊ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးတို့ အတွက် ယနေ့နံနက်ပိုင်းတွင် ဟိုပုံးမြို့နယ်၊ ကျောက်ကချားကျေးရွာအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ PNO အသွင်ပြောင်း ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များက ဒေသခံတိုင်းရင်းသားများနှင့် ပူးပေါင်း၍ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများနှင့် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများကို ဝိုင်းဝန်းကူညီဆောင်ရွက်ပေးသည်။
ထိုသို့ ဆောင်ရွက်ပေးနေမှုများကို အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၊ ဟိုပုံးတပ်နယ်မှ တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက သွားရောက် ကြည့်ရှု၍ လိုအပ်သည်များ ဆောင်ရွက်ပေးခဲ့ပြီး ဒေသခံတိုင်းရင်းသားပြည်သူ များနှင့် တွေ့ဆုံကာ ရှမ်းပြည်နယ်အစိုးရအဖွဲ့က ထောက်ပံ့ပေးအပ်သည့် အိမ်ဆောက်ပစ္စည်းများနှင့် ထောက်ပံ့ရေးပစ္စည်းများအား အသီးသီးထောက်ပံ့ပေး အပ်ခဲ့ကြောင်း သတင်းရရှိသည်။