ကမ္ဘာ့ရေနေ့ ၂၀၂၄ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန-၂ (MICC-II)၌ ကျင်းပပြုလုပ်ရာ အမျိုးသား အဆင့်ရေအရင်းအမြစ်ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြားသည်။
အခမ်းအနားသို့ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော် အရာရှိကြီးများ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေး မှူးချုပ်များ၊ တက္ကသိုလ်ကောလိပ်များမှ ကျောင်းအုပ်ကြီးများနှင့် ပါမောက္ခချုပ်များ၊ ဖိတ်ကြားထားသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက Video Conferencing ဖြင့်တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်း အနားတက်ရောက်လာကြသူများသည် တေးသံရှင် သန်းမြတ်စိုး၏ “တိမ်တမန်” တေး သီချင်းဖြင့် ဖျော်ဖြေတင်ဆက်မှုကို ကြည့်ရှုအားပေးကြသည်။
ထို့နောက် အမျိုးသားအဆင့်ရေအရင်းအမြစ်ကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြား ရာတွင်ရေသယံဇာတသည် သဘာဝအရင်းအမြစ်တစ်ခုအနေဖြင့် စိုက်ပျိုးရေး၊ မွေးမြူ ရေး အသက်မွေးဝမ်းကျောင်းနှင့် သက်ရှိများအသက်ရှင်နေထိုင်ရေးအတွက် အခြေခံ လိုအပ်ချက်တစ်ခုဖြစ်ကြောင်း၊ လုံခြုံဘေးကင်း သန့်ရှင်းသည့်ရေသည် ကျန်းမာရေးကို အထောက်အကူ ပြုရုံသာမက ပတ်ဝန်းကျင်ကိုလည်း ကောင်းကျိုးပြုကြောင်း၊ ထို့ကြောင့် လူတိုင်းကျန်းမာသန်စွမ်းနေစေရေး သန့်ရှင်းသည့်သောက်သုံးရေရရှိရန် လိုအပ်ကြောင်း။
ကမ္ဘာပေါ်ရှိ နိုင်ငံများတွင်ရေကိုစနစ်တကျ ချွေတာအသုံးပြုရန်နှင့် လူတိုင်း လုံခြုံဘေးကင်းသည့် သောက်သုံးရေ ရရှိနိုင်စေရန်တိုးမြှင့် ဆောင်ရွက်နိုင်ရေးအတွက် အသိပေးနှိုးဆော်သည့်အနေဖြင့်နှစ်စဉ် မတ်လ ၂၂ ရက်နေ့ကို “ကမ္ဘာ့ရေနေ့”အဖြစ် သတ်မှတ်ပြီး၊ ၁၉၉၃ ခုနှစ်မှစပြီး ကမ္ဘာ့ရေနေ့ အထိမ်းအမှတ်အခမ်းအနားများကို ကျင်းပလျက်ရှိကြောင်း၊ နှစ်အလိုက်ကမ္ဘာ့ရေနေ့ဆိုင်ရာ အထူးပြုအသိပေးလိုသည့် အဓိက အကြောင်းအရာဆောင်ပုဒ်များကို သတ်မှတ်ဆောင်ရွက်ခဲ့ရာ ယခုနှစ်ကမ္ဘာ့ ရေနေ့ ၂၀၂၄ အတွက် ဆောင်ပုဒ်(Theme)မှာ “ငြိမ်းချမ်း သာယာဝပြောရေး ရေကဏ္ဍ ကိုမြှင့်တင်ပေး” “Leveraging Water for Peace” ပင်ဖြစ်ကြောင်း။
ကမ္ဘာလုံးဆိုင်ရာ ရေအကျပ်အတည်းသည် လူသားများရင်ဆိုင် နေရသည့် အရေးကြီးဆုံး စိန်ခေါ်မှုများထဲမှတစ်ခုဖြစ်ကြောင်း၊ ကုလသမဂ္ဂ၏အဆိုအရ လူဦးရေ နှစ်ဘီလီယံကျော်သည် ဘေးကင်းသည့်သောက်သုံးရေ မရရှိကြသည့်အပြင် လေး ဘီလီယံကျော်သည်လည်း တစ်နှစ် အနည်းဆုံးတစ်လတာ ရေရှားပါးမှုခံစားနေကြရ သည်ကိုသိရှိရကြောင်း၊ တစ်ဖက်တွင်လည်း ရာသီဥတုပြောင်းလဲလာမှုနှင့် လူသားများ ၏ ပယောဂများကြောင့် ရေသယံဇာတနှင့် သဘာဝပတ်ဝန်းကျင်အပေါ် ထိခိုက်မှုများ ဖြစ်ပေါ်လျက်ရှိပြီး ရေအရင်းအမြစ်များ လျော့နည်းလာနေကြောင်း။
ကမ္ဘာ့မြေမျက်နှာပြင်၏ ၇၁ ရာခိုင်နှုန်းသည် ရေများ ဖုံးလွှမ်းလျက်ရှိသော်လည်း ကမ္ဘာ့ရေထု စုစုပေါင်း၏ ၉၇ ဒသမ ၅ ရာခိုင်နှုန်းသည် ပင်လယ်သမုဒ္ဒရာ ဆားငန် ရေများ ဖြစ်ကြကြောင်း၊ ကျန် ၂ ဒသမ ၅ ရာခိုင်နှုန်းခန့်သာ ရေချိုများဖြစ်ပြီး၊ အဆိုပါ ရေချိုများ၏ ၆၈ ရာခိုင်နှုန်းသည်လည်း ရေခဲတောင်များ၊ ဝင်ရိုးစွန်းများနှင့် လေထု ထဲတွင် မိုးတိမ်နှင့် ရေငွေ့များအဖြစ် တည်ရှိနေခြင်းကြောင့် အသုံးမပြုနိုင်ကြောင်း၊ မြေပြင်ပေါ်ရှိ ရေအားလုံး၏ ၀ ဒသမ ၅ ရာခိုင်နှုန်းနှင့် မြေအောက်ရေ ၃၀ ဒသမ ၁ ရာခိုင်နှုန်းကိုသာ သုံးစွဲနိုင်သည့်အတွက် အသုံးပြုနိုင်သည့်ပမာဏ အလွန် နည်းပါး သည်ကို တွေ့ရကြောင်း၊ ထို့ကြောင့် ကမ္ဘာပေါ်တွင် ရေချိုအရင်းအမြစ်များ အကန့် အသတ်ရှိနေသည်ကို တွေ့ရမည်ဖြစ်ကြောင်း။
၂၀၂၂ ခုနှစ်၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)၏ လေ့လာမှုများအရ နှစ်စဉ်လူဦးရေ ၁ ဒသမ ၄ သန်းသည်မသန့်ရှင်းသည့်ရေကြောင့် ဖြစ်ပေါ်သည့် ရောဂါများနှင့် မိလ္လာမသန့်ရှင်းမှုများကြောင့် သေဆုံးနေကြရကြောင်း၊ လူဦးရေ ၇၄ သန်းသည်လည်း တဖြည်းဖြည်းနှင့် သက်တမ်းတိုတောင်း လာသည်ကို တွေ့ရကြောင်း၊ လာမည့် ၂၀၅၀ ပြည့်နှစ်တွင် ကမ္ဘာ့ရေလိုအပ်ချက်သည် ၅၅ ရာခိုင်နှုန်းအထိ တိုးတက်လာမည်ဟု ပညာရှင်များက ခန့်မှန်းထားကြကြောင်း၊ ထို့ပြင် ကမ္ဘာ့လူဦးရေ၏တစ်ဝက် နီးပါးဖြစ် သည့် သန်း ၃၆၀၀ သည် သန့်ရှင်းသည့် မိလ္လာစနစ် မရရှိသေးသည်ကို စစ်တမ်းများ ၌ဖော်ပြထားကြောင်း။
မိမိတို့ မြန်မာနိုင်ငံအနေဖြင့် ရေမူဝါဒများနှင့် ဥပဒေများ ဖော်ဆောင်ချမှတ်ပြီး စိုက်ပျိုးရေးကဏ္ဍအတွက် ရေတိုးမြှင့်ရရှိရေး၊ စွမ်းအင်ကဏ္ဍအတွက် ရေအားလျှပ်စစ် တိုးမြှင့် ထုတ်လုပ်နိုင်ရေး၊ အိမ်သုံးရေတိုးမြှင့်ပေးဝေနိုင်ရေး၊ စက်မှုလုပ်ငန်းသုံးရေ ပိုမိုပေးဝေနိုင်ရေးတို့အတွက် ဘက်စုံရေစီမံခန့်ခွဲမှုနည်းလမ်းများဖြင့် ရေအရင်းအမြစ် များကို ထိရောက်စွာစီမံခန့်ခွဲနိုင်ရေး ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း။
ရေစီမံခန့်ခွဲမှုသည် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ စိန်ခေါ်မှုများကို တုံ့ပြန် ဆောင် ရွက်နိုင်ရန်၊ စားနပ်ရိက္ခာဖူလုံမှုရှိစေရန်၊ ဆင်းရဲနွမ်းပါးမှုကို တိုက်ဖျက်ရန်၊ ဇီဝမျိုးစုံ မျိုးကွဲများကို ကာကွယ်ရန်၊ ရေညစ်ညမ်းမှုများကို တားဆီးရန်နှင့် ရေဆိုင်ရာပဋိပက္ခ ဖြေရှင်းရန်စသည့် ပန်းတိုင်များစွာကို ရောက်ရှိစေနိုင်မည့် အရေးကြီးသည့် အခြေခံ ခြေလှမ်းတစ်ရပ် ဖြစ်ကြောင်း၊ နိုင်ငံတကာက ကောင်းမွန်ပြည့်စုံသည့် ရေစီမံခန့်ခွဲမှု အလေ့အကျင့်ကောင်းများကို နမူနာ ယူပြီး မြန်မာနိုင်ငံအနေဖြင့် “အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီ”ကို ဖွဲ့စည်း ဆောင်ရွက်လျက်ရှိပြီး ရေဆိုင်ရာကဏ္ဍစုံကို စနစ်တကျ စီမံခန့်ခွဲနိုင်ရန်နှင့် ရေကဏ္ဍ အားလုံးကို လွှမ်းခြုံသည့် “အမျိုးသားရေ ဥပဒေ”တစ်ရပ် ရေးဆွဲပြဋ္ဌာန်းနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း။
မိမိတို့နိုင်ငံတစ်ဝန်း၌ တည်ဆောက်ထိန်းသိမ်းထားရှိသည့် ရေလှောင်တမံ၂၄၆ ခု၊ ရေလွှဲဆည် ၁၄၄ ခု၊ ရေကန်၇၂ခု၊ ရေတံခါး ၁၉၉ ခု နှင့် မြစ်ရေတင်လုပ်ငန်း၂၁၉ ခုရှိပြီး စိုက်ပျိုးရေပေးဝေခြင်း၊ သောက်သုံးရေပေးဝေခြင်းနှင့် အချို့ရေလှောင်တမံများ တွင် ရေအားလျှပ်စစ်ထုတ်လုပ်လျက်ရှိကြောင်း၊ မိမိတို့နိုင်ငံ၏ အဓိကမြစ်ကြီး ၄ စင်း ဖြစ်သည့် ဧရာဝတီ၊ ချင်းတွင်း၊ သံလွင်၊ စစ်တောင်းမြစ်နှင့် အခြားမြစ်ချောင်းများမှ ရေကိုစုပ်တင်ပြီး စိုက်ပျိုးရေပေးဝေရေး ဆောင်ရွက်လျက်ရှိသည့် မြစ်ရေတင်စီမံကိန်း စုစုပေါင်း ၃၉၀ ရှိပြီး စိုက်ပျိုးရေပေးဝေနိုင်သည့် မြေဧရိယာဧက ခုနှစ်သိန်း ငါးသောင်း နီးပါးရှိကြောင်း၊ ထို့အပြင် မြေအောက်ရေတွင်းများ တူးဖော်ပြီး စိုက်ပျိုးရေပေးဝေခြင်း လုပ်ငန်း ၁၄,၉၈၉ ခု ကနေ စိုက်ပျိုးမြေဧရိယာဧက ကိုးသိန်းသုံးသောင်းနီးပါးကို ရေပေးဝေလျက်ရှိကြောင်း။
မိမိတို့နိုင်ငံ၌ စိုက်ပျိုးရေးကဏ္ဍသည် ရေချိုသုံးစွဲမှုအများဆုံးဖြစ်ပြီး ၈၉ ရာခိုင်နှုန်းကို သုံးစွဲလျက်ရှိနေသောကြောင့် ရေအရင်းအမြစ်များကို အကျိုးရှိစွာ အသုံးချနိုင်ရေးနှင့် ရေရှည်တည်တံ့စေရန် စီမံခန့်ခွဲနိုင်ရေးသည် နိုင်ငံအတွက် အရေး ပါသည့်ကဏ္ဍတစ်ရပ် ဖြစ်လာကြောင်း၊ အနာဂတ် ရေဖူလုံစေရေးအတွက် ရေစီမံ အုပ်ချုပ်ရေးဟုခေါ်သည့် (Water Governance) လုပ်ငန်းများတွင် လူငယ်များ၏ပါဝင် မှုသည် လွန်စွာအရေးကြီးသည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ ရေရှည်တည်တံ့သည့် ရေစီမံခန့်ခွဲမှု အလေ့အကျင့်ကောင်းများ ရရှိစေရန် လူငယ်များကိုအသိပညာပေးခြင်း သည် အရေးပါသည့်အခန်းကဏ္ဍအဖြစ် ပါဝင်လျက်ရှိကြောင်း။
နောက်ထပ်အရေးကြီးသည့်အချက်မှာ ရေဆိုင်ရာအချက်အလက် (Data)များ ကိုအခြေခံပြီး သိပ္ပံနည်းကျရေစီမံခန့်ခွဲမှုနည်းလမ်းများတွင် အသုံးချခြင်းဖြင့် လူသား နှင့်သက်ရှိများစွာအတွက် အလွန်အကျိုးရှိကြောင်း သုတေသနများစွာက သက်သေပြ နိုင်သည်ကိုတွေ့ရှိရကြောင်း၊ ရေဆိုင်ရာ သိပ္ပံနည်းကျသုတေသနလုပ်ငန်းများတွင် ဆက်လက်ပြီး ရင်းနှီးမြှုပ်နှံခြင်းဖြင့် မိမိတို့တွင်ရှိပြီးဖြစ်သည့် ရေအရင်းအမြစ်များ၏ သဘော သဘာဝများကိုပိုမိုနားလည်နိုင်ရန် အထောက်အကူပြုမည်ဖြစ်ပြီး ရေအရင်း အမြစ်များကို အသုံးချနိုင်ရန်နည်းလမ်းများ၊ ရေနှင့်ဆိုင်သည့် သဘာဝဘေးအန္တရာယ် များမှ ကာကွယ်စောင့်ရှောက်နိုင်မည့်နည်းလမ်းများကို ရှာဖွေရာတွင်လည်းကောင်း၊ စီမံခန့်ခွဲမှုဆိုင်ရာ ဆုံးဖြတ်ချက်များချမှတ်ခြင်း(Decision-Making) ပြုလုပ်ရာတွင် လည်းကောင်း ပိုမိုတိကျစွာဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ယခုမိမိတို့နိုင်ငံတွင် လည်း “ရေအားအရင်း အမြစ်စူးစမ်းလေ့လာရေးအဖွဲ့” ဖွဲ့စည်းထားပြီးဖြစ်သဖြင့် ရေဆိုင်ရာ အချက်အလက်များကို စုစည်းကာ (Data Bank)တစ်ခု ဖြစ်ပေါ်လာရေး ဆောင်ရွက်လျက်ရှိကြောင်း။
ယခုနှစ် ကမ္ဘာ့ရေနေ့အထိမ်းအမှတ်ဆောင်ပုဒ်အတိုင်း “ငြိမ်းချမ်း သာယာ ဝပြောရေး ရေကဏ္ဍကိုမြှင့်တင်ပေး”နိုင်ရေးအတွက် ဝန်ကြီးဌာန၊ အဖွဲ့အစည်းများ၏ ပူးပေါင်းဆောင်ရွက်မှုဖြင့်လည်းကောင်း၊ ဥပဒေအားဖြင့်လည်းကောင်း၊ နည်းပညာ အားဖြင့်လည်းကောင်း၊ အစွမ်းကုန်ထိန်းသိမ်းသွားရန်လိုအပ်ပြီး အမြော်အမြင်ရှိစွာဖြင့် စီမံခန့်ခွဲဆောင်ရွက်ပေးကြရန်၊ အနာဂတ်ရေဖူလုံစေရေး လူငယ်များ၏ပါဝင်မှုသည် အရေးကြီးသည့်အတွက် လူငယ်များကို လေ့ကျင့်ပျိုးထောင်ရေးကို အလေးထား ဆောင်ရွက်ပေးကြရန်၊ မိမိတို့၏ လက်ရှိနှင့်အနာဂတ်မျိုးဆက်သစ်များအတွက် နိုင်ငံ ၏ရေအရင်းအမြစ်များကို ရေရှည်တည်တံ့ပြီး မျှတစွာသုံးစွဲနိုင်စေရန်၊ ရေအရင်းအမြစ် ကို ထိရောက်အကျိုးရှိစွာ ရေရှည်အသုံးပြုသွားနိုင်ရေး ရေဆိုင်ရာစီမံခန့်ခွဲမှု ကဏ္ဍများ တွင် အားလုံးအတူတကွ ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားလိုကြောင်း ဖြင့် ပြောကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ကမ္ဘာ့ရေနေ့ ၂၀၂၄ အထိမ်းအမှတ်အလွတ်တန်းအဆင့်ဆောင်းပါးပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယ ဆုရရှိခဲ့ကြသူများကို ဆုများပေးအပ်ချီးမြှင့်သည်။
၎င်းနောက် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဝန်ထမ်းများက “ကမ္ဘာ့ရေနေ့ ဂုဏ်ပြုတေးသီချင်း” ဖြင့်ဖျော်ဖြေတင်ဆက်သည်။
ယင်းနောက် အမျိုးသားအဆင့်ရေအရင်းမြစ်ကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယ ဝန်ကြီးချုပ်၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးက ကမ္ဘာ့ရေနေ့အထိမ်းအမှတ် ဝါသနာရှင်အဆင့် ဆောင်းပါး ပြိုင်ပွဲတွင် ဆုရရှိခဲ့သူများကို ဆုများပေးအပ်ချီးမြှင့်သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနား တက်ရောက်လာကြသူများက ကမ္ဘာ့ရေနေ့ ၂၀၂၄ အထိမ်းအမှတ် မှတ်တမ်းဗီဒီယိုနှင့် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဝန်ထမ်းများကတင်ဆက်ကြသည့် “မေတ္တာရေတစ်စက်” ပြဇာတ်တို့ကို ကြည့်ရှုအား ပေးကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဖျော်ဖြေတင်ဆက်ခဲ့ကြသူများအား ဂုဏ်ပြုပန်းခြင်းနှင့်ဂုဏ်ပြုချီးမြှင့်ငွေတို့ကို ပေးအပ် သည်။
၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြသူများသည် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အခမ်းအနား တက် ရောက်လာကြသူများကို ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြသူများသည် ကမ္ဘာ့ရေနေ့ ၂၀၂၄ အထိမ်းအမှတ်ပြခန်း များအတွင်း ပြခန်းတစ်ခုချင်းစီအလိုက် စိတ်ပါဝင်စားစွာဖြင့် လှည့်လည်ကြည့်ရှုကြရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြခဲ့ကြကြောင်းသတင်းရရှိသည်။