တွံတေးမြို့နယ်တွင် မြေးအဖွား ၂ ဦးသာ ရှိသည့်အနက် မြေးဖြစ်သူ စစ်မှုထမ်းရန် သိရှိရသဖြင့် အဖွားဖြစ်သူ နှလုံးရပ်သေဆုံးကြောင်း သတင်းတု၊ သတင်းအမှား များကို မဟုတ်မမှန်ရေးသားဖြန့်ဝေလျက်ရှိ နေပြည်တော်၊ မတ် ၂၂

Friday, March 22, 2024 - 16:00

          ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်၊ လက်ပံကုန်းကျေးရွာတွင် မြေးအဖွား ၂ ဦးသာရှိသည့်အနက် မြေးဖြစ်သူသည် စစ်မှုထမ်းဆောင်ရမည်ဟု သိရသည့် အ အတွက် အဖွားဖြစ်သူမှာ မတ်လ ၁၅ ရက်နေ့တွင် နှလုံးရပ်သေဆုံးသွားကြောင်း ပြည်သူ့ စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ ပြည်သူများ အထင်အမြင်လွဲမှားစေရန် အတွက် တရားမဝင်ပြည်ဖျက်မီဒီယာများက လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် မဟုတ်မမှန် လုပ်ကြံရေးသား ဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

          အဆိုပါ သတင်းနှင့်ပတ်သက်၍ တွံတေးမြို့နယ်စီမံအုပ်ချုပ်ရေးတာဝန်ရှိသူ တစ်ဦး၏ပြောကြားချက်အရ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်ပြီး ပြည်သူများ ထင်ယောင်ထင်မှား မဖြစ်စေရန်နှင့် သိရှိနားလည်စေရန် အသိပညာပေး ဟောပြော ခြင်းများကို သက်ဆိုင်ရာတာဝန်ရှိသူများမှ ဆွေးနွေးဟောပြောဆောင်ရွက်လျက်ရှိ ခြင်း၊ ပြည်သူ့စစ်မှုထမ်းဥပဒေတွင်လည်း အခြားပြုစုစောင့်ရှောက်မည့်သူမရှိသော မိအိုဖအိုများကို ပြုစုလုပ်ကျွေးနေသူများ စစ်မှုထမ်းဆောင်ရမည့်တာဝန်မှ ယာယီ ရွှေ့ဆိုင်းနိုင်ကြောင်း ပါဝင်ခြင်းတို့ကြောင့် လူမှုကွန်ရက်ပေါ်တွင် ရေးသားဖြန့်ဝေ ထားသည့် လက်ပံကုန်းကျေးရွာမှ မြေးအဖွား ၂ ဦးသာရှိသည့်အနက် မြေးဖြစ်သူ စစ်မှုထမ်းဆောင်ခိုင်းကြောင်း ရေးသားထားသည်မှာ လုပ်ကြံရေးသားထားခြင်းသာ ဖြစ်ကြောင်းသိရှိရသည်။

အဆိုပါ အဖွားဖြစ်သူမှာ အသက်၈၀ ကျော်အရွယ်ဖြစ်ပြီး မြေးအဖွား ၂ ဦး တည်းမဟုတ်ဘဲ ၎င်း၏ သား ၃ ယောက်၊ သမီး ၁ ယောက် တို့နှင့်အတူ တွံတေး မြို့နယ်၊ လက်ပံကုန်းကျေးရွာတွင် နေထိုင်လျက်ရှိကြောင်းနှင့် ပြည်သူများ အနေဖြင့် တရားမဝင်ပြည်ဖျက်မီဒီယာများ၏ သတင်းတု၊ သတင်းအမှားများ၊ ကောလာဟလသတင်းများကို သတိပြုဆင်ခြင်နိုင်ရန် အတွက် ပြည်သူ့စစ်မှုထမ်း ဥပဒေနှင့်ပတ်သက်သည့် မိမိတို့သိရှိလိုသော သတင်းအချက်အလက်များကို ပြည်သူ့စစ်မှုထမ်းဆင့် ခေါ်ရေးဗဟိုအဖွဲ့သို့ ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါ ကြောင်းနှင့် ဆက်သွယ်ရမည့် ဖုန်းနံပါတ်များကိုလည်း နိုင်ငံပိုင်မီဒီယာများမှတဆင့် ထုတ်ပြန်ကြေငြာ ထားရှိကြောင်း သတင်းရရှိပါသည်။