ပြည်သူ့စစ်မှုထမ်းဥပဒေကြောင့် နယ်စပ်နှင့်ပြည်ပသို့ ထွက်ခွာသူများပြားနေကြောင်း ကောလာဟလသတင်းအမှားများကို ဝါဒဖြန့်ဝေလျက်ရှိ နေပြည်တော်၊ မတ် ၂၀

Wednesday, March 20, 2024 - 15:45

          နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ပြည်သူ့စစ်မှုထမ်းဥပဒေအား ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် စတင်အာဏာတည်ကြောင်း သတ်မှတ်သည့် အမိန့်ကြော်ငြာစာဖြင့် ထုတ်ပြန်ခဲ့သည့်အတွက် ပြည်သူများ နယ်စပ်နှင့်ပြည်ပများ သို့ ထွက်ခွာသူများပြားနေကြောင်း ကောလာဟလသတင်းအမှားများကို ပြည်ဖျက် NUG အဖွဲ့မှ ပြည်သူများကို ထင်ယောင်ထင်မှားဖြစ်စေရန်အတွက် ဝါဒဖြန့်ဝေ နေသည်ကို တွေ့ရှိရသည်။

          အဆိုပါကောလာဟလသတင်းသည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်း သားစည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး ဟူသည့် ဒို့တာဝန်အရေးသုံးပါးကို စောင့်ထိန်းရန်အလို့ငှာ နိုင်ငံသူ၊ နိုင်ငံသားတိုင်း စစ်ပညာသင်ကြားတတ်မြောက်ပြီး နိုင်ငံတော်ကာကွယ်ရေးအတွက်  စစ်မှုထမ်း ဆောင်ကြမည်ကို ပြည်ဖျက် NUG အဖွဲ့မှ မနာလိုမရှုစိတ်ဖြင့် အဖျက်သဘော ဆောင်ကာ နိုင်ငံသူ၊ နိုင်ငံသားများ၏ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်များကို မဟုတ်မမှန်ကောလာဟလသတင်းများဖြင့် ထင်ယောင်ထင်မှားဖြစ်စေရန် လည်းကောင်း၊ အကြမ်းဖက်အဖွဲ့အစည်းများသို့ လူငယ်လူရွယ်များဝင်ရောက် လာစေရန် စည်းရုံးသိမ်းသွင်းနေခြင်းသာဖြစ်ပါသည်။

          ထို့အပြင် အကြမ်းဖက်အဖွဲ့အစည်းများမှလည်း တောမီးလောင်တောကြောင် လက်ခမောင်းခတ် ဆိုသကဲ့သို့ နိုင်ငံရေးသဘောထားကွဲလွဲမှုများကြောင့် ဖြစ်ပေါ် နေသည့်ပဋိပက္ခများကို အခွင့်ကောင်းယူ၍ ပြည်သူများကို ဒလန်ဟု စွပ်စွဲ၍ ဖမ်းဆီးသတ်ဖြတ်ခြင်း၊ နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းနှင့် အများပြည်သူ အသုံးပြုသွားလာနေသည့် လမ်းများပေါ်တွင် မိုင်းထောင်ထားရှိခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များဖြင့် ပြုမှုလုပ်ဆောင်လျက်ရှိရာ ယခုအခါတွင်လည်း နိုင်ငံ့ဝန်ထမ်းများ၊ အုပ်ချုပ်ရေးတာဝန်ရှိသူများဖြစ်ကြသည့် သက်ဆိုင်ရာ စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များမှ တာဝန်ရှိသူများကို ခြိမ်းခြောက်အကြပ်ကိုင်လျက် ရှိပါသည်။

          ထို့ကြောင့် တရားမဝင်ပြည်ဖျက်မီဒီယာများနှင့် အကြမ်းဖက်အဖွဲ့အစည်း များသည် နိုင်ငံသူ၊ နိုင်ငံသားများ ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ စစ်ပညာသင် ကြားတတ်မြောက်မှုမရှိစေရန်နှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်း ဆောင်နိုင်ခြင်းမရှိစေရန် လုပ်ကြံသတင်းများ၊ ကောလာဟလသတင်းများကို ပြည်သူများအထင်အမြင်လွဲမှားစေရန် ရည်ရွယ်ချက်ရှိရှိ ဝါဒဖြန့်ဝေလျက်ရှိရာ နိုင်ငံတော်အစိုးရအနေဖြင့်လည်း ပြည်သူ့စစ်မှုထမ်းဆိုင်ရာ သတင်းအချက်အလက် များကို နိုင်ငံပိုင်မီဒီယာများမှတဆင့် စစ်မှုထမ်းဆိုင်ရာ အသိပညာပေးသတင်းများ၊ ထုတ်လွှင့်ချက်များကို စဉ်ဆက်မပြတ် ထုတ်လွှင့်အသိပေးလျက်ရှိပြီး https://mod.gov.mm/node/74 တို့တွင်လည်း ဝင်ရောက်ကြည့်ရှု လေ့လာနိုင် ပါကြောင်း သတင်းရရှိပါသည်။