ကလေးနည်းပညာတက္ကသိုလ်အနီးရှိ နေအိမ်အချို့ကို လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများကို မဟုတ်မမှန်စွပ်စွဲ ရေးသားဖြန့်ဝေလျက်ရှိ နေပြည်တော်၊ မတ် ၁၉

Tuesday, March 19, 2024 - 17:00

          စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးနည်းပညာတက္ကသိုလ်အနီးရှိ ထိုမာကျေးရွာ နှင့် ဇင်းကလင်းကျေးရွာကြားရှိ နေအိမ်အချို့ကို မတ်လ ၁၇ ရက်နေ့က လုံခြုံရေး တပ်ဖွဲ့ဝင်များမှ မီးရှို့ဖျက်ဆီးခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများကို တရားမဝင် ပြည်ဖျက်မီဒီယာများက ပြည်သူများအထင်အမြင်လွဲမှားစေရန် မဟုတ်မမှန်စွပ်စွဲ ရေးသားထားသည်ကို တွေ့ရှိရသည်။

          အကြမ်းဖက်သောင်းကျန်းသူများနှင့် PDF အမည်ခံအကြမ်းဖက်သမားများ သည် မြို့၊ ရွာများ တည်ငြိမ်အေးချမ်းလျက်ရှိပြီး ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ပညာသင်ကြားနေသည်ကို မနာလိုမရှုစိတ်ဖြစ်ကာ လက်နက် ကြီးများ၊ ဒရုန်းများဖြင့် အများပြည်သူနေထိုင်ရာ ကျေးရွာများအတွင်းနှင့် စာသင် ကျောင်းများ၊ တက္ကသိုလ်များကို ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် နေအိမ်များ၊ ပညာရေးအဆောက်အဦများ မီးလောင်ပျက်စီးခဲ့ခြင်း၊ အပြစ်မဲ့ပြည်သူများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ ထိခိုက်သေဆုံးခဲ့ရပါသည်။ ထို့အပြင် တက္ကသိုလ် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများကို ခြိမ်းခြောက်အကြပ်ကိုင်ခြင်း၊ ဖမ်းဆီးသတ်ဖြတ်ခြင်းနှင့် လူသားတံတိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်ခြင်းများ လုပ်ဆောင်လျက်ရှိကို မိဘပြည်သူများအနေနှင့်လည်း သိရှိပြီးဖြစ်ပါသည်။

          ယခုဖြစ်စဉ်သည်လည်း အကြမ်းဖက်သောင်းကျန်းသူများနှင့် PDF အမည်ခံ အကြမ်းဖက်သမားများက မတ်လ ၁၇ ရက်နေ့တွင် ကလေးနည်းပညာတက္ကသိုလ် အား လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် လာရောက်တိုက်ခိုက်ခဲ့ရာ လုံခြုံရေး          တပ်ဖွဲ့ဝင်များ၏ ပြန်လည်တိုက်ခိုက်ခဲ့မှုကြောင့် အကြမ်းဖက်သမားများ ဆုတ်ခွာ ထွက်ပြေးသွားခဲ့ပြီး ကလေးနည်းပညာတက္ကသိုလ်အနီးရှိ နေအိမ်များကို မီးရှို့ ထွက်ပြေးသွားခဲ့ကြောင်း လုံခြုံရေးတာဝန်ရှိသူတစ်ဦး ပြောကြားချက်အရ သိရှိရပါ သည်။

          အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် ဒေသခံပြည်သူများ၏ အသက် အိုးအိမ်စည်းစိမ်ဥစ္စာများကို ထောက်ထားငဲ့ညာမှုမရှိဘဲ ပြည်သူများနေထိုင်ရာ မြို့၊ ရွာများအတွင်းသို့ လက်နက်ကြီးများ၊ ဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် အပြစ်ပုံချကာ ပြည်သူများ အထင်အမြင်လွဲမှားစေရန်အတွက် မဟုတ်မမှန်လုပ်ကြံရေးသား ဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သတင်းရရှိပါသည်။