နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးအောင်လင်းဒွေး မွန်ပြည်နယ်နေ့အထိမ်းအမှတ် ပြခန်းများ၊ ဒေသထွက်ကုန်နှင့် ရိုးရာအစားအစာ အရောင်းပြခန်းများ ဖွင့်လှစ်ပြသရောင်းချနေမှု နှင့် မွန်ရိုးရာ အဆို၊ အက၊ အတီး ပြိုင်ပွဲများ ယှဉ်ပြိုင်နေမှု

Monday, March 18, 2024 - 15:00

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးအောင်လင်းဒွေး မွန်ပြည်နယ်နေ့အထိမ်းအမှတ် ပြခန်းများ၊ ဒေသထွက်ကုန်နှင့် ရိုးရာအစားအစာ အရောင်းပြခန်းများ ဖွင့်လှစ်ပြသရောင်းချနေမှု နှင့် မွန်ရိုးရာ အဆို၊ အက၊ အတီး ပြိုင်ပွဲများ ယှဉ်ပြိုင်နေမှု ကြည့်ရှုအားပေး

မော်လမြိုင် မတ် ၁၈

၂၀၂၄ခုနှစ် မတ် ၁၉ ရက်တွင် ကျရောက်မည့် နှစ်(၅၀)ပြည့် ရွှေရတုမွန်ပြည်နယ်နေ့ အခမ်းအနားသို့ တက်ရောက်ရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီးအောင်လင်းဒွေး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စု ဝန်ကြီးများသည် ယနေ့ညနေပိုင်း တွင် တပ်မတော်လေယာဉ်ဖြင့် မော်လမြိုင် လေဆိပ်သို့ ရောက်ရှိကြရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် တိုင်းရင်းသားရိုးရာအဖွဲ့များက နွေးထွေးစွာ ကြိုဆိုနှုတ်ဆက်ကြသည်။

          ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး နှင့်အဖွဲ့သည် မော်လမြိုင်မြို့ သမိန်ဗရမ်းဘက်စုံသုံးကွင်း၌ နှစ်(၅၀)ပြည့် ရွှေရတုမွန်ပြည်နယ်နေ့အထိမ်းအမှတ်ပြခန်းများ၊ ဒေသထွက်ကုန်နှင့် ရိုးရာအစားအစာ အရောင်းပြခန်းများ ဖွင့်လှစ်ပြသရောင်းချနေမှုကို ကြည့်ရှုအားပေးကြသည်။

          အဆိုပါ ပြခန်းများကို မွန်ပြည်နယ်၏ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းဆောင်ရွက် ချက်များကို တိုင်းရင်းသားပြည်သူများ လေ့လာသိရှိနိုင်စေရန်နှင့် ပြည်နယ်အတွင်းရှိ တိုင်းရင်း သားတို့၏ ရိုးရာဓလေ့ဆိုင်ရာများ၊ တိုင်းရင်းသားရိုးရာအစားအစာများကို ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရေး ရည်ရွယ်၍ ခင်းကျင်းပြသနေခြင်းဖြစ်ပြီး ပြခန်းများအနေဖြင့် လယ်ယာကဏ္ဍ ၁၁ ခန်း၊ စက်မှုကဏ္ဍ ၁၀ ခန်း၊ ဝန်ဆောင်မှုကဏ္ဍ ၁၀ ခန်း၊ ပညာရေးပြခန်း ရှစ်ခန်း၊ ကျန်းမာရေးပြခန်း ရှစ်ခန်း၊ အသေးစား၊ အငယ်စား၊ အလတ်စားထုတ်ကုန်အရောင်းပြခန်း ၁၁ခန်း စုစုပေါင်း ၅၈ ခန်းအပြင် ဒေသတိုင်းရင်းသားရိုးရာအစားအစာအရောင်းပြခန်းများကို လည်း ပြသရောင်းချပေးနေကြောင်း သိရသည်။

          ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး နှင့်အဖွဲ့သည် မွန်ပြည်နယ်နေ့အထိမ်းအမှတ် မွန်ရိုးရာ အဆို၊ အက၊ အတီး ပြိုင်ပွဲများ ယှဉ်ပြိုင်နေမှုကို ကြည့်ရှုအားပေးကြသည်။