မြဝတီမြို့၊ ရွာသစ်ကျေးရွာအတွင်းသို့ KNLA အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများက လက်နက်ကြီး များဖြင့် ပတ်ခတ်မှုကြောင့်  အမျိုးသမီး ၁ ဦး သေဆုံးပြီး အမျိုးသား ၃ ဦး ထိခိုက်ဒဏ်ရာရရှိ နေပြည်တော်၊ ၂၀၂၄ မတ် ၁၂

Wednesday, March 13, 2024 - 03:30

            ကရင်ပြည်နယ်၊ မြဝတီမြို့အတွင်းသို့ KNLA အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများက မတ် ၇  ရက် ညနေပိုင်းတွင် လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် အပြစ်မဲ့ အရပ်သား ပြည်သူ ၁ ဦးသေဆုံးပြီး ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။

          ဖြစ်စဉ်မှာ မြဝတီမြို့၊ ရွှေမြစန္ဒီတိုးချဲ့ကွက်သစ်နေရာမှ KNLA အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများက မွန်းလွဲ ၂ နာရီ ၅ မိနစ်ခန့်တွင်  ရွာသစ် ကျေးရွာအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ လက်နက်ကြီး ကျည်များသည် ကျေးရွာအတွင်းရှိ ဒေါ်ဇင်မာထွန်း(ဘ)ဦးထွန်းကြည် ၏ နေအိမ်ပေါ်သို့ ကျရောက် ပေါက်ကွဲခဲ့ပြီး ဒေါ်ဇင်မာထွန်း သည် လက်နက်ကြီးအစ ထိမှန်ဒဏ်ရာဖြင် သေဆုံး ခဲ့ကာ ၎င်း၏ နေအိမ်အနီးတွင် နေထိုင်သည့် အမျိုးသား ၃ ဦး (စိုးရိမ်ရ) ထိခိုက် ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရှိရသည်။

အဆိုပါသေဆုံးသူနှင့် ဒဏ်ရာရရှိသူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် လူမှုရေးအသင်းအဖွဲ့များက မြဝတီခရိုင်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ပြီး ထိခိုက်ဒဏ်ရာ ရရှိသူများအား လိုအပ်သည့် ဆေးကုသမှုခံယူစေ လျက်ရှိကြောင်း သိရှိရသည်။

          ထိုသို့ အပြစ်မဲ့အရပ်သားပြည်သူများ နေထိုင်ရာ မြို့/ရွာများအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည့် အကြမ်းဖက်သမားများအား ဒေသခံပြည်သူများ ကန့်ကွက်ရှုတ်ချလျက်ရှိပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ် သည့် လုံခြုံရေးလုပ်ငန်းများအား ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိ သည်။