အကြမ်းဖက်သောင်းကျန်းသူများ၏ မိုင်းဖောက်ခွဲမှုကြောင့် ရန်ကုန်-မန္တလေးရထားလမ်းပိုင်းအတွင်း ကျောက်ဆည်-မင်းစုဘူတာအကြား တံတားအမှတ် (၇၃၈) ၏ အစုန်/အဆန် ရထားသံလမ်းနှင့် ကွန်ကရစ်ဇလီဖားတုံးများပျက်စီးဆုံးရှုံးမှုဖြစ် နေပြည်တော်   မတ် ၁၀

Monday, March 11, 2024 - 16:00

ယနေ့ နံနက် ၀၈:၄၀ ခန့်တွင် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းအတွင်း ကျောက်ဆည်-မင်းစုဘူတာအကြား၊ မိုင် ၃၅၃/၂၄ နှင့် ၃၅၄/၁ ကြား တံတားအမှတ် ၇၃၈ ၏ အစုန်/အဆန် ပေ ၂၀ သံဘောင်တံတားနှင့် ကွန်ကရစ်တံတားများ ပေါ်တွင် မိုင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သတင်းအရ နယ်မြေခံလုံခြုံရေးအဖွဲ့မှ သွားရောက် စစ်ဆေးခဲ့ရာ တံတားများရှိ အရှေ့ဘက်ခြမ်းသံလမ်းများ(၂)ပေခန့်စီ ပြတ်ထွက်နေပြီး မကွဲသေး သော လက်ကျန် မိုင်း(၁)လုံး အား တွေ့ရှိခဲ့သဖြင့် မင်းစု-ကျောက်ဆည် အစုန်/အဆန်လမ်းပိုင်း များအား နံနက်၈ နာရီ ၅၀ မိနစ်အချိန်တွင် ခေတ္တပိတ်ခဲ့ရသည်။

မိုင်းပေါက်ကွဲမှု ဖြစ်စဉ်ဖြစ်ပွားရာနေရာသို့ နယ်မြေဒေသတာဝန်ရှိသူများ၊ နယ်မြေခံ လုံခြုံရေးတပ်ဖွဲ့ဝင်တို့က အချိန်နှင့်တပြေးညီ နယ်မြေရှင်းလင်းစစ်ဆေးခြင်း၊ မပေါက်ကွဲသေး သည့်မိုင်းအား သက်မဲ့ပြုလုပ် ရှင်းလင်းခြင်းများဆောင်ရွက်ခဲ့ပြီး၊ မြန်မာ့မီးရထား ဝန်ထမ်းများ ကလည်း ရထားလမ်းပိုင်းအား အမြန်ဆုံးပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ပျက်စီးသွားသော ရထားလမ်းပိုင်းအား ချက်ချင်းပြုပြင်မွမ်းမံဆောင်ရွက်နိုင်ခဲ့သဖြင့် ကျောက်ဆည်-မင်းစု အဆန် လမ်းပိုင်းကို နေ့လည် ၁ နာရီ ၆ မိနစ်နှင့် အစုန်လမ်းပိုင်းအား နေ့လည် ၃ နာရီ ၂၀ မိနစ် အချိန် တို့တွင် အသီးသီးပြန်လည်ဖွင့်လှစ်ပေးနိုင်ခဲ့ပါသည်။

အဆိုပါဖြစ်စဉ်ကြောင့် လူစီးရထားများကြန့်ကြာမှုမရှိသော်လည်း ကုန်ရထားများ ကြန့်ကြာမှုဖြစ်ပေါ်ခဲ့ကြောင်းသိရှိရပြီး၊ ၇၅ ပေါင်သံလမ်း၊ ကွန်ကရစ် ဇလီဖားတုံးနှင့် သစ်သား ဇလီဖားတုံးများ ပျက်စီးဆုံးရှုံးမှု ဖြစ်ပေါ်ခဲ့ကြောင်း သိရှိရပါသည်။

          အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များအနေဖြင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ(၁)ရက်နေ့မှ စ၍ ယခုအချိန်အထိ မြန်မာ့မီးရထားလမ်းကွန်ယက်တစ်ခုလုံးတွင် ရထားလမ်းနှင့် ရထားဘူတာ နယ်မြေအတွင်း ဗုံးထောင်မိုင်းခွဲ/ဖျက်ဆီးခြင်း(၁၃၀)ကြိမ်၊ ရထားတံတားများအား မိုင်းခွဲဖျက်ဆီး ခြင်း (၄၉) ကြိမ်၊ ဘူတာအဆောက်အဦနှင့် ဝန်ထမ်းနေအိမ်များအား မီးရှို့ဖျက်ဆီးခြင်း(၁၂)ကြိမ် ကျူးလွန်ခဲ့ကြပြီးဖြစ်ပါသည်။

နိုင်ငံတော်အစိုးရအနေဖြင့် အများပြည်သူ ခရီးသွားလာမှုနှင့် ကုန်စည်ပို့ဆောင်မှု အဆင်ပြေချောမွေမြန်ဆန်စေရေးအတွက် ရထားလမ်းအခြေခံအဆောက်အဦများပိုမိုကောင်းမွန် လာစေရေး၊ ရထားပို့ဆောင်ရေးစနစ်ကို အဆင့်မြှင့်တင်နေသည့် စီမံကိန်းလုပ်ငန်းများကို ရည်မှန်းချက်ထားရှိ၍ စီမံဆောင်ရွက်ပေးလျက်ရှိသော်လည်း အကြမ်းဖက်သောင်းကျန်းသူများ ကမူ နိုင်ငံတော်ပိုင် ရထားစက်ခေါင်း၊ တွဲများနှင့် ခရီးသည်များ၊ ကုန်စည်များ ထိခိုက်ပျက်စီးစေ ရေး၊ ပြည်သူများအသက်အန္တရာယ်ထိခိုက်ပြီး စိတ်မချမ်းမြေ့စေရေး ရထားဖြင့် ခရီးသွားလာမှု မပြုရဲအောင် ခြိမ်းခြောက်ခြင်းတို့ကို ယုတ်မာပက်စက်သော ရည်ရွယ်ချက်များဖြင့် အကြိမ်ကြိမ် ကျူးလွန်နေကြသောကြောင့် အဆိုပါအကြမ်းဖက်သောင်းကျန်းသူများ၏ ယုတ်မာပက်စက်မှုများ အပေါ် ဒေသခံပြည်သူတစ်ရပ်လုံးက ပြင်းထန်စွာ ဆန့်ကျင်ကန့်ကွက် ရှုတ်ချလျက်ရှိကြောင်း သတင်းရရှိပါသည်။