တိုင်းပြည်အတွက် မဖြစ်သင့်သည်များကို မဖြစ်အောင်ကာကွယ်ဆောင်ရွက်ခြင်းသည် နိုင်ငံတော်ကို ကာကွယ်နေခြင်းဖြစ်ပြီး နိုင်ငံတော်နှင့် တပ်မတော်အပေါ် သစ္စာစောင့်သိရမည်ဖြစ်
နေပြည်တော် မေ ၁၈
တပ်မတော်အနေဖြင့် ပြည်သူကရွေးခြယ်ထားသည့် ပါတီစုံဒီမိုကရေစီ လမ်းကြောင်း ခိုင်ခိုင်မာမာဖြစ်စေရန် နိုင်ငံတော်၏တာဝန်များကို ဥပဒေနှင့်အညီ ခေတ္တတာဝန်ယူထမ်း ဆောင်နေခြင်းဖြစ်သဖြင့် ပေးအပ်လာသည့်တာဝန်များကို ကျေပွန်အောင် ကြိုးပမ်းဆောင်ရွက်ကြ ရန်လိုကြောင်း၊ လက်ရှိဖြစ်ပေါ်နေသည့် အခြေအနေ အရပ်ရပ်ကို ဆင်ခြင်သုံးသပ်ပြီး နိုင်ငံတော်အတွက် မဖြစ်သင့်တာ မဖြစ်ရအောင် ထိန်းသိမ်းဆောင်ရွက်ကြရန်လိုကြောင်းနှင့် နိုင်ငံတော်နှင့် တပ်မ တော်အပေါ် သစ္စာစောင့်သိရမည်ဖြစ်ကြောင်းဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့ မွန်းလွဲပိုင်းတွင် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၊ မန္တလေး တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံအမှာစကား ပြောကြားစဉ် ထည့်သွင်း ပြောကြား သည်။
အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အတူ ဇနီး ဒေါ်ကြူကြူလှ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့်ဇနီး၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ၊ အလယ်ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦးနှင့် မန္တလေးတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများ တက်ရောက်ကြသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် က အမှာစကား ပြောကြားရာတွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် ဖြစ်ပေါ်ခဲ့သည့် မသင်္ကာဖွယ်မဲစာရင်းများနှင့် ပတ်သက်၍ တပ်မတော်မှ စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း၊ မဲစာရင်းမှား ယွင်းမှုများကို ဒီမိုကရေစီ နည်းလမ်းများနှင့်အညီ အတတ်နိုင်ဆုံး ဖြေရှင်းဆောင်ရွက်ရန် ကြိုးစားခဲ့သော် လည်း မည်သို့မျှ ဆွေးနွေးညှိနှိုင်းဖြေရှင်းမရသည့်အပြင် တတိယအကြိမ်လွှတ်တော်ခေါ်ယူ၍ နိုင်ငံတော်၏ အာဏာကို ဒီမိုကရေစီနည်းလမ်းနှင့်ညီညွတ်မှုမရှိဘဲ အတင်းအဓမ္မ ရယူရန် ကြံစည်ကြိုးပမ်းလာ မှုများကြောင့် တပ်မတော်အနေဖြင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေ (၂၀၀၈ ခုနှစ်)ပါ ပြဋ္ဌာန်းချက်များနှင့်အညီ ယာယီသမ္မတ၏ လွှဲအပ်ချက်အရ နိုင်ငံတော်၏တာဝန်များကို ထိန်းသိမ်းဆောင်ရွက်နေရခြင်းဖြစ်ကြောင်း၊ ရွေးကောက် ပွဲမတိုင်မီတွင်လည်း လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲဖြစ်ရန် လိုအပ် ကြောင်းကို မိမိအနေဖြင့် အမြဲတိုက်တွန်းပြောကြားခဲ့ကြောင်း။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ဖွဲ့စည်းပြီး နိုင်ငံတော်ကို အဘက်ဘက်မှ ဖွံ့ဖြိုးတိုး တက်အောင် တည်ဆောက်လျက်ရှိကြောင်း၊ တပ်မတော် အနေဖြင့် စစ်မှန်သည့် ဒီမိုကရေစီဖြစ်စေရေး၊ စည်းကမ်းရှိပြီး ခိုင်မာသည့် ဒီမိုကရေစီ ဖြစ်စေရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအနေဖြင့် ရှေ့လုပ်ငန်းစဉ် ၅ ရပ်ကို ချမှတ်ဆောင်ရွက်လျက်ရှိပြီး ပထမဦးစားပေးအနေဖြင့် မဲစာရင်းများကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ စိစစ်လျက်ရှိပြီး တွေ့ရှိချက်များကို ထုတ်ပြန်ကြေညာလျက်ရှိကြောင်း၊ COVID-19 ရောဂါကာကွယ်တားဆီးရေးဆိုင်ရာများနှင့် ကာကွယ်ဆေးထိုးနှံရေးဆိုင်ရာများကို လည်း ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း၊ COVID-19 ရောဂါဖြစ်ပွားမှုကြောင့် ပိတ်ထားရသည့် စာသင်ကျောင်းများ အမြန်ဆုံးပြန်လည်ဖွင့်လှစ်နိုင်ရေး ကြိုးပမ်း ဆောင်ရွက် လျက်ရှိကြောင်း၊ လက်ရှိအခြေအနေများအရ ရောဂါဖြစ်ပွားမှုနှုန်းလျော့ကျ လာပြီဖြစ်သည့်အတွက် ကျောင်းများ အမြန်ဆုံးပြန်လည်ဖွင့်လှစ်နိုင်ရန် အခြေအနေ များရှိနေပြီး သက်ဆိုင်ရာ အဖွဲ့အစည်းများမှ ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်လျက်ရှိ သော်လည်း အချို့သော မသမာသူများက စာသင်ကျောင်းများအား မီးရှို့ခြင်း၊ ဗုံးခွဲခြင်း၊ ဆရာ၊ ဆရာမနှင့် ကျောင်းသူ၊ ကျောင်းသားများအား ကျောင်းမတက်နိုင်စေရန် ခြိမ်းခြောက်ခြင်းတို့ဖြင့် နှောင့်ယှက် ဖျက်ဆီးလျက်ရှိကြောင်း၊ စာပေသင်ကြားနိုင်ရန် စီစဉ်နေခြင်းသည် တစ်နိုင်ငံလုံးရှိ ကျောင်းနေအရွယ် ကလေးများအားလုံး စာပေ သင်ကြားနိုင်ရေး စီစဉ်ဆောင်ရွက်နေခြင်းသာ ဖြစ်သဖြင့် အဖျက်အမှောင့် လုပ်ငန်းများ လုပ်ဆောင်နေမှုများသည် စိတ်ဓာတ် မကောင်းမွန်သည့် လုပ်ရပ် များဖြစ်သည်ကို တွေ့မြင်ကြရမည်ဖြစ်ကြောင်း။
ပညာရေးဝန်ထမ်းများနှင့် ကျန်းမာရေးဝန်ထမ်းများသည် ပြည်သူလူထုအတွက် စာပေသင်ကြား ပေးရန်နှင့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးရန် တာဝန်ရှိကြောင်း၊ လက်ရှိအချိန်တွင် နိုင်ငံတော်တိုး တက်ရေး မလိုလားသူတို့၏ သွေးထိုးစကားများအရ CDM လှုပ်ရှားမှုများကြောင့် အချို့သော ပညာရေးနှင့် ကျန်းမာရေးဝန်ထမ်းများ လုပ်ငန်း ခွင်သို့ ပြန်လည်ရောက်ရှိလာခြင်းမရှိသည်ကို တွေ့ရှိရကြောင်း၊ နိုင်ငံ့ဝန်ထမ်းများအနေ ဖြင့် မိမိတို့၏ တာဝန်ဝတ္တရားနှင့် တစ်ဦးချင်း၏ စိတ်ခံစားချက်များကို ခွဲခြားရမည် ဖြစ်ပြီး ပါတီနိုင်ငံရေးကင်းရှင်းရန်လိုအပ်မည်ဖြစ်ကြောင်း၊ တပ်မတော်ဆေးတပ်ဖွဲ့ဝင် များအနေဖြင့် CDM လှုပ်ရှားမှုများကြောင့် လိုအပ်နေသည့် နေရာများတွင် ဆေးဝါး ကုသမှုများကို သွားရောက်ဆောင်ရွက် ပေးလျက်ရှိသည်ကို တွေ့မြင်ကြရမည်ဖြစ် ကြောင်း၊ မိမိတို့နိုင်ငံ၏ မျှော်မှန်းသက်တမ်းသည် ၆၇ ဒသမ ၄ နှစ်ဖြစ်ပြီး အသက် ၅ နှစ်မတိုင်မီ သေဆုံးမှုနှုန်းမြင့်မားနေသည်ကို တွေ့ရှိရကြောင်း၊ နိုင်ငံ၏ ကျန်းမာရေး ကဏ္ဍအတွက် ကျန်းမာရေးဝန်ထမ်းများ အထူးလိုအပ်နေချိန်တွင် ဝန်ထမ်းအချို့ အနေ ဖြင့် လုပ်ငန်းခွင် ပျက်ကွက်နေခြင်းသည် ဆေးဝန်ထမ်းတို့၏ ကျင့်ဝတ်ကို ဖောက်ဖျက် ခြင်းပင်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် ကျန်းမာရေးနှင့် ပညာရေးကဏ္ဍတို့တွင် မြှင့်တင်ဆောင်ရွက်မှုများနှင့် ပြုပြင်ပြောင်းလဲမှုများ များစွာ လုပ်ဆောင်ရန် လိုအပ် မည်ဖြစ်ကြောင်း။
မိမိတို့တပ်မတော်သားများအနေဖြင့် ဖြစ်ပေါ်နေသည့် နိုင်ငံရေးအခြေအနေများ ကို သိရှိနားလည်ရမည်ဖြစ်ပြီး တပ်မတော်၏ ဥပဒေအရလုပ်ဆောင်နေမှုများတွင် ပေးအပ်လာသည့် တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ကြရမည်ဖြစ်ကြောင်း၊ မိမိကိုယ်ကို သစ္စာရှိရန်၊ မိမိတပ်အပေါ်သစ္စာရှိရန်၊ တပ်မတော်အပေါ်သစ္စာရှိရန်နှင့် နိုင်ငံတော် အပေါ်သစ္စာစောင့် သိရမည်ဖြစ်ကာ တိုင်းပြည်ကောင်းကျိုးကို သယ်ပိုး ဆောင်ရွက် ကြရ မည်ဖြစ်ကြောင်း၊ နိုင်ငံတော်နှင့် ပြည်သူပြည်သားများ မဖြစ်သင့်မဖြစ်ထိုက်သည်ကို ကာကွယ်ပေးခြင်းသည်လည်း နိုင်ငံတော်ကို ကာကွယ်ခြင်းပင်ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေး နှင့် ဖွံ့ဖြိုးတိုး တက်ရေးအတွက် နိုင်ငံရေးအရ တည်ငြိမ် အေးချမ်းရန်နှင့် လုံခြုံရေးအရ တည်ငြိမ်အေးချမ်းရန် လိုအပ်သည့်အတွက် ထာဝရငြိမ်းချမ်းရေး ရရှိအောင် တပ်မတော် အနေဖြင့် အမြဲကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ဖြင့် ပြောကြားသည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က စားသောက်ဖွယ်ရာပစ္စည်းများကို ပေးအပ်ရာ တိုင်းမှူးက လက်ခံရယူသည်။ ယင်းနောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ ဇနီးက တပ်နယ် မိခင်နှင့် ကလေး အသင်းအတွက် ချီးမြှင့်ငွေ များကို ပေးအပ်ရာ တိုင်းမှူး၏ ဇနီးက လက်ခံရယူသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် တက်ရောက်လာကြသည့် အရာရှိ၊ စစ်သည်များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကာ လိုအပ်သည်များကို မေးမြန်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် မန္တလေးမြို့ ရှေးဟောင်းအမွေအနှစ် နယ်မြေဖြစ်သည့် မြနန်းစံကျော်ရွှေနန်းတော် ပရိဝုဏ်အတွင်းရှိ အမြောက်ပြတိုက်၊ မင်းတုန်းမင်းအုတ်ဂူ၊ ဒင်္ဂါးသွန်းစက်ရုံနှင့် မြနန်းစံကျော် ရွှေနန်းတော်ကြီး တို့သို့ သွား ရောက်ကြည့်ရှုကြရာ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ မန္တလေးဌာနခွဲမှ တာဝန်ရှိသူများက လိုက်လံရှင်းလင်း ပြသကြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က မင်းတုန်းမင်းအုတ်ဂူတွင် ဆိုင်းဘုတ်များ စနစ်တကျရှိစေရေး၊ ဒင်္ဂါးသွန်း စက်ရုံအား ယခင်စက်ရုံလည်ပတ်စဉ်က ဆောင်ရွက်ခဲ့ သည့် ရှေးလက်ရာအတိုင်း ပြန်လည် ပြုပြင်မွမ်းမံ ထိန်းသိမ်းဆောင်ရွက်ရေး နှင့် ရှေးမူလက်ရာများ မပျောက်ပျက်အောင် စနစ်တကျထိန်းသိမ်း စောင့်ရှောက်ရေး၊ ရွှေနန်းတော်ကြီး အဆောက်အဦများ ရေရှည်တည်တံ့စေရေး စနစ်တကျ ထိန်းသိမ်း ပြု ပြင်ရန် တို့အတွက် လိုအပ်သည်များအား မှာကြားခဲ့သည်။
မြနန်းစံကျော်ရွှေနန်းတော် ပရိဝုဏ်အတွင်း၌ အမြောက်ပြတိုက်ကို ရှေးဟောင်းအမွေအနှစ် သမိုင်းဝင်အမြောက်များအား တစ်နေရာတည်းတွင် တစ်စု တစ်စည်းတည်း အများပြည်သူများ လေ့လာနိုင်စေရန်ရည်ရွယ်၍ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ လမ်းညွှန်အချက်အရ ၂၀၂၀ ပြည့်နှစ် ဩဂုတ်လ ၂၈ ရက်နေ့ တွင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း၊ အမြောက်ပြတိုက် အတွင်း ရှေးဟောင်း အမြောက် ၃၀ လက်နှင် ဆက်စပ်ပစ္စည်းများကို စနစ်တကျ ခင်းကျင်းပြသထားရှိ ပြီး တပ်မတော်မှ ငွေကျပ်သိန်းပေါင်း ၃၅၀၀ ကျော်အကုန်အကျခံ ဆောက်လုပ်ထိန်းသိမ်းခဲ့ခြင်း ဖြစ်ကြောင်းနှင့် ဖွင့်ပွဲနေ့တွင်ပင် ရှေးဟောင်း သုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီး ဌာနသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်းသတင်းရရှိသည်။