စစ်မှုထမ်းရန် စုဆောင်းခံရမည့် အမျိုးသမီးများအနေဖြင့် အကြမ်းဖက်မှုများနှင့် ကြုံတွေ့ နိုင်ကြောင်း ပြည်သူများစိုးရိမ်စေရန် မဟုတ်မမှန် သွေးထိုးလှုံ့ဆော်ဝါဒဖြန့်ဝေရေးသား လျက်ရှိ နေပြည်တော်၊ မတ် ၉

Saturday, March 9, 2024 - 14:30

          စစ်မှုထမ်းရန် စုဆောင်းခံရမည့် အမျိုးသမီးများအနေဖြင့် အကြမ်းဖက်မှုများနှင့် ကြုံတွေ့ရနိုင်ကြောင်း နှင်းဆီရောင်အမျိုးသမီးများသမဂ္ဂအပါအဝင်အမျိုးသမီးအဖွဲ့ရှစ်ဖွဲ့၏ ထုတ်ပြန်ချက်တွင်ပြောဆိုထားကြောင်း ပြည်သူများစိုးရိမ်စေရန် တရားမဝင် ပြည်ဖျက် မီဒီယာများမှ မဟုတ်မမှန် သွေးထိုးလှုံ့ဆော်ဝါဒဖြန့်ဝေရေးသားလျက်ရှိသည်ကို တွေ့ရှိ ရပါသည်။

          ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်စပ်လျဉ်း၍ မဟုတ်မမှန်ဝါဒဖြန့်ချိမှုများနှင့် ကောလာဟလ သတင်းများကြောင့် ပြည်သူများထင်ယောင်ထင်မှားမဖြစ်စေရန်အတွက် ပြည်သူများ အနေဖြင့် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိရှိလိုသည့်အချက်များကို ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးဗဟိုအဖွဲ့ထံသို့ ဆက်သွယ်မေးမြန်းနိုင်ရန် ဖုန်းနံပါတ်များကို ၁၃-၂-၂၀၂၄ ရက်နေ့တွင် သတင်းထုတ်လွှင့်၍လည်းကောင်း၊  ပြည်သူ့စစ်မှုထမ်းဥပဒေကို စတင် အကောင်အထည်ဖော်ရာ၌ လတ်တလောတွင် အမျိုးသမီးများကိုစစ်မှုထမ်းရန်အတွက် ခေါ်ယူရန်အစီအစဉ် မရှိသေးကြောင်းနှင့် ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာ သိရှိလိုသည် များကို https://mod.gov.mm/node/74 တွင် လေ့လာနိုင်ကြောင်းတို့ကို Mobile ဖုန်းများသို့ SMS(စာတိုပေးပို့ခြင်း)ဝန်ဆောင်မှုများဖြင့် လည်းကောင်း အများပြည်သူထံသို့ ပေးပို့အသိပေးခြင်း ဆောင်ရွက်ခဲ့ပြီးဖြစ်ပါသည်။

သို့ရာတွင် တရားမဝင်ပြည်ဖျက်မီဒီယာများသည် ပေါ်တာဆွဲခြင်း၊ လမ်းသွား လမ်းလာများကို စစ်မှုထမ်းဆောင်ရန် ဖမ်းဆီးခြင်းစသည့် ကောလာဟလ သတင်းအမှား အချိန်ကိုက်ဝါဒဖြန့်ချိရေးသား၍ အခြေအမြစ်မရှိသည့် သတင်းအမှားများဖြင့် လူငယ် လူရွယ်များ လှမ်းမှားရောက်စေရန်အတွက် သွေးထိုးလှုံ့ဆော်လျက်ရှိပြီး ယခုတွင်လည်း အမျိုးသမီးများကို စစ်မှုထမ်းရန် ပြန်လည်စုဆောင်းခံရနိုင်သည်ဟု သတင်းအမှားများကို ဝါဒဖြန့်ထုတ်လွှင့်လျက်ရှိသဖြင့်  မိဘပြည်သူများအနေဖြင့် စစ်မှုထမ်းဆိုင်ရာ သတင်းတု၊ သတင်းအမှားများကို ရှောင်ရှားနိုင်ရန်အတွက် စစ်မှုထမ်းဆိုင်ရာ သတင်းများ သိရှိ နားလည်စေရေး နိုင်ငံပိုင် မီဒီယာများ၊ စစ်မှုထမ်းဆိုင်ရာ အသိပညာပေး သတင်းများ၊ ထုတ်လွှင့်ချက်များနှင့် https://mod.gov.mm/node/74 တို့တွင် စဉ်ဆက်မပြတ် ထုတ်လွှင့် အသိပေးလျက်ရှိကြောင်း သတင်းရရှိပါသည်။