နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မန္တလေးမြို့ကျက်သရေဆောင် မဟာမြတ်မုနိရုပ်ရှင်တော်မြတ်ကြီး အား သွားရောက်ဖူးမြော်ကြည်ညို

Wednesday, May 19, 2021 - 04:00

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မန္တလေးမြို့ကျက်သရေဆောင် မဟာမြတ်မုနိရုပ်ရှင်တော်မြတ်ကြီး အား သွားရောက်ဖူးမြော်ကြည်ညို

နေပြည်တော် မေ ၁၈

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သည် ယနေ့နံနက်ပိုင်းတွင် ဇနီးဒေါ်ကြူကြူလှ၊ ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးအောင်နိုင်ဦး၊ ဒေါက်တာ ညွန့်ဖေ၊ ဒေါက်တာ သက်ခိုင်ဝင်း၊ ဦးမောင်မောင်အုန်း၊ မန္တလေးတိုင်း ဒေသကြီးစီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမောင်ကို၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်နှင့်ဇနီး၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦးနှင့် အဖွဲ့ဝင်များ လိုက်ပါ၍ မန္တလေးမြို့ ကျက်သရေဆောင် မဟာမြတ်မုနိရုပ်ရှင်တော်မြတ်ကြီးအား သွားရောက်ဖူးမြော် ကြည်ညိုသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များအား မဟာမြတ်မုနိရုပ်ရှင်တော်မြတ်ကြီး ဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးလင်းနှင့် အဖွဲ့ဝင်များက ကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက် မဟာမြတ်မုနိဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော်ကြည်ညို၍ ပန်း၊ ရေချမ်း၊ ဆီမီးနှင့် ရွှေသင်္ကန်းများ ကပ်လှူပူဇော်သည်။ ယင်းနောက် ဧည့်သည်တော် မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုး၍ ဘက်စုံအလှူငွေများ ပေးအပ် လှူဒါန်းရာ ဂေါပကအဖွဲ့ဥက္ကဋ္ဌက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ် ရေးဦးစီးချုပ် နှင့် အဖွဲ့ဝင်များသည် ဘုရားကြီးအတွင်း တိုင်လုံးတော်များနှင့် မျက်နှာကျက်များ မွမ်းမံထားရှိမှုအခြေအနေများ၊ ကြေးရုပ်ပြတိုက်နှင့် သမိုင်း ပန်းချီပြခန်း တို့အတွင်းလိုက်လံကြည့်ရှု၍ ရှေးဟောင်းသမိုင်းဝင်လက်ရာများ အား စနစ်တကျထိန်းသိမ်းထားရှိရေး၊ ပေရွက်များဖြင့် ရေးသားထားရှိသည့် ပိဋကတ်သုံးပုံအပါအဝင် အခြားဗုဒ္ဓဝင်မှတ်တမ်းများသည် အလွန်တန်ဖိုးရှိ သည့် သမိုင်းလက်ရာများဖြစ်သဖြင့် မပျောက်ပျက်အောင်ထိန်းသိမ်းရမည် ဖြစ်ပြီး မိတ္တူပြန်လည်ကူးယူ၍ အကြောင်းအရာအလိုက် Program ရေးဆွဲကာ စနစ် တကျ သိမ်းဆည်း ထိန်းသိမ်းနိုင်စေရေး၊ အများပြည်သူများ ဖတ်ရှုလေ့လာ နိုင်စေရန် ခင်းကျင်းပြသထားသည့် သမိုင်းမှတ်တမ်းမှတ်ရာများကို ရေးသား ဖော်ပြရာတွင် မြန်မာစာရေးထုံးသတ်ပုံများ မှန်ကန်မှုရှိစေရေး ဂရုပြုရန်လို အပ်သည့် အခြေအနေများနှင့် ပတ်သက်၍ ဂေါပကအဖွဲ့နှင့် တာဝန်ရှိသူများ အား မှာကြားခဲ့သည်။

ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် နေ့လည်ပိုင်းတွင် စစ်ကိုင်းတိုင်း ဒေသကြီး၊ စစ်ကိုင်းတောင်ရိုးရှိ သီတဂူအပြည်ပြည်ဆိုင်ရာ ဝိပဿနာ တက္ကသိုလ်သို့ သွားရောက်၍ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များနှင့် သီတဂူဆေးရုံ တော်များ၏ အဓိပတိ၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မ ဇောတိက၊ အဂ္ဂမဟာပဏ္ဍိတ၊ မဟာဓမ္မကထိက၊ ဗဟုဇနဟိတဓရ တွဲဖက်ရွှေကျင်သာသနာပိုင် သီတဂူ ဆရာ တော် ဒေါက်တာ ဘဒ္ဒန္တ ဉာဏိဿရ အား သွားရောက်ဖူးမြော်ကြည်ညိုသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့်ဇနီး၊ အဖွဲ့ဝင်များသည်  ဆရာတော်ကြီးထံမှ ငါးပါးသီလခံယူ ဆောက်တည်၍ အနုမောဒနာတရားနာယူကြပြီး ရေစက်သွန်းချ အမျှ ပေးဝေကြသည်။ ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီးနှင့် အဖွဲ့ဝင်များသည် ဆရာတော်ကြီး ထံ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းရာ ဓမ္မလက်ဆောင်များပြန်လည် ပေးအပ်ခဲ့ကြောင်းသတင်းရရှိသည်။