တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ တိုင်းရင်းသားပြည်သူများ စိတ်အေး ချမ်းသာစွာ နေထိုင်လုပ်ကိုင်စားသောက်နိုင်ရေးနှင့် အသက်အိုးအိမ်စည်းစိမ်ဥစ္စာ လုံခြုံမှုရှိစေရေးအတွက် နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးတာဝန်များကို စွမ်းစွမ်း တမံဆောင်ရွက်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် တိုင်းစစ်ဌာနချုပ်များ အလိုက် တပ်နယ်များမှ အရာရှိ၊ စစ်သည်၊ မိသားစုများ စိတ်ပျော်ရွှင်ကြည်နူး ချမ်းမြေ့စေရန် အတွက် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ ပြည်သူ့ဆက်ဆံရေးနှင့်စိတ်ဓာတ် စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက်ရှိ နယ်လှည့်ပြည်သူ့ဆက်ဆံရေး အဖွဲ့များမှ အရာရှိ၊ စစ်သည်၊ စစ်သမီးများနှင့် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား (MRTV)မှ ဖျော်ဖြေရေးအဖွဲ့များက တိုင်းစစ်ဌာနချုပ်အသီးသီးရှိ ရှေ့တန်းစခန်းများ နှင့် တပ်နယ်များအလိုက် နယ်မြေခံတပ်ရင်းဌာနချုပ်များသို့ အလှည့်ကျသွားရောက် ၍ ကိုယ်ချင်း စာစိတ်အပြည့်အဝဖြင့် ဂုဏ်ပြုဖျော်ဖြေလျက်ရှိသည်။
ထိုသို့ သွားရောက်ဂုဏ်ပြုဖျော်ဖြေလျက်ရှိရာ ယနေ့တွင်စစ်ကိုင်းတိုင်း ဒေသကြီး၊ ကလေးတပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများ စိတ်ပျော်ရွှင်ကြည်နူးချမ်းမြေ့စေရန်အတွက် နယ်လှည့် ပြည်သူ့ ဆက်ဆံရေးအဖွဲ့များမှ အရာရှိ၊ စစ်သည်၊ စစ်သမီးများနှင့် မြန်မာ့အသံ နှင့်ရုပ်မြင် သံကြား(MRTV)မှ အဖွဲ့သူ၊ အဖွဲ့သားများက ကလေးမြို့ရှိ နယ်မြေခံ တပ်ရင်း ခန်းမ၌ စစ်ချီတေး၊ စစ်သည်တေးသီချင်းများ၊ ခေတ်ပေါ်နှင့် ခေတ်ဟောင်း တေးသီချင်းများဖြင့် သီဆိုကပြဖျော်ဖြေကြရာ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများက စိတ်လက်ပျော်ရွှင်ကြည်နူးချမ်းမြေ့စွာဖြင့် ကြည့်ရှု အားပေး၍ လွတ်လပ်ပေါ့ပါးစွာဖြင့် အတူတကွပါဝင်သီဆိုကြသည်။ ထိုကဲ့သို့ လာရောက်သီဆို ဖျော်ဖြေပေးကြသည့် အဖွဲ့သူ၊ အဖွဲ့သားများကို နယ်မြေခံတပ်များ မှ တာဝန်ရှိသူများနှင့် မိသားစုဝင်များက ဒေသထွက်လက်ဆောင်ပစ္စည်းများ ပေးအပ်ကြပြီး ဒေသထွက်အစားအစာများဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြကြောင်း သတင်းရရှိသည်။