၂၀၂၄ ခုနှစ်၊မတ်လ(၅)ရက်နေ့ မွန်းလွဲ ၂ နာရီ ၅၀ မိနစ်တွင် အထက်တန်းရှေ့နေ ဦးနေလင်းအောင်သည် ကြည့်မြင်တိုင်မြို့နယ်တရားရုံးမှ အမှုစစ်ဆေးပြီး ၎င်းပိုင် 9C-3620 Toyota Celsior မော်တော်ယာဉ်ဖြင့် ပြန်လာစဉ် အလုံမြို့နယ်၊ ဆင်ရေကန်လမ်းအရောက်၌ 4E-7950 Probox ခဲရောင်(ငှား)ယာဉ်က ဘေးမှ ပွတ်တိုက်ပြီး အဆိုပါယာဉ်ပေါ်မှ အမည်မသိလူ(၇)ဦး(စိစစ်ဆဲ) ဆင်းလာကာ သံတုတ်၊ ဓားရှည်များဖြင့် ဝိုင်းဝန်းရိုက်နှက် ခုတ်ထစ်၍ ပြတ်ရှဒဏ်ရာများ (စိုးရိမ်ရ) ရရှိပြီး ဦးနေလင်းအောင် ကိုင်ဆောင်သော Infinix Note 13 အမျိုးအစား လက်ကိုင်ဖုန်းနှင့် တန်ဖိုးငွေ ၇ သိန်းကျပ်အား လုယက်ယူဆောင်သွားသဖြင့် အရေးယူပေးရန် အထက်တန်းရှေ့နေ ဒေါ်အေးအေးမာမှ တရားလိုပြုလုပ်တိုင်တန်း၍ အလုံမြို့မရဲစခန်းတွင် (ပ)၅၄/၂၀၂၄၊ ရာဇသတ်ကြီးပုဒ်မ ၃၉၅၊ ၃၉၇ ဖြင့် အမှုဖွင့်၍ စုံစမ်း လျက်ရှိသည်။
အမှုနှင့်ပတ်သက်၍ ပြစ်မှုကျူးလွန်သည့် တရားခံများအား ဖမ်းဆီးရမိရေးအတွက် စုံစမ်းဆောင်ရွက်ခဲ့ရာ ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုသည့် 4E-7950 Probox ခဲရောင်(ငှား) ယာဉ်၏ ယာဉ်မောင်းမှာ ကိုရဲ(ခ)ရဲကျော်လင်းဖြစ်ကြောင်းသိရှိရပြီး ၎င်းအား ဖမ်းဆီးစစ်ဆေး ဖော်ထုတ်ချက်အရလည်းကောင်း၊ အမာခံသတင်းပေးများ၊ ပတ်ဝန်းကျင် သက်သေများ၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေသော အကြမ်းဖက်မှု၊ ဓားပြတိုက်မှု၊ လုယက်မှု များကို မလိုလားသည့် ဒေသခံ ပြည်သူလူထု၏ လျှို့ဝှက်သတင်းပေးပို့ချက်အရ ပြစ်မှု ကျူးလွန်သူများသည် YGN-13 2E-6732 Toyota Hilux Surf နက်/ပြာရောင် မော်တော်ယာဉ် (၁)စီး၊ YGN-43 3E-5925 Suzuki Swift အပြာရောင် မော်တော်ယာဉ်(၁)စီး၊ စုစုပေါင်း မော်တော်ယာဉ်(၂)စီးတို့ဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ တကောင်းရပ်ကွက်၊ ပုဗ္ဗာရုံကျောင်းတိုက်ဝင်းအတွင်း၌ ရောက်ရှိတိမ်းရှောင်နေကြောင်း သတင်းရရှိ၍ ရန်ကုန် တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်သို့တင်ပြပြီး စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့နှင့် ချိတ်ဆက်၍ ဖမ်းဆီးရမိရေးဆောင်ရွက်ခဲ့ရာ ပြစ်မှုကျူးလွန်သူ တရားခံများ ဖြစ်သော ငမျိုး(ခ) ကိုမျိုး(ခ)ရဲမျိုးသိန်းပါ(၆)ဦးနှင့်အတူ အခြားအမှုမှ ဆက်စပ်တရားခံ မျိုးမင်းနိုင်(ခ) အရှည်ကြီးပါ ၃ ဦး၊ စုစုပေါင်း ၉ ဦးအား စစ်ကိုင်းတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ မတ်လ ၆ ရက်နေ့ မွန်းလွဲ ၁ နာရီ ၄၅ မိနစ်ခန့်တွင် မော်တော်ယာဉ် ၂ စီး၊ ဓားရှည် ၅ ချောင်း၊ ဓားမြှောင် ၂ ချောင်း၊ လေးခွ ၁ လက်၊ သံကုန်းသီး ၄၂ လုံးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိသူ ငမျိုး(ခ)ကိုမျိုး(ခ)ရဲမျိုးသိန်းသည် ကြည့်မြင်တိုင်မြို့မရဲစခန်း (ပ)၂၂၅/ ၂၀၁၁၊ ရာဇသတ်ကြီးပုဒ်မ ၃၂၄၊၃၂၃/၁၁၄ ၊ ဝေဘာဂီနယ်မြေရဲစခန်း(ပ)၅၂၂/၂၀၁၁၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၄ နှင့် ကမာရွတ်မြို့မရဲစခန်း(ပ) ၂၂၉/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂၊ ၃၂၆/၁၁၄ အမှုများနှင့် ထွက်ပြေးတိမ်းရှောင်နေသည့်အပြင် ငမျိုး(ခ)ကိုမျိုး(ခ) ရဲမျိုးသိန်း၊ ဥက္ကာနှင့် အောင်ကြီး(ခ)အောင်မြတ်မင်းတို့(၃)ဦးသည် ကြည့်မြင်တိုင်မြို့မရဲစခန်း (ပ)၂၀၆/၂၀၂၃၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ အမှုမှ သေဆုံးသူ ဦးကျော်ဝင်းစိန်အား သတ်ဖြတ် ရာတွင် အဓိကဦးဆောင်သူများဖြစ်ကြောင်း သေဆုံးသူ၏မိသားစုများထံမှ စွပ်စွဲခံထားရသူ များ ဖြစ်၍ တရားခံများအား ဥပဒေအရ အရေးယူဆောင်ရွက်နိုင်ရေး အသေးစိတ်စစ်ဆေး လျက်ရှိကြောင်း သတင်းရရှိသည်။