PDF အမည်ခံအကြမ်းဖက်သမားများသည် ဒေသတွင်း တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန်ရည်ရွယ်၍ စစ်ရေးပစ်မှတ်မဟုတ်သည့် ပြည်သူများ နေထိုင်ရာ ရပ်ကွက်များ၊ မြို့၊ ရွာများ၊ ပညာရေးကျောင်းများ၊ သာသနိက အဆောက်အဦများအား လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ Drop Bomb များဖြင့် ပစ်ချ တိုက်ခိုက်ခြင်း စသည့်အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်လျက်ရှိသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ယနေ့ညနေ ၅ နာရီခန့်တွင် PDF အမည်ခံ အကြမ်းဖက်သမားများသည် မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းမြို့၊ ရွှေဇာလီဘုန်းကြီးကျောင်း၏ အရှေ့ဘက်အမြင့် မီတာ ၈၀၀ ခန့်အကွာမှ Drone ယာဉ်များဖြင့် Drop Bomb များပစ်ချ တိုက်ခိုက်ခဲ့သဖြင့် ဘုန်းကြီးကျောင်း၏ အရှေ့ဘက်ရှိ ဦးအောင်ဇော်ဦး ၏ နေအိမ်ပေါ်သို့ ဗုံးသီးများကျရောက် ပေါက်ကွဲကာ မီးလောင်ကျွမ်းမှု စတင်ဖြစ်ပွားခဲ့သည်။
အဆိုပါ မီးလောင်ကျွမ်းမှုဖြစ်ပေါ်ခဲ့သည့်နေရာသို့ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ မီးသတ်ယာဉ်များနှင့် ရေသယ်ယာဉ်များ အသုံးပြုကာ မီးငြှိမ်းသတ်ခြင်းများ ဆောင်ရွက်ခဲ့ရာ ညနေ ၆ နာရီ ၂၀ မိနစ်ခန့်တွင် မီးငြိမ်းသတ်နိုင်ခဲ့သည်။
အဆိုပါမီးလောင်ကျွမ်းမှုကြောင့် သွပ်မိုး/ထရံကာ နေအိမ် ၂၀ လုံး မီးလောင် ပျက်စီးဆုံးရှုံးခဲ့ပြီး လူ/တိရစ္ဆာန် ထိခိုက်၊ ဒဏ်ရာရရှိမှုမရှိကြောင်း၊ မီးဘေးသင့် အိမ်ထောင်စုဝင်များအား ရွှေဇာလီဘုန်းကြီးကျောင်းတွင် ထားရှိကြောင်းနှင့် တာဝန်ရှိသူများက လိုအပ်သည့် ကူညီစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိ ကြောင်း သတင်းရရှိသည်။