မြို့နယ်အချို့၌ ဆူပူအကြမ်းဖက်မှုလုပ်ရပ်များတွင် အသုံးပြုမည့် လက်နက်၊ ပစ္စည်း၊ ကိရိယာများအား ဆက်လက်ဖော်ထုတ်သိမ်းဆည်းရမိ

Tuesday, May 18, 2021 - 14:15

မြို့နယ်အချို့၌ ဆူပူအကြမ်းဖက်မှုလုပ်ရပ်များတွင် အသုံးပြုမည့် လက်နက်၊ ပစ္စည်း၊ ကိရိယာများအား ဆက်လက်ဖော်ထုတ်သိမ်းဆည်းရမိ

နေပြည်တော်၊ မေ ၁၈

            လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ဆူပူအကြမ်းဖက်မှုလုပ်ရပ်များတွင် အသုံးပြုမည့် လက်နက်၊ ပစ္စည်း၊ ကိရိယာများအား  ဆက်လက်ဖော်ထုတ်သိမ်းဆည်းလျက်ရှိရာ မေလ ၁၇ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်တွင် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ ရဲဘော်ကြီးကျေးရွာနေ မျိုးမြင့်(စိစစ်ဆဲ)၏ တောင်ယာတဲများအတွင်းမှ ၎င်း၏ သားဖြစ်သူ မျိုးလွင်ဦး (၃၁)နှစ် (ဘ)ဦးမျိုးမြင့်အား PVC ပိုက်ဖြင့် ပြုလုပ်ထားသော လက်လုပ်သေနတ် ၂ လက်၊နှင့် အကြမ်း ဖက်ရာ တွင်အသုံးပြုသော အခြားဆက်စပ်ပစ္စည်းများနှင့်အတူ တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။

            ထို့ပြင် ညနေ ၅ နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ ကြိမ်နီစမ်း ကျေးရွာရှိ လူမနေသည့် ခြံဝင်းအတွင်း၌ အရှည် ၄ ပေခန့်ရှိ PVC ပိုက်ဖြင့် ပြုလုပ်ထားသည့် လက်လုပ်လေသေနတ် ၁ လက်အား တွေ့ရှိသိမ်းဆည်းရရှိ ခဲ့သည်။

            အလားတူ ညနေ ၅ နာရီခွဲအချိန်တွင် မြောက်ဥက္ကလာပမြို့နယ်အတွင်း လုံခြုံရေး တပ်ဖွဲ့ဝင်များသည် လှည့်ကင်းဆောင်ရွက်နေစဉ် (ဋ)ရပ်ကွက်၊ ကန်သာယာဝင်းအတွင်းရှိ ကားပါကင်၌ မသင်္ကာဖွယ်ရာတွေ့ရှိသူ အဆိုပါရပ်ကွက်နေ နိုင်လင်း(၁၉)နှစ်(ဘ)ဦးသိန်းဇော်ပါ အမျိုးသား ၆ ဦးတို့အား စစ်ဆေးခဲ့ရာ ၎င်းတို့ထံမှ လက်လုပ်မိုင်း ၂ လုံးအား တွေ့ရှိရသဖြင့် အဆိုပါ အမျိုးသား ၆ ဦးအား ထိန်းသိမ်းခဲ့သည်။

            အထက်ပါဖြစ်စဉ်များမှ ဆူပူအကြမ်းဖက်ရာတွင် အသုံးပြုမည့် လက်နက်၊ ပစ္စည်း၊ ကိရိယာများ သိုဝှက်သိမ်းဆည်းထားရှိသူများနှင့် လက်ဝယ်ထားရှိသူအား ဥပဒေနှင့်အညီ ဖော်ထုတ်အရေးယူ နိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။