ချင်းပြည်နယ်ရှိ မြို့နယ်အချို့၌ လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့များက လုံခြုံရေးတပ်ဖွဲ့စခန်းများနှင့် လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များအား လက်နက်ငယ်၊ တူမီးသေနတ်များဖြင့် အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်
နေပြည်တော်၊ မေ ၁၈
၂၀၂၁ ခုနှစ်၊ မေလ ၁၇ ရက်နေ့တွင် ချင်းပြည်နယ်ရှိ မြို့နယ်အချို့၌ လက်နက်ကိုင် သောင်းကျန်းသူ အဖွဲ့များက လုံခြုံရေးတပ်ဖွဲ့စခန်းများနှင့် လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များအား လက်နက်ငယ်၊ တူမီးသေနတ်များဖြင့် အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်မှုများပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့တိုက်ခိုက်ခဲ့ရာတွင် မေလ ၁၇ ရက်နေ့ ညနေ ၆ နာရီခွဲခန့်တွင် ဟားခါးမြို့၊ ပူးပေါင်း စစ်ဆေးရေးဂိတ်၌ လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များအား လက်နက်ကိုင် သောင်းကျန်း သူ အင်အား ၃၀ ဦးခန့်က လက်နက်ငယ်၊ တူမီးသေနတ်များဖြင့် ဂိတ်၏အနောက်ဘက်နှင့် တောင်ဘက် တို့မှ လည်းကောင်း၊ ဟားခါးမြို့ရှိ နယ်မြေခံတပ်ရင်းအား လက်နက်ကိုင် သောင်းကျန်းသူအင်အား ၁၅ ဦးခန့်က လက်နက်ငယ်၊ တူမီးသေနတ် များဖြင့် တပ်ရင်း၏တောင်ဘက်မှ လည်းကောင်း လာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ခုခံပစ်ခတ် ခဲ့ရာ လက်နက် ကိုင်သောင်းကျန်းသူများမှာ လောက်လုံကျေးရွာ ဘက်သို့ ပြန်လည်ဆုတ်ခွာသွားခဲ့ပြီး ပစ်ခတ် တိုက်ခိုက် မှု ဖြစ်စဉ်များအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များ ထိခိုက်မှု မရှိ ကြောင်း သိရသည်။
အလားတူ ည ၇ နာရီ ၅၀ မိနစ်အချိန်တွင် ကန်ပက်လက်မြို့၊ မြို့မ(၂)ရပ်ကွက်ရှိ မြို့မရဲစခန်း အား လက်နက်ကိုင်သောင်းကျန်းသူများက ရဲစခန်း၏ အရှေ့တောင်ဘက်မှ လက်နက်ငယ်၊ တူမီးသေနတ်များဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက ပြန်လည် ခုခံပစ်ခတ်ခဲ့ရာ ၁၀ မိနစ်ခန့်အကြာတွင် လက်နက်ကိုင်သောင်းကျန်းသူ များမှာ ပြန်လည် ဆုတ်ခွာသွား ခဲ့ပြီး ပစ်ခတ်တိုက်ခိုက်မှုဖြစ်စဉ်အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များ ထိခိုက်မှု မရှိကြောင်း သတင်း ရရှိသည်။