အထူးကုသမှုများ (Super Speciality) လိုအပ်သောပြည်သူများအနေဖြင့် သက်ဆိုင်ရာ ပါမောက္ခ/အထူးကုဆရာဝန်ကြီးများနှင့်တွေ့ဆုံကာ လိုအပ်သော ရောဂါ ရှာဖွေစမ်းသပ်မှုများနှင့် ကုသမှုများကို မိမိတို့ဒေသ၌ပင် လက်လှမ်းမီရရှိခြင်းဖြင့် ပြည်သူများစိုက်ထုတ်ကုန်ကျရသော ဆေးကုသမှုစရိတ် လျော့နည်းကျဆင်းစေရန်နှင့် ရောဂါများကို စောစီးစွာသိရှိပြီး လိုအပ်သောကုသမှုများကို အချိန်မီရရှိခြင်းဖြင့် သက်ရှည်ကျန်းမာစေနိုင်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနသည် ရန်ကုန်/မန္တလေး/ နေပြည်တော်တို့မှ ပါမောက္ခ/အထူးကုဆရာဝန်ကြီးများပါဝင်သော အထူးကု ဆေးကုသရေးအဖွဲ့များ၏ ကွင်းဆင်းကုသမှုအစီအစဉ်များ ဆောင်ရွက်လျက်ရှိပါသည်။
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ (၂၄)ရက်နေ့နှင့် (၂၅)ရက်နေ့တို့တွင် မန္တလေး ပြည်သူ့ ဆေးရုံကြီး၊ နေပြည်တော်ပြည်သူ့ဆေးရုံကြီး(ခုတင်-၁၀၀၀)၊ ခုတင်-၅၅၀ ဆံ့ ကလေး ဆေးရုံကြီး-မန္တလေးနှင့် မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်း၊ ဦးခေါင်းနှင့် လည်ပင်း ခွဲစိတ်အထူးကု ဆေးရုံကြီး-မန္တလေးတို့မှ ပါမောက္ခ/အထူးကုဆရာဝန်ကြီးများ ပါဝင်သည့် အထူးကုဆေးကုသရေးအဖွဲ့သည် ကျန်းမာရေးဝန်ကြီးဌာန အစီအစဉ်ဖြင့် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့သို့ ဒုတိယအကြိမ် သွားရောက်ကာ ပြည်သူ့ဆေးရုံကြီး၊ မြစ်ကြီးနားမြို့မှ အထူးကုဆရာဝန်ကြီးများ၊ ကျန်းမာရေးဝန်ထမ်းများနှင့်အတူ ဒေသခံ ပြည်သူများအား ဆေးကုသမှုများဆောင်ရွက်ပေးခဲ့ပါသည်။
အဆိုပါ အထူးကုဆေးကုသရေးအစီအစဉ်တွင် မြစ်ကြီးနားမြို့ပေါ်သာမက ကချင်ပြည်နယ်အတွင်းရှိ မြို့နယ်ပေါင်း(၈)မြို့နယ်တို့မှ မြို့ပေါ်နှင့် ကျေးလက်နေ ပြည်သူများ လာရောက်ပြသခဲ့ပြီး နှလုံးရောဂါ၊ အစာအိမ်နှင့်အူလမ်းကြောင်းဆိုင်ရာ ရောဂါ၊ ရင်ခေါင်း ဆေးကုသမှုဆိုင်ရာ ရောဂါ၊ ဆီးနှင့်ကျောက်ကပ်ဆေးကုသမှုဆိုင်ရာ ရောဂါ၊ ဆီးချိုနှင့် ဟော်မုန်းဆိုင်ရာ ရောဂါ၊ ဦးနှောက်နှင့်အာရုံကြောဆေးကုသမှု ဆိုင်ရာရောဂါ၊ ဦးနှောက်နှင့်အာရုံကြောခွဲစိတ်ကုသမှုဆိုင်ရာ ရောဂါ၊ အထွေထွေ ရောဂါ၊ အရိုးအကြောအဆစ်ရောဂါ၊ အရိုးရောဂါ၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ၊ ကလေးနှလုံးရောဂါ၊ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲရောဂါ၊ အထွေထွေခွဲစိတ်ရောဂါ၊ သားဖွားမီးယပ်ရောဂါ၊ သွားနှင်ခံတွင်း ရောဂါ၊ မျက်စိရောဂါ ၊ အရေပြားရောဂါ၊ စုစုပေါင်း လူနာ(၁,၂၄၁) ဦးတို့ကို ကြည့်ရှုကုသမှုပေးခဲ့ပါသည်။
အဆိုပါလူနာများအနက် နှလုံးပုံရိပ်ဖော်စက်ဖြင့်ကြည့်ရှုခြင်း (Echocardiography)၊ အစာအိမ်နှင့်အူလမ်းကြောင်း မှန်ပြောင်းကြည့်ရှုခြင်း (OGDS)၊ အူမကြီးမှန်ပြောင်း ကြည့်ရှုခြင်း၊ နား၊ နှာခေါင်း၊ လည်ချောင်း မှန်ပြောင်းကြည့်ရှုခြင်း၊ ကွန်ပျူတာ ဓာတ်မှန်ဖြင့် စစ်ဆေးခြင်း (CT scan)၊ ဓာတ်မှန်ဖြင့် ရောဂါရှာဖွေခြင်း၊ ဓာတ်ခွဲစမ်းသပ် သူ၊ သွေးချိုဓာတ်(HbA1C)တိုင်းတာခြင်း၊ Ultrasound ရိုက်ကူးခြင်း၊ နှလုံးစက်ဖြင့် စစ်ဆေးခြင်း(ECG)တို့ကို စမ်းသပ် စစ်ဆေးပေးနိုင်ခဲ့ပြီး နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာ ခွဲစိတ်ကုသမှု (၃၉)ဦးတို့ကို ဆောင်ရွက်နိုင်ခဲ့ပါသည်။ ထို့ပြင် ဆေးရုံတက်ရောက် ကုသရန် လိုအပ်သောလူနာများကို မန္တလေးနှင့် နေပြည်တော်ရှိ သက်ဆိုင်ရာပြည်သူ့ဆေးရုံကြီး များသို့ လွှဲပြောင်းကုသမှု ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ဦးခေါင်းတွင်း သွေးခဲလူနာ (၁)ဦး အား ခွဲစိတ်ကုသမှု ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။ အဆိုပါအစီအစဉ်နှင့်အတူ ကချင်ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီး ဌာနမှ Pfizer ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးနှံခြင်း အစီအစဉ်အား ဆောင်ရွက်ပေးခဲ့ရာ အသက်(၆၅)နှစ်နှင့်အထက် ပြည်သူ လူထုနှင့်နာတာရှည်ရောဂါ ဝေဒနာရှင် စုစုပေါင်း (၇၀)ဦးတို့အား ကာကွယ်ဆေး ထိုးနှံ ပေးနိုင်ခဲ့ပါသည်။
ကချင်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများလိုက်ပါလျက် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၄)ရက် နေ့နှင့် (၂၅)ရက်နေ့တို့တွင် အထူးကုဆေးကုသရေးအစီအစဉ်ဆောင်ရွက်ရာနေရာသို့ လာရောက်ကာ လာရောက်ပြသကုသမှု ခံယူကြသော လူနာများအား ကြည့်ရှုအားပေး ခဲ့ပြီး ပါမောက္ခ/ အထူးကုဆရာဝန်ကြီးများအား တွေ့ဆုံနှုတ်ဆက်၍ ကျေးဇူးတင် စကား ပြောကြားခြင်း၊ အထူးကုဆေးကုသရေးအစီအစဉ်အတွက် အလှူငွေပေးအပ် လှူဒါန်းခြင်း၊ လာရောက်ပြသကြသောလူနာများအား အာဟာရဒါန လှူဒါန်းခြင်း၊ ညပိုင်းတွင် အထူးဆေးကုသရေးအဖွဲ့နှင့်အတူ ညစာအတူသုံးဆောင်ခြင်းနှင့် အမှတ်တရ ဒေသထွက်ပစ္စည်းများ ပေးအပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။
ရန်ကုန်/မန္တလေး/နေပြည်တော်မှ အထူးကုသမှုဆိုင်ရာ (Super specialty) ပါမောက္ခ/ အထူးကုဆရာဝန်ကြီးများ၏ အထူးကုကွင်းဆင်းကုသရေးခရီးစဉ်များကို ၂၀၂၄ ခုနှစ်၊ နှစ်ဆန်းမှ စတင်၍ အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့များ၌ ဆောင်ရွက်လျက် ရှိပြီး တောင်ကြီးမြို့၊ ပြည်မြို့၊ သံတွဲမြို့၊ ပုသိမ်မြို့၊ မော်လမြိုင်မြို့၊ မကွေးမြို့၊ မြိတ်မြို့၊ ညောင်ဦးမြို့နှင့် ယခု မြစ်ကြီးနားမြို့များသို့ သွားရောက်ပြီး ဖြစ်ကြောင်း သိရှိရပါသည်။