ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် မြန်မာ့စီးပွားရေးဘဏ်၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ နှစ်ချုပ်စာရင်းပိတ် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ၊ ဖွင့်ပွဲအခမ်းအနားသို့တက်ရောက်၍ အမှာစကားပြောကြား
နေပြည်တော် ဖေဖော်ဝါရီ ၁၉
မြန်မာ့စီးပွားရေးဘဏ်၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် နှစ်ချုပ်စာရင်းပိတ်လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲ၊ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၈:၀၀) နာရီတွင် နေပြည်တော်ရှိ မြန်မာ့စီးပွား ရေးဘဏ် (ရုံးချုပ်) ၌ ကျင်းပသည်။
ဖွင့်ပွဲအခမ်းအနားသို့ ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည် ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ ဒုတိယဝန်ကြီးများဖြစ်ကြသော ဦးမောင်မောင်ဝင်းနှင့် ဒေါ်သန်း သန်းလင်း၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်တို့မှ ဌာနဆိုင်ရာ အကြီးအကဲများ၊ မြန်မာ့စီးပွားရေးဘဏ်မှ အထွေထွေမန်နေဂျာများ၊ တိုင်းဒေသကြီး/ပြည်နယ် မန်နေဂျာများနှင့် ခရိုင်မန်နေဂျာများ တက်ရောက်ကြသည်။
ဖွင့်ပွဲအခမ်းအနားတွင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက မြန်မာ့စီးပွားရေး ဘဏ်၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ တစ်နှစ်တာကာလအတွင်း လက်ရှိဘဏ်လုပ်ငန်းများ ဆောင် ရွက်ရာတွင် ပကတိအခြေအနေများအပေါ်အခြေခံ၍ မှန်မှန်ကန်ကန်သုံးသပ်ပြီး လာမည့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ရန်ရည်မှန်းထားသည့် ဦးတည်ချက်များ ပြည့်မီ အောင်မြင်ရေးအတွက် ဘဏ်ဝန်ထမ်းများအားလုံးက လက်တွဲညီညီပူးပေါင်းဆောင်ရွက် ကြရန် လိုကြောင်း၊
နိုင်ငံ့စီးပွားတိုးတက်လာစေရန် ရည်ရွယ်၍ နိုင်ငံတော်က MSME လုပ်ငန်းရှင်များအား အဘက်ဘက်မှ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိရာ ပြည်တွင်းကုန် ထုတ်လုပ်မှုတိုးတက် ရေးနှင့် ပြည်ပပို့ကုန်တိုးမြှင့်ရေးအတွက် MSME ရန်ပုံငွေမှ လုပ်ငန်းရှင်များ သို့ သက်သာသော အတိုးနှုန်းဖြင့် အရည်အသွေးပြည့်မီသော ချေးငွေများထုတ်ချေးပေးလျက်ရှိကြောင်း၊ မြန်မာ-အိန္ဒိယနယ်စပ်ကုန်သွယ်မှုတွင် ရူပီး/ကျပ် တိုက်ရိုက်ငွေပေးချေမှုစနစ် အသုံးပြုဆောင်ရွက်နိုင် ရေးကို ဆက်လက်စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ Centralized e- Pension စနစ်ကို ယခုဘဏ္ဍာရေးနှစ်တွင် ဘဏ်ခွဲပေါင်း (၆၇) ဘဏ်၌ အသုံးပြုလာနိုင်ပြီဖြစ်၍ အငြိမ်းစား ဝန်ထမ်းများအနေဖြင့် ပင်စင်လစာများကို Centralized e-Pension စနစ်ဆောင်ရွက်နေသည့် ဘဏ်ခွဲများတွင် ဝန်ဆောင်ခအခမဲ့ဖြင့် အဆင်ပြေချောမွေ့စွာ ထုတ်ယူနိုင်သည့်အတွက် မြန်မာ့စီးပွားရေးဘဏ်၏ ကြိုးစားအားထုတ်မှုနှင့် ဝန်ထမ်းများက စေတနာထား ဆောင်ရွက် ပေးနေမှုများကို အသိအမှတ်ပြုကျေးဇူးတင်ကြောင်း။
သမားရိုးကျဘဏ်လုပ်ငန်းစနစ်မှ ဒစ်ဂျစ်တယ်ဘဏ်လုပ်ငန်းစနစ်သို့ အသွင်ကူးပြောင်း ဆောင်ရွက်လျက်ရှိရာတွင် ဘဏ်လုပ်ငန်းနှင့် ငွေကြေးဝန်ဆောင်မှုများ အဆင်ပြေစွာ ဆောင်ရွက်ပေးနိုင်ရေးကို ကြိုတင် မျှော်တွေး ဆောင်ရွက်ကြရန် မှာကြားသည်။
နိုင်ငံပိုင်မြန်မာ့စီးပွားရေးဘဏ်သည် ဘဏ္ဍာရေးနှစ်အလိုက် နှစ်ချုပ်စာရင်းပိတ်လုပ်ငန်း ညှိနှိုင်းဆွေးနွေးပွဲကို နှစ်စဉ်ပြုလုပ်လျက်ရှိရာ ယခုနှစ်ဆွေးနွေးပွဲကို မြန်မာနိုင်ငံတော်ဗဟိုဘဏ် နှင့် ကဏ္ဍအလိုက်ဆွေးနွေးမှုများအပြင် စာတမ်းဖတ်ပွဲများ၊ ဆွေးနွေးပွဲများ၊ လုပ်ငန်းစွမ်းဆောင် ရည်နှင့် ထူးချွန်မှုများအတွက် ဆုချီးမြှင့်မှုများအပါအဝင် ဖေဖော်ဝါရီလ ၁၉ ရက်မှ ၂၃ ရက်အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။