နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ်(၁/၂၀၂၄)သို့တက်ရောက်အမှာစကားပြောကြား နေပြည်တော်

Friday, February 16, 2024 - 16:00

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ်(၁/၂၀၂၄)သို့တက်ရောက်အမှာစကားပြောကြား

နေပြည်တော် ဖေဖော်ဝါရီ၁၆

ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ညှိနှိုင်းအစည်းအဝေးအမှတ်စဉ် (၁/၂၀၂၄)ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိကာကွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း တက်ရောက်အမှာစကားပြောကြားသည်။

          အစည်းအဝေးသို့ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ ဒုတိယဥက္ကဋ္ဌ ညှိနှိုင်းကွပ်ကဲ ရေးမှူး(ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီးမောင်မောင်အေး၊ အတွင်းရေးမှူး စစ်ရေးချုပ် ဒုတိယ ဗိုလ်ချုပ် ကြီးစိုးမင်းဦး၊ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့ဝင်များဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ ဥက္ကဋ္ဌဖြစ်သည့် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ ဥက္ကဋ္ဌများဖြစ်ကြသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက် ကြသည်။

          အစည်းအဝေးတွင် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ ဥက္ကဋ္ဌ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းက ပြည်သူ့စစ်မှုထမ်းဥပဒေကို နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီလက်ထက် ၂၀၁၀ ပြည့်နှစ်တွင် နိုင်ငံသားတိုင်းသည်ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး နှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန်အရေး ၃ ပါးကို စောင့်ထိန်း ရန်တာဝန်ရှိသဖြင့် ယင်းတာဝန်ကိုထမ်းဆောင်နိုင်ရေးအလို့ငှာ စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းဆောင်နိုင်ရန် ဥပဒေကိုပြဌာန်းခဲ့ခြင်းဖြစ်ပါ ကြောင်း၊ ၎င်းပြဌာန်းခဲ့သည့် ဥပဒေကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၀  ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်၊ ၂၇/၂၀၂၄ ဖြင့် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်မှစ၍ အာဏာတည်အမိန့်ကို သတ်မှတ်ခဲ့ခြင်းဖြစ်ပါကြောင်း။

          ထို့သို့အာဏာတည်သည့် အမိန့်ကိုသတ်မှတ်ခဲ့ပြီး ၂၀၂၄ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်တွင် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့၊ ဖေဖော်ဝါရီ ၁၄  ရက်တွင် နေပြည်တော်ကောင်စီ အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ် ပြည်သူ့စစ်မှုထမ်းဆင့် ခေါ်ရေးအဖွဲ့များကို အဆင့်အဆင့်ဖွဲ့စည်းခဲ့ပြီးဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များကိုလည်း သတ်မှတ်ပေးခဲ့ ပြီးဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး၊ပြည်နယ် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး အဖွဲ့များအနေ နှင့် ခရိုင်၊ မြို့နယ်အဖွဲ့များကို ဆက်လက်ဖွဲ့စည်းသွားရမည်ဖြစ်ပြီး ဖွဲ့စည်းမှုပြီးပါက မြို့နယ် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့သည် စစ်မှုထမ်းဆောင်ရမည့် အရွယ်ရောက်သူ နိုင်ငံသား တိုင်းအားဆင့်ခေါ်ခြင်း၊ မှတ်ပုံတင်ထားခြင်းတို့ ဆက်လက်ဆောင်ရွက်ရမည်ဖြစ် ပါကြောင်း၊ မှတ်ပုံတင်လက်မှတ်ရရှိထားသူများအား ဆင့်ခေါ်၍ ဆေးစစ်ဆေးခြင်းကို တပ်မတော်ဆေး စစ်ဆေးခြင်းဘုတ်အဖွဲ့ဖြင့် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ပြည်သူ့စစ်မှုထမ်းရန်အတွက် ဆင့်ခေါ်ခြင်းခံရသူ၏  လျှောက်လွှာအပေါ်စိစစ်ချက် နှင့်တပ်မတော် ဆေးစစ်ဆေးရေး ဘုတ်အဖွဲ့၏ စစ်ဆေးတွေ့ရှိချက်၊ သဘောထားမှတ်ချက်တို့ကို ခရိုင်အဖွဲ့၊ တိုင်းဒေသကြီး /ပြည်နယ်အစိုးရအဖွဲ့သို့ ဆက်လက်တင်ပြပြီး ၎င်းမှတဆင့် ဗဟိုအဖွဲ့သို့ ဆက်လက်တင်ပြ ရမည်ဖြစ်ပါကြောင်း။

          ပြည်သူ့စစ်မှုထမ်းဥပဒေကို  အခန်း(၈)ခန်းနှင့် ပုဒ်မ(၃၃)ခုဖြင့် ပြဋ္ဌာန်းထားပြီး ၎င်းပြဌာန်းချက်များမှ အရေးကြီးသော အချက်များကို ထုတ်နုတ်ရှင်းလင်းလိုပါကြောင်း၊ စစ်မှုထမ်းရမည့် အသက်အရွယ်သတ်မှတ်ချက်အနေဖြင့် အမျိုးသားဖြစ်လျှင် အသက် (၁၈)နှစ် ပြည့်ပြီး အသက်(၃၅)နှစ် မပြည့်သေးသော နိုင်ငံသားတိုင်းကိုလည်းကောင်း၊ အမျိုးသမီးဖြစ်လျှင် အသက်(၁၈)နှစ် ပြည့်ပြီး အသက်(၂၇)နှစ် မပြည့်သေးသော နိုင်ငံသား တိုင်းကိုလည်းကောင်း၊ ကျွမ်းကျင်သူ အမျိုးသားဖြစ်လျှင် အသက်(၁၈)နှစ်ပြည့်ပြီး အသက် (၄၅)နှစ် မပြည့်သေးသော နိုင်ငံသားတိုင်းကိုလည်းကောင်း၊ ကျွမ်းကျင်သူ အမျိုးသမီး ဖြစ်လျှင် အသက်(၁၈)နှစ် ပြည့်ပြီး အသက်(၃၅)နှစ် မပြည့်သေးသော နိုင်ငံသားတိုင်းကို လည်းကောင်းဥပဒေအရသတ်မှတ်ထားပါကြောင်း။

          စစ်မှုထမ်းရန်ကာလမှာ ၂၄ လ ဖြစ်ပြီး တပ်မတော်စက်မှုလက်မှုပညာသည်များအဖြစ် ဆင့်ခေါ်ခံရပါက ၃၆ လ ထက်မပိုသည့် ကာလအပိုင်းအခြားအတွက် စစ်မှုထမ်းရန် ဖြစ်ပါကြောင်း၊ နိုင်ငံတော်တွင် အရေးပေါ်အခြေအနေဖြစ်ပေါ်လျှင် အစိုးရအဖွဲ့သည် ပြည်သူ့စစ်မှုထမ်းရန် ကာလကို ၅ နှစ်အထိ တိုးမြှင့်သတ်မှတ်နိုင်ပါကြောင်း၊ ပြည်သူ့စစ်မှု ထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့သည်          စစ်မှုထမ်းနိုင်မည့် ကျန်းမာရေးအဆင့် မမီကြောင်း သက်ဆိုင်ရာ တပ်မတော်ဆေးစစ်ရေးဘုတ်အဖွဲ့၏ ထောက်ခံချက်ရရှိထားသူများ၊ နိုင်ငံ့ ဝန်ထမ်းများ၊ ပညာသင်ကြား နေသူများ၊ အခြားပြုစုစောင့်ရှောက်မည့်သူများမရှိသော မိအို၊ ဖအိုများကို ပြုစုလုပ်ကျွေး နေသူများ၊ မူးယစ်ဆေးဝါးဖြတ်ရန် ဆေးကုသမှုခံယူနေသူများ၊ ထောင်ဒဏ်ကျခံနေသူများကို ပြည်သူ့စစ်မှုထမ်းဆောင်ရမည့်တာဝန်မှ ယာယီရွှေ့ဆိုင်း နိုင်မည်ဖြစ်ပါကြောင်း၊ ယာယီရွှေ့ဆိုင်းထားသူများအတွက် စစ်မှုထမ်းဆောင်ရမည့် အသက်အရွယ်ကျော်လွန်စေကာမူ သတ်မှတ်ထားသော ပြည်သူ့စစ်မှုထမ်းဆောင်ရန် ကာလကိုပြည့်မီအောင် ပြန်လည်ထမ်းဆောင်ရမည်ဖြစ်ပါကြောင်း။

          ပြည်သူ့စစ်မှုထမ်းဆောင်ခြင်းမှ ကင်းလွတ်ခွင့်နှင့်ပတ်သက်၍ သာသနာ့ဝန်ထမ်းများ၊ အိမ်ထောင်သည် အမျိုးသမီးများအပြင် အိမ်ထောင်ပျက်သော်လည်း သားသမီးရှိသူ အမျိုးသမီးလည်းပါဝင်ပါကြောင်း၊ ကိုယ်လက်အင်္ဂါတစ်ခုခု အမြဲတမ်းမသန်စွမ်းသူများ၊ တပ်မတော် ဆေးစစ်ဆေးရေးဘုတ်အဖွဲ့က ပြည်သူ့စစ်မှုထမ်းရန် အမြဲတမ်းမသင့်မလျော် သူဖြစ်ကြောင်း သတ်မှတ်ထားသူများ၊ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့က အမိန့်ထုတ်ပြန်၍ ကင်းလွတ်ခွင့်ပြုထားသူများသည် စစ်မှုထမ်းဆောင်ခြင်းမှ ကင်းလွတ် မည်ဖြစ်ပါကြောင်း။

          တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များအနေဖြင့် ခရိုင်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့နှင့် မြို့နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များ ဖွဲ့စည်းမှုကိုလည်း အမြန်လျာထားတင်ပြရန် လိုအပ်ပါကြောင်း၊ ရှေ့ဆက်လက်လုပ်ဆောင် ရမည့် လုပ်ငန်းတာဝန်များနှင့် နည်းဥပဒေ(မူကြမ်း)တို့ကိုလည်း ကြိုတင်လေ့လာနိုင်ရန် ဖြန့်ဝေထားပြီးဖြစ်ပါကြောင်း၊ ယခုအစည်းအဝေးတွင်ဖြစ်စေ၊ သီးခြားဖြစ်စေ အကြံပြုချက် များ၊ ဖြည့်စွက်သင့်သည့်အချက်များကို တင်ပြပေးစေလိုပါကြောင်း၊ ပြည်သူ့စစ်မှုထမ်း ဥပဒေပြဌာန်းကျင့်သုံးသည့်နိုင်ငံအချို့၏ ဖွဲ့စည်းဆောင်ရွက်မှုများကိုလည်း လေ့လာနိုင်ရန် ဖြန့်ဝေထားပြီးဖြစ်ပါကြောင်း၊ လက်ရှိ မိမိတို့နိုင်ငံတွင် ပြည်သူ့စစ်မှုထမ်းဥပဒေအရ အကျုံးဝင်နိုင်သည့် လူဦးရေမှာ (၁၃)သန်းခန့်ရှိသည်ဟု သိရှိရပါကြောင်း။ ပြည်သူ့စစ်မှုထမ်း အဖြစ် ဆင့်ခေါ်ရာတွင် သတ်မှတ်ချက်နှင့် ကိုက်ညီသူအားလုံးကိုတစ်ချိန်တည်း တစ်ပြိုင် တည်း ခေါ်ယူမည်မဟုတ်ဘဲ နေရာဒေသအလိုက်၊ မြို့နယ်အလိုက်၊ လူဦးရေပေါ်မူတည်၍ အချိုးအစားအလိုက် ခေါ်ယူသည့်စနစ်ကို ကျင့်သုံးသွားမည်ဖြစ်ပါကြောင်း၊ သင်တန်း တစ်ပတ်စဉ်တွင် ရပ်ကွက်တစ်ခု ကျေးရွာတစ်ခုမှ အများဆုံးပါဝင်နိုင်မည့် အရေအတွက်မှာ တစ်ဦး၊ နှစ်ဦးထက်ပိုနိုင်မည်မဟုတ်ကြောင်း၊ အကျုံးဝင်သူများအနက် နှစ်စဉ်တက်ရောက်ရ မည့်အရေအတွက်မှာ ၁ ရာခိုင်နှုန်းအောက်ပင်ရှိပါကြောင်းကိုလည်း ပြောကြားလိုပါကြောင်း၊ ရည်မှန်းချက်များကို အကောင်အထည်ဖော်ရာတွင် သတ်မှတ်  Time Frame အတွင်း အချိန်မီပြီးစီးနိုင်ရန်အတွက် လိုအပ်သည့်လုပ်ငန်းအဖွဲ့များကိုလည်း ဖွဲ့စည်းဆောင်ရွက် သွားရမည်ဖြစ်ပါကြောင်း၊ ဥပမာအားဖြင့် တပ်မတော်ဆေးစစ်ရေးဘုတ်အဖွဲ့၊ အုပ်ချုပ်-ထောက်ပံ့မှု ဖြည့်တင်းရေးဆိုင်ရာလုပ်ငန်းအဖွဲ့၊စစ်မှုထမ်းမည့်သူများအား စိစစ်ရေးလုပ်ငန်း အဖွဲ့၊ စာရင်းဇယားများမှတ်ပုံတင်ရေးလုပ်ငန်းအဖွဲ့၊ သင်တန်းဖွင့်လှစ်နိုင်ရေး အထောက် အကူ ပြုလုပ်ငန်းအဖွဲ့၊ အလုပ်အကိုင်ပြန်လည်နေရာချထားရေးလုပ်ငန်းအဖွဲ့ စသည်ဖြင့် ဖွဲ့စည်း ရန်ဖြစ်ပါကြောင်း။

          ထို့ကြောင့်အစည်းအဝေးသို့တက်ရောက်လာကြသော ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟို အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ပြည်သူ့စစ်မှုထမ်းဆင့် ခေါ်ရေးအဖွဲ့ များအနေဖြင့် စာရင်းဇယားများမှန်ကန်တိကျစွာဖြင့် စနစ်တကျဖြစ်စေရေးအတွက် စတင်ဆောင်ရွက်စဉ်ကပင် အလေးထားစီမံဆောင်ရွက်ထားရန် လိုအပ်ပါကြောင်း၊ Implementation Plan ကို အကောင်အထည်ဖော်ရန်အတွက် ကွန်ပျူတာစနစ်တစ်ခု ရေးဆွဲပြီး ရှိပြီးသားစနစ်များနှင့် ချိတ်ဆက်စီမံဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ သို့မှသာ ပိုမိုထိရောက်သော၊ ပွင့်လင်းမြင်သာမှုရှိသော၊ မျှတသောစစ်မှုထမ်းစနစ်ထွက်ပေါ် လာမည်ဖြစ်ပြီး ပြည်သူလူထု၏ ယုံကြည်မှုတည်ဆောက်နိုင်မည်ဖြစ်ပါကြောင်း၊        

          တိုင်းဒေသကြီး/ပြည်နယ်အလိုက် ပြည်သူလူထုကျယ်ကျယ်ပြန့်ပြန့် သတင်းအမှန်ကို အမြန်သိစေနိုင်ရေးအတွက်လည်း Social Media အပါအဝင် နည်းလမ်းမျိုးစုံသုံး၍ အလေးထားဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ သင်တန်းဖွင့်လှစ်နိုင်ရေးအတွက် အခြေခံ အဆောက် အဦ များဖြစ်သည့် လေ့ကျင့်ရေးကွင်းများ၊ သင်တန်းသားအိပ်ဆောင်များ၊ ရေ၊ မီး၊ မိလ္လာ၊ သယ်ယူပို့ဆောင်ရေး စသည့်ကိစ္စရပ်များကိုလည်း ကြိုတင်ပြင်ဆင်ဆောင်ရွက် ထားရှိရန်နှင့်သတ်မှတ် Time Frame အတွင်းဝင်ရန်အစီအမံချမှတ်၍ ရေးဆွဲရန် လိုအပ်ပါကြောင်း၊ ကြိုတင်ပြင်ဆင်မှုလုပ်ငန်းများ အတွက်လည်းစနစ်တကျဖွဲ့စည်း ဆောင်ရွက်ရန် လိုအပ်ပါကြောင်း ပြောကြားသည်။

          ထို့နောက် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ ဒုတိယဥက္ကဋ္ဌ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီးမောင်မောင်အေးက ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက် သည့် သတင်းမှားဝေဖန်ပြောဆိုချက်များအား နိုင်ငံပိုင်မီဒီယာများမှတဆင့်ပြည်သူလူထု သတင်းမှန်များ သိရှိနိုင်ရေး တုန့်ပြန်ဆောင်ရွက်ရမည့်အခြေအနေ၊   ပြည်သူ့စစ်မှုထမ်းခြင်း လုပ်ငန်းစဉ်များအား ပြည်သူလူထု ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေး အသိပညာပေး ဆောင်ရွက်ရမည့် အခြေအနေ၊ ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးလုပ်ငန်းများ  စနစ်တကျ ဖြစ်စေရေးနှင့် သတ်မှတ်ကာလအပိုင်းအခြားအလိုက် မှန်ကန်တိကျစွာဆောင်ရွက်နိုင်ရေး အဖွဲ့များအလိုက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရမည့် အခြေအနေတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးပြောကြားသည်။

          ယင်းနောက် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ဝင်များဖြစ်ကြသည့် ပြည်ထောင် စုဝန်ကြီးများနှင့် တပ်မတော်မှ အဆင့်မြင့်အရာရှိကြီးများက  ပြည်သူ့စစ်မှုထမ်းဥပဒေ အရပြည်သူများ စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်း ဆောင်ရွက်နိုင်ရေးဆောင်ရွက်ရမည့် ကိစ္စရပ်များ၊ပြည်သူ့စစ်မှုထမ်းနည်းဥပဒေ၊ SOP ရေးဆွဲ ရေးတို့နှင့်စပ်လျဉ်း၍ ပြင်ဆင်ဖြည့်စွက်သင့်သည့်အကြောင်းအရာများ၊ ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ် ရေးလုပ်ငန်းစဉ်များ မှန်ကန်တိကျစွာဆောင်ရွက်နိုင်ရေး ကိစ္စရပ်များနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာကဏ္ဍများအလိုက် အကြံပြုရှင်းလင်း တင်ပြကြသည်။

          ထို့နောက် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး နှင့် ပြည်နယ် ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့ ဥက္ကဋ္ဌများဖြစ်ကြသည့် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် ဝန်ကြီးချုပ်များ က နေပြည်တော်ကောင်စီ အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ပြည်သူ့စစ်မှု ထမ်းဆင့်ခေါ်ရေးအဖွဲ့များဖွဲ့စည်း၍ ကဏ္ဍအလိုက် လုပ်ငန်းတာဝန်များ ဆောင်ရွက်သွားမည့် အခြေအနေတို့နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြသည်။

          ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသူများက ပြည်သူ့စစ်မှု ထမ်းဆင့်ခေါ်ရေးလုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ လိုအပ်သည်များကို အကြံပြုဆွေးနွေး တင်ပြ ကြသည်။

          ဆွေးနွေးတင်ပြချက်များနှင့်စပ်လျဉ်း၍ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းကTime Frame နှင့် Guide Line များကို ချထားပေးပြီးဖြစ်ပါကြောင်း၊ သက်ဆိုင်ရာမြို့နယ်၊ ခရိုင်၊ ပြည်နယ်/တိုင်းအလိုက် အဆင့်ဆင့် ဆောင်ရွက်ရမည့်လုပ်ငန်းများကို သတ်မှတ်ထားသောအချိန်ကာလအတွင်း ပြီးမြောက် အောင် မြန်ဆန်သွက်လက်စွာ ဆောင်ရွက်ကြရန်လည်းလိုအပ်ပါကြောင်း၊ တိုင်းဒေသကြီး/ ပြည်နယ်များတွင်လည်း ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးလုပ်ငန်းစဉ်များ ဆောင်ရွက်ရန် နိုင်ငံတော်ဘဏ္ဍာငွေမှ ကျခံသုံးစွဲရမည့်ကိစ္စရပ်များ ရှိလာနိုင်သည့်အတွက် ကြိုတင် တွက်ချက်ထားရန် လိုအပ်ပါကြောင်း၊ သတင်းထုတ်ပြန်မှုအပိုင်းများတွင်လည်း ပြည်သူလူထု အနေဖြင့် ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေး တယ်လီဖုန်းအော်ပရေတာများမှ တဆင့် မက်ဆေ့ချ်များ ပေးပို့ဆောင်ရွက်နိုင်ပါကြောင်း၊ ထုတ်ပြန်ထားသည့် ပြည်သူ့စစ်မှုထမ်း ဥပဒေသည် မိမိတို့ လက်ကိုင်ထားဆောင် ရွက်ရမည့်Guide Line ဖြစ်ပါကြောင်း၊ ပိုမို အသေးစိတ်ဆောင်ရွက်ရမည့် နည်းဥပဒေကိုလည်း ဆက်လက်ထုတ်ပြန်နိုင်ရေး ဗဟိုအဖွဲ့ တွင် ပါဝင်သည့် ဝန်ကြီးဌာနများ၊ တပ်မတော်နှင့် ဆက်စပ်ဝန်ကြီးဌာနများ ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ပေးကြပါရန် လိုအပ်ပါကြောင်း၊ နိုင်ငံတကာပြည်သူ့စစ်မှုထမ်းဥပဒေများကိုလည်း လေ့လာပြီး မိမိနိုင်ငံနှင့်ကိုက်ညီသည့် ဥပဒေ၊ နည်းဥပဒေများပေါ်ထွက်လာရေး ကြိုးပမ်း ဆောင်ရွက်ကြရန် ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။