မြန်မာနိုင်ငံရဲမှုထမ်းဟောင်းများအဖွဲ့(၂)နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားအား ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၊ အရိန္ဒမာခန်းမ၌ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် တက်ရောက်အမှာစကားပြောကြားခဲ့သည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံရဲမှုထမ်းဟောင်းများအဖွဲ့ကို နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ခွင့်ပြုချက်ဖြင့် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ရာ(၂)နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ပါကြောင်း၊ ဗဟိုဌာနချုပ်ရုံးဖွင့်လှစ်၍ အဖွဲ့ဝင်များ အင်အား တိုးတက်ခိုင်မာလာစေရေးအတွက် စည်းရုံးရေး၊ ဖွဲ့စည်းရေး၊ ရန်ပုံငွေတိုး တက်ရေးအစရှိသည့် လုပ်ငန်း များကို မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တာဝန်ရှိသူများနှင့်ပေါင်းစပ် ဆောင်ရွက်လျက်ရှိကြောင်း၊
ရဲမှုထမ်းဟောင်းအဖွဲ့ဝင် အင်အားတိုးတက်ခိုင်မာလာအောင် တိုင်းဒေသကြီး/ ပြည်နယ်စည်းရုံးရေး ကော်မတီ၊ မြို့နယ်စည်းရုံးရေးကော်မတီများဖွဲ့စည်းပြီး စည်းရုံးဆောင်ရွက်ခဲ့ရာ ၂၀၂၃ ခုနှစ်မှာ ဒီဇင်ဘာလ အကုန်မှာ ရဲမှုထမ်းဟောင်းအဖွဲ့ဝင်များ၊ မြို့နယ်ရဲမှုထမ်းဟောင်းအဖွဲ့များနှင့် တိုင်းဒေသကြီး/ ပြည်နယ် ကြီးကြပ်ရေးအဖွဲ့များ တိုးတက်ဖွဲ့စည်းနိုင်ခဲ့ကြောင်း၊
တိုင်းဒေသကြီး/ ပြည်နယ်အစိုးရများအနေဖြင့် မြို့နယ်ရဲမှုထမ်းဟောင်းများအဖွဲ့ဝင်များအတွက် သာရေး/နာရေး၊ လူမှုရေးဆိုင်ရာကိစ္စများမှာ ကူညီထောက်ပံ့နိုင်ရန်အတွက် ရန်ပုံငွေများပံ့ပိုးကူညီ ဆောင်ရွက်ပေးလျက်ရှိပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့်လည်း အလျင်းသင့်သလို ရန်ပုံငွေများထည့်ဝင် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မြို့နယ်ရဲမှုထမ်းဟောင်းအဖွဲ့များမှ လက်ရှိပိုင်ဆိုင်ထားသည့် ရန်ပုံငွေကို ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်ကိုက်ညီသည့် လုပ်ငန်းများဖြင့် တိုးပွားအောင် ဆက်လက်လုပ်ဆောင် သွားပြီး ရရှိလာသည့် ရန်ပုံငွေများကို ရဲမှုထမ်းဟောင်းအဖွဲ့ဝင်များ သက်သာချောင်ချိရေးကိစ္စများအပြင် အဖွဲ့ဝင်မိသားစုများ၏ သက်သာချောင်ချိရေးကိစ္စများအထိ တတ်စွမ်းသမျှ ကူညီဆောင်ရွက်ပေးခြင်းဖြင့် မြန်မာနိုင်ငံရဲမှုထမ်းဟောင်းများအဖွဲ့ကို ပိုမိုကျစ်လစ်ခိုင်မာလာအောင် တည်ဆောက်နိုင်မည် ဖြစ်ကြောင်း၊
မြန်မာနိုင်ငံရဲမှုထမ်းဟောင်းများအဖွဲ့အနေဖြင့် အဖွဲ့၏ရည်ရွယ်ချက်(၄)ရပ်နှင့် လုပ်ငန်းစဉ်(၆) ရပ်တို့ကို အောင်မြင်အောင် အကောင်အထည်ဖော်နိုင်ရန်အတွက်(၅)နှစ်တာကာလ လျာထားစီမံချက် များရေးဆွဲပြီး နှစ်အလိုက်အကောင်အထည်ဖော်ဆောင်ရွက်သွားမည့်လုပ်ငန်းများကို ရေးဆွဲဆောင်ရွက် လျက်ရှိရာတွင် လျာထားစီမံချက်ပါအတိုင်း အောင်မြင်နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားကြရန်နှင့် အဖွဲ့ဝင်အင်အား တောင့်တင်းရေးကို ဦးစားပေးဆောင်ရွက်ရမှာဖြစ်သည့်အတွက် သတ်မှတ်ချက်နှင့် ကိုက်ညီသည့် ရဲတပ်ဖွဲ့ဝင်ဟောင်းများအားလုံး အဖွဲ့ဝင်ဖြစ်လာစေရေး အလေးထားစည်းရုံးကြရမှာဖြစ် ကြောင်း၊
မြန်မာနိုင်ငံရဲမှုထမ်းဟောင်းများအဖွဲ့အနေဖြင့် အဖွဲ့၏ ရည်ရွယ်ချက်များ အောင်မြင်အောင် ဆောင်ရွက်ရာတွင် ဒို့တာဝန်အရေး (၃)ပါးကိုဦးထိပ်ထား၍ ပြည်တွင်းလုံခြုံရေး၊ ရပ်ရွာအေးချမ်း သာယာရေးနှင့် တရားဥပဒေစိုးမိုးရေး၊ မှုခင်းကျဆင်းရေးဆောင်ရွက်သည့်အပိုင်းတွင် တတ်စွမ်းနိုင်သမျှ မိမိတို့ကိုယ်စွမ်း ဉာဏ်စွမ်းရှိသလောက် တစ်ဖက်တစ်လမ်းမှ ပံ့ပိုးပါဝင်ကူညီပေးခြင်းအားဖြင့် နိုင်ငံတော် တာဝန်ကို ထမ်းဆောင်သွားကြဖို့ တိုက်တွန်းပြောကြားလိုကြောင်း၊
ထို့နောက် တက်ရောက်လာကြသည့် ရဲမှုထမ်းဟောင်းကိုယ်စားလှယ်များက တစ်ဦးချင်းမိတ်ဆက်ကာ မြန်မာနိုင်ငံရဲမှုထမ်းဟောင်းများအဖွဲ့ ဗဟိုအမှုဆောင်အဖွဲ့ဥက္ကဋ္ဌက နှစ်နှစ်တာကာလအတွင်း လုပ်ငန်း ဆောင်ရွက်ခဲ့မှုအခြေအနေများနှင့် ရှေ့လုပ်ငန်းစဉ်ချမှတ်ထားရှိမှုတို့အား ပြည်ထောင်စုဝန်ကြီးထံ ရှင်းလင်း တင်ပြခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်လမ်းညွှန်အမှာစကားပြောကြား၍ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။
အဆိုပါ မြန်မာနိုင်ငံရဲမှုထမ်းဟောင်းအဖွဲ့(၂)နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားသို့ ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ် ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင်၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ် တိုးရီ၊ အမြဲတမ်းအတွင်းဝန် ဦးခိုင်ထွန်းဦး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယရဲချုပ်များ၊ ရဲအရာရှိကြီးများ၊ မြန်မာနိုင်ငံရဲမှုထမ်းဟောင်းများအဖွဲ့ ဗဟိုအမှုဆောင်အဖွဲ့ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ အတွင်းရေးမှူးများနှင့်အဖွဲ့ဝင်များ၊ နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ်များရှိ မြန်မာနိုင်ငံ ရဲမှုထမ်းဟောင်းများအဖွဲ့ ကိုယ်စားလှယ်များတက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။