နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ပြည်ပနိုင်ငံများတွင်တာဝန်ထမ်းဆောင်လျက်ရှိသည့် သံအမတ် ကြီးများနှင့် သံရုံးယာယီတာဝန်ခံများအား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံအမှာစကား ပြော ကြားသည်။
တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တွဲဖက်အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသန်းဆွေ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး ဝန်ကြီးဌာန(၁) ပြည် ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ အကြံပေး ပုဂ္ဂိုလ်များ၊ ပြည်ပနိုင်ငံများတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် သံအမတ်ကြီးများ နှင့် သံရုံးယာယီတာဝန်ခံများ တက်ရောက်ကြသည်။
ဦးစွာ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေက အခမ်းအနားသို့ တက်ရောက်လာကြသော ပြည်ပနိုင်ငံများတွင် တာဝန် ထမ်းဆောင်လျက်ရှိသည့် သံအမတ်ကြီးများနှင့် သံရုံးယာယီတာဝန်ခံများ၊ ပြည်ပနိုင်ငံ များသို့ သွားရောက်တာဝန်ထမ်းဆောင်ကြမည့် သံအမတ်ကြီးများနှင့် တစ်ဦးချင်း မိတ် ဆက်ပေးသည်။
နိုင်ငံတော်တွင် ဖြစ်ပေါ်ခဲ့သည့် အခြေအနေများနှင့် ဖြစ်ပေါ်လျက်ရှိသည့် အခြေအနေများအား ရှင်းလင်းပြောကြား
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံ၏ အခြေအနေများကို မျက်မြင်တွေ့နိုင်ရေး အတွက် ပြည်ထောင်စုနေ့အခါသမယတွင် ပြန်လည်ခေါ်ယူခဲ့ခြင်းဖြစ်ကြောင်း၊ မြန်မာ နိုင်ငံနှင့်တိုက်ရိုက်သက်ဆိုင်နေသည့် သံတမန်များအနေဖြင့် မြန်မာနိုင်ငံ၏ အခြေအနေ မှန်ကို သိရှိရန်လိုပြီး လက်ရှိမြန်မာနိုင်ငံ၏အခြေအနေနှင့် ဖြစ်ပေါ်လာသည့် အကြောင်း အရာများကို ပြောကြားလိုကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံ့ တာဝန်များကို ထမ်းဆောင်လျက်ရှိသည်မှာ ၃ နှစ်ရှိခဲ့ပြီဖြစ်ကြောင်းဖြင့် ဦးစွာ ပြောကြား ပြီး၂၀၂၀ ပြည့်နှစ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှုများ ဖြစ်ပေါ် ခဲ့မှုနှင့် အဆိုပါမဲမသမာမှုများကို ဖြေရှင်းဆောင်ရွက်ပေးခြင်း မရှိသည့်အပြင် လွှတ်တော် ခေါ်ယူ၍ နိုင်ငံတော်အာဏာကို အတင်းအဓမ္မရယူရန် ဆောင်ရွက်ခဲ့သည့် အခြေအနေ များ၊ နိုင်ငံတော်တွင် ဖြစ်ပေါ်လာခဲ့သည့် အခြေအနေများအရ နိုင်ငံတော်ကို နိုင်ငံရေးအရ အရေးပေါ် အခြေအနေကြေညာခဲ့ပြီး တပ်မတော်မှ နိုင်ငံ့တာဝန်များကို ဥပဒေနှင့်အညီ တာဝန်ထမ်းဆောင်ခဲ့ရမှု အခြေအနေများ၊ စတင်တာဝန်ထမ်းဆောင်ခဲ့ပြီးနောက်ပိုင်း ရွေး ကောက်ပွဲတွင် ဖြစ်ပေါ်ခဲ့သည့် မဲမသမာမှုဖြစ်စဉ်များနှင့်ပတ်သက်၍ စစ်ဆေးတွေ့ရှိချက် များအား ထုတ်ပြန်ခဲ့ပြီး တာဝန်ရှိသူများကို ဖော်ထုတ်၍ အရေးယူဆောင်ရွက်ခဲ့မှု အခြေ အနေများ၊ စတင်တာဝန်ထမ်းဆောင်စဉ် အစောပိုင်းကာလများ၌ ဆူပူဆန္ဒပြမှုများသာရှိခဲ့ သော်လည်း နောက်ပိုင်းတွင် နိုင်ငံရေးအရဖြစ်ပေါ်ခဲ့သည့်ပြဿနာကို နိုင်ငံရေးအရ ဖြေ ရှင်းခြင်းမပြုဘဲ အကြမ်းဖက်သည့်နည်းလမ်းကို ရွေးခြယ်ခဲ့ကာ တရားမဝင်အဖွဲ့အစည်း များဖြစ်သည့် CRPH၊ NUG တို့ကိုဖွဲ့စည်း၍ ၎င်းတို့၏ လက်ဝေခံ PDF အမည်ခံ အကြမ်း ဖက်သမားများဖြင့် ၂၀၂၂ ခုနှစ်အတွင်း၌ အကြမ်းဖက်မှုလုပ်ရပ်များကို လုပ်ဆောင်လာခဲ့ သည့်အခြေအနေများ၊ ထိုကဲ့သို့ နိုင်ငံရေးအခက်အခဲ၊ အကြပ်အတည်းများဖြစ်ပေါ်ခဲ့သည့် ကြားကပင် ကိုဗစ်-၁၉ ကပ်ရောဂါကိုလည်း သစ္စာရှိအစိုးရဝန်ထမ်းများ၊ ပြည်သူလူထုများ ၏ ဝိုင်းဝန်းပါဝင်မှုဖြင့် ဖြေရှင်းနိုင်ခဲ့သည့် အခြေအနေများ၊ ၂၀၂၃ ခုနှစ်အတွင်း၌ PDF အမည်ခံအကြမ်းဖက်သမားများအနေဖြင့် နိုင်ငံအတွင်းရှိ အချို့မြို့နယ်များ၌ အကြမ်းဖက် လုပ်ရပ်များကို ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်လာခဲ့သည့် အခြေအနေများ၊ တိုင်းရင်း သား လက်နက်ကိုင်အဖွဲ့ အချို့အနေဖြင့်လည်း PDF အမည်ခံအကြမ်းဖက်သမားများအား အကြမ်းဖက်သင်တန်းပေးခြင်း၊ လက်နက်၊ ခဲယမ်းများ ရောင်းချပေးခြင်း၊ ၎င်းတို့နှင့် အတူတကွပူးပေါင်း၍ လမ်း၊ တံတားများအား မိုင်းထောင်ဖောက်ခွဲခြင်း၊ အလိုမတူသူ များအား ခြိမ်းခြောက်သတ်ဖြတ်ခြင်း စသည့် အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင် လာခဲ့သည့်အခြေအနေများ၊ ထို့ပြင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့၏ နယ်မြေ များ၌လည်း လက်နက်ကိုင်အကြမ်းဖက်မှုများ ဖြစ်ပေါ်လာခဲ့သောကြောင့် တပ်မတော် အနေဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူများနှင့်အတူတကွ ပူးပေါင်း၍ အကြမ်းဖက် မှုနှိမ်နှင်းရေးစစ်ဆင်ရေးကို ဆောင်ရွက်လျက်ရှိသည့်အခြေအနေများ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ပါဝင်ပတ်သက်လျက်ရှိသည့် အွန်လိုင်းလောင်းကစားမှုများ၊ ငွေကြေးလိမ်လည်မှုများကို အိမ်နီးချင်းနိုင်ငံများနှင့်ပူးပေါင်းတိုက်ဖျက်လျက်ရှိသည့်အခြေ အနေများ စသည့်ဖြင့် နိုင်ငံအတွင်းဖြစ်ပေါ်လျက်ရှိသည့် အခြေအနေများနှင့် ပတ်သက်၍ အကျယ်တဝင့် ရှင်းလင်းပြောကြားသည်။
နိုင်ငံ့ဝန်ထမ်းများပါတီနိုင်ငံရေး ကင်းရှင်းရေး
ဆက်လက်ပြောကြားရာတွင် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင်ဖြစ်ပေါ်ခဲ့သည့် အခြေအနေများအရ နိုင်ငံ့ဝန်ထမ်းအချို့သည်လည်း CDM လှုပ်ရှားမှုများတွင် အကြောင်း အမျိုးမျိုးကြောင့် ပါဝင်မှုများရှိခဲ့ကြောင်း၊ ကမ္ဘာ့နိုင်ငံများတွင်လည်း နိုင်ငံ့ဝန်ထမ်းများ သည် ပါတီနိုင်ငံရေး ကင်းရှင်းရမည်ဖြစ်ကြောင်းကို ဥပဒေအရပြဋ္ဌာန်းထားရှိပြီး မိမိတို့ နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)တွင်လည်းပါဝင်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းများ အနေဖြင့် ပါတီနိုင်ငံရေးကင်းရှင်းရမည်ဖြစ်ပြီး နိုင်ငံ့ဝန်ထမ်းများသည် ၎င်းတို့ ထောက်ခံ သည့် ပါတီကိုမဲပေးနိုင်သည်ဖြစ်သော်လည်း လုပ်ငန်းတာဝန်ထမ်းဆောင်မှုအပေါ် သက် ရောက်မှုမရှိစေရန်လိုကြောင်း၊ ပါတီနိုင်ငံရေးနှင့် နိုင်ငံ့တာဝန်ထမ်းဆောင်မှုကို ကွဲပြားစွာ သိရှိရန်လိုကြောင်း၊ သံအမတ်ကြီးများနှင့် သံရုံးယာယီတာဝန်ခံများ၊ ဝန်ထမ်းများ အနေဖြင့်လည်း နိုင်ငံ့ဝန်ထမ်းများသည် အစိုးရအတွက်အလုပ်လုပ်ခြင်းမဟုတ်ဘဲ နိုင်ငံ့ အတွက်အလုပ်လုပ်ခြင်းဖြစ်သည်ကို နားလည်သဘောပေါက်ရန်လိုကြောင်း။
နိုင်ငံတော်တွင် ဖြစ်ပေါ်လျက်ရှိသည့် ပကတိအခြေအနေမှန်များကို နိုင်ငံတကာမှ သိရှိရေး
မိမိတို့နိုင်ငံအနေဖြင့် နိုင်ငံ၏ တည်ရှိပုံပထဝီအနေအထားအရ လွတ်လပ်၍ တက် ကြွပြီး ဘက်မလိုက်သည့် နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးလျက်ရှိပြီး နိုင်ငံ၏ နိုင်ငံခြားရေး မူဝါဒကို အကောင်အထည်ဖော်ရန်အတွက် ပြည်ပတွင် တာဝန်ထမ်းဆောင်နေကြသည့် သံတမန်ဝန်ထမ်းများတွင်တာဝန်ရှိ ကြောင်း၊ အိမ်နီးချင်းနိုင်ငံများနှင့် ကမ္ဘာ့နိုင်ငံများတွင် ဖြစ်ပေါ်နေသည့် အခြေအနေများကို မျက်ခြည်မပြတ်စေဘဲ မိမိတို့၏ မူဝါဒကို အောင် မြင်အောင် ဆောင်ရွက်သွားရန်လိုကြောင်း၊ မိမိတို့နိုင်ငံသည် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတစ်ခုဖြစ်ပြီး နိုင်ငံတကာအသိုင်းအဝိုင်း၊ အဖွဲ့အစည်းများတွင် ပါဝင်နေသည့် နိုင်ငံ တစ်ခုဖြစ်ကြောင်း၊ သို့သော်လည်း ၂၀၂၀ ပြည့်နှစ်တွင် ဖြစ်ပေါ်ခဲ့သည့် နိုင်ငံရေးပဋိပက္ခ ဖြစ်စဉ်များကြောင့် မိမိတို့အပေါ် အရေးယူပိတ်ဆို့မှုများ၊ ဖိအားပေးမှုများရှိခဲ့ကြောင်း၊ ထို့ကြောင့် မိမိတို့နိုင်ငံတွင်ဖြစ်ပေါ်ခဲ့သည့် အခြေအနေမှန်များနှင့် လက်ရှိဖြစ်ပေါ်နေသည့် ပကတိ အခြေအနေမှန်များကို နိုင်ငံတကာမှသိရှိစေရေးအတွက် သက်ဆိုင်ရာနိုင်ငံများ အလိုက် ဆောင်ရွက်ကြရန်လိုကြောင်း၊ မိမိတို့နိုင်ငံအပြင် အခြားဖွံ့ဖြိုးဆဲနိုင်ငံများအနေ ဖြင့်လည်း အချို့နိုင်ငံကြီးများ၏ မမျှမတ ဖိအားပေးဆက်ဆံမှုများ၊ နိုင်ငံရေး၊ စီးပွားရေး အရ လွှမ်းမိုးပိတ်ဆို့မှုများကို ကြုံတွေ့နေရမှုများရှိသဖြင့် နိုင်ငံ့အကျိုးစီးပွားအတွက် ကြံ့ကြံ့ခံကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ နိုင်ငံ့အကျိုးအတွက် ပြောသင့်ပြော ထိုက်သည်များ၊ လုပ်သင့်လုပ်ထိုက်သည်များကို မိမိတို့တွေ့ကြုံနေရသည့်အခြေအနေ များ၊ သံတမန်အတွေ့အကြုံများအရ ချိန်ထိုးချင့်ချိန်၍ ဆောင်ရွက်ကြရန်လိုကြောင်း၊ မိမိတို့တာဝန်ထမ်းဆောင်လျက်ရှိသည့် နိုင်ငံများအလိုက် မြန်မာနိုင်ငံ၏ အခြေအနေမှန် များကို သိရှိစေရေး ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ကြောင်း။
နယ်ပယ်အလိုက် သံတမန်လုပ်ငန်းရပ်များ အောင်မြင်စေရေးနှင့် ပြည်ပရောက် မြန်မာနိုင်ငံသားများအား အကူအညီပေးရေး
သံတမန်ဝန်ထမ်းများ၏ သဘောတရားမှာ နယ်ပယ်ပေါင်းစုံ၌ ဆက်ဆံမှုတိုးမြှင့်နိုင် ရေးပင်ဖြစ်ပြီး အရေးကြီးသည့် တာဝန်များကို ထမ်းဆောင်နေရခြင်းဖြစ်ကြောင်း၊ မိမိတို့ လုပ်ဆောင်နိုင်သည့် နယ်ပယ်များအလိုက် လုပ်ဆောင်နိုင်မှုများကို ထိရောက်စွာ အသုံးချ ၍ နိုင်ငံရေးအရ၊ စီးပွားရေးအရ၊ ယဉ်ကျေးမှုဖလှယ်ရေးဆိုင်ရာအရ ဆက်ဆံမှုတိုးမြှင့်နိုင် ရေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထိုကဲ့သို့ ဆက်ဆံမှုတိုးမြှင့်လာပြီး ပုဂ္ဂိုလ်ရေးအရ၊ လုပ်ငန်းသဘောအရ ရင်းနှီးမှုများသည် လုပ်ငန်းတာဝန်များကို အောင်မြင်စေရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေမည်ဖြစ်ကြောင်း၊ နိုင်ငံတော်နှင့် လူမျိုးအပေါ် သစ္စာရှိစွာဖြင့် တာဝန်သိစိတ်၊ တိုင်းပြည်ချစ်စိတ်များဖြင့် တာဝန်ထမ်းဆောင်ကြစေလို ကြောင်း၊ စီးပွားရေးနှင့် ပတ်သက်၍ ကုန်သွယ်မှုမြှင့်တင်နိုင်ရေး သက်ဆိုင်ရာနိုင်ငံများမှ တင်ပို့လိုသည့်ပစ္စည်းများ၊ ၎င်းတို့လိုအပ်သည့်ပစ္စည်းများ၊ မိမိတို့နိုင်ငံမှ တင်ပို့နိုင်သည့် ပို့ကုန်ပစ္စည်းများကိုလည်း သိရှိအောင် ဆောင်ရွက်ရမည်ဖြစ်ပြီး နိုင်ငံနှင့် နိုင်ငံသားတို့၏ စီးပွားမြှင့်တင်နိုင်ရေးအတွက် အလေးထားဆောင်ရွက်ကြရန်လိုကြောင်း၊ မိမိတို့ နိုင်ငံ၌ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းနှင့် အထည်ချုပ်လုပ်ငန်း လုပ်ကိုင်ဆောင်ရွက်သူအများ အပြားရှိသဖြင့် ၎င်းတို့အား အလုပ်အကိုင်အခွင့်အလမ်းများ ဖော်ဆောင်ပေးနိုင်ရေး၊ စဉ်ဆက်မပြတ်သည့် အလုပ်အကိုင်အခွင့်အလမ်းများရရှိရေးအတွက် ကြိုးပမ်းဆောင် ရွက်သွားရမည်ဖြစ်ကြောင်း၊ ပြည်တွင်း၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းရပ်များ ရရှိ လာပါက ပြည်တွင်းအလုပ်အကိုင်အခွင့်အလမ်းများဖြစ်ပေါ်စေပြီး နိုင်ငံအတွက်လည်း အကျိုးရှိနိုင်မည်ဖြစ်သဖြင့် ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း။
ပြည်ပရောက် မြန်မာနိုင်ငံသားများသည် မည်သို့ပင်ဖြစ်စေ မြန်မာနိုင်ငံသားများပင် ဖြစ်သည့်အတွက် ၎င်းတို့ကြုံတွေ့နေရသည့် အခက်အခဲများကို တတ်နိုင်သရွေ့ဖြေရှင်း ဆောင်ရွက်ပေးရန်တာဝန်ရှိကြောင်း၊ မြန်မာနိုင်ငံသားတိုင်းသည် အကြောင်းအမျိုးမျိုး ကြောင့်သာ အခြားနိုင်ငံများသို့ ရောက်ရှိနေရသည်ဖြစ်သော်လည်း မြန်မာနိုင်ငံသားဟူ သည့် စိတ်ရှိသည်ဖြစ်သဖြင့် ၎င်းတို့အတွက် အင်အားတစ်ခုရရှိစေရေး၊ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုရှိစေရေးအတွက် သံတမန်ဝန်ထမ်းများအနေဖြင့် ဆောင်ရွက်ပေးရမည်ဖြစ် ကြောင်း။
နိုင်ငံတော်အနေဖြင့်လည်း ရေခြားမြေခြားတွင် နိုင်ငံ့တာဝန်များကို သွားရောက် တာဝန်ထမ်းဆောင်နေသည့် သံတမန်ဝန်ထမ်းများ၏ ရသင့်ရထိုက်သည့် ရပိုင်ခွင့်များ၊ အကျိုးခံစားခွင့်များရရှိစေရေးအတွက်လည်း တတ်စွမ်းသရွေ့ ကြိုးပမ်းဆောင်ရွက်ပေး လျက်ရှိကြောင်း၊ သံတမန်ဝန်ထမ်းများ နေထိုင်စားသောက်မှုအဆင်ပြေစေရေးအတွက် လည်း လိုအပ်သည်များဖြည့်ဆည်းပေးမည်ဖြစ်သဖြင့် မိမိတို့သက်ဆိုင်ရာနိုင်ငံအလိုက် ကြုံတွေ့နေရသည့် အခက်အခဲများကို တင်ပြကြရန်လိုကြောင်း။
ပညာရည်မြှင့်တင်ရေးလုပ်ငန်းများတွင် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုရေး
မိမိတို့နိုင်ငံအနေဖြင့် ပညာရေးအရ အားနည်းချက်များ များစွာရှိနေသေးသည်ကို စစ်တမ်းများအရ တွေ့ရှိရပြီး မိမိတို့တာဝန်ယူချိန်တွင် ပညာရည်မြှင့်တင်မှုလုပ်ငန်းရပ် များကို မဖြစ်မနေကြိုးပမ်းဆောင်ရွက်ခဲ့ကြောင်း၊ ကိုဗစ်-၁၉ ရောဂါနှင့် နိုင်ငံရေးအကြပ် အတည်းများကြားကပင် ကျောင်းများအားလုံးဖွင့်လှစ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ခဲ့ ကြောင်း၊ လက်ရှိအချိန်တွင်လည်း အကြမ်းဖက်သမားများ၏ အကြမ်းဖက်လုပ်ရပ်များ ကြောင့် ဖွင့်လှစ်ရန် လုံးဝမဖြစ်နိုင်သည့် အချို့သောကျောင်းများမှအပ ကျောင်းများ၊ တက္ကသိုလ်များ၊ ကောလိပ်များ အားလုံးကို ဖွင့်လှစ်ပေးလျက်ရှိပြီး ပညာရည်မြှင့်တင်မှု စဉ်ဆက်မပြတ်စေရေး ဆောင်ရွက်လျက်ရှိကြောင်း၊ သံအမတ်ကြီးများနှင့် သံရုံးယာယီ တာဝန်ခံများအနေဖြင့်လည်း မိမိတို့တာဝန်ထမ်းဆောင်ရာ နိုင်ငံများအလိုက် ပညာရည် မြှင့်တင်ရေးဆောင်ရွက်မှုများ၊ ပညာရေးအားပေးဆောင်ရွက်မှုအခြေအနေများကို လေ့ လာ၍ တင်ပြကြစေလိုပြီး မိမိတို့ နိုင်ငံနှင့်ကိုက်ညီသည်များကို အတုယူဆောင်ရွက်ခြင်း ဖြင့် ပညာရေးကို မြှင့်တင်နိုင်ရေးဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပညာရေးသည် တိုင်း ပြည်၏ အနာဂတ်ပင်ဖြစ်ကြောင်း၊ ပညာရေးအားနည်းချက်သည် နောင်အနာဂတ်တွင် ဖွံ့ဖြိုးတိုးတက်ပြီး ကောင်းမွန်သည့်နိုင်ငံတော်တည်ဆောက်ရေးတွင် အခက်အခဲများ ဖြစ် ပေါ်စေနိုင်သောကြောင့် ပညာရေးကို မိမိတို့အနေဖြင့် ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာအရ မဖြစ် မနေ အားပေးဆောင်ရွက်လျက်ရှိကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် နည်းပညာသင် အထက်တန်းကျောင်းများကိုလည်း ဖွင့်လှစ်ပေးလျက်ရှိသကဲ့သို့ အဆင့်မြင့်ပညာသင် ကြားရေး တက္ကသိုလ်များ၊ ကောလိပ်များ၊ လက်ရှိ နည်းပညာတက္ကသိုလ်များနှင့် ကွန်ပျူ တာ တက္ကသိုလ်များ၏ အခြေအနေနှင့် ဖြစ်ပေါ်လာမည့် အခြေအနေဆန်းစစ်ချက်များနှင့် ပိုမိုကျယ်ပြန့်သည့် သင်ကြားသင်ယူမှုနယ်ပယ်များ ထည့်သွင်းဆောင်ရွက်နိုင်ရန် ဆွေးနွေး ဆောင်ရွက်လျက်ရှိကြောင်း၊ တက္ကသိုလ်ပညာရေးသည် အရေးကြီးသည့် ပညာရေးတစ်ခု ဖြစ်ပြီး နိုင်ငံတော်အတွက် လိုအပ်သည့် လူသားအရင်းအမြစ်ကောင်းများကို မွေးထုတ်ပေး နိုင်ရေး မိမိတို့အနေဖြင့် ကြိုးပမ်း ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် သံအမတ် ကြီးများနှင့် သံရုံးယာယီတာဝန်ခံများ အနေဖြင့်လည်း နိုင်ငံတော်၏ ပညာရေးမြှင့်တင်မှု အခန်းကဏ္ဍတွင် တစ်ဖက်တစ်လမ်းမှ ပါဝင်ဆောင်ရွက်နိုင်ရေး ကြိုးပမ်းကြရန်လို ကြောင်း။
ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် အရန်တပ်ဖွဲ့ဥပဒေ
ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် အရန်တပ်ဖွဲ့ဥပဒေကို နိုင်ငံတော်တွင် ဖြစ်ပေါ်နေသည့် အခြေအနေများအရ ထုတ်ပြန်ခဲ့ကြောင်း၊ နိုင်ငံသားတိုင်းတွင် နိုင်ငံတော်ကာကွယ်ရန် တာဝန်ရှိသည်ဖြစ်သဖြင့် ပြည်သူ့စစ်မှုထမ်းဥပဒေကို ယခင်ကတည်းက ထုတ်ပြန်ခဲ့ခြင်း ဖြစ်ကြောင်း၊ အထူးသဖြင့် ဒို့တာဝန်အရေးသုံးပါးကို ကာကွယ်စောင့်ရှောက်ရန် အတွက် ဖြစ်ပြီး ယင်းဥပဒေနှင့် ပတ်သက်၍ တွက်ချက်ချင့်ချိန် ဆောင်ရွက်သွားမည်ဖြစ်ပြီး သတ် မှတ်အသက်အပိုင်းအခြားအတွင်းမှ သင့်တင့်လျောက်ပတ်သည့်အင်အားကိုသာ တာဝန် ထမ်းဆောင်ရန်ဖြစ်ကာ နိုင်ငံအတွက်လည်း ဝန်ထုပ်ဝန်ပိုးမဖြစ်စေရေး ဆောင်ရွက်သွား မည်ဖြစ်ကြောင်း၊ အရန်တပ်ဖွဲ့ဥပဒေနှင့် ပတ်သက်၍လည်း စစ်မှုထမ်းဟောင်းအားလုံးကို ပြန်လည်ခေါ်ယူမည်ဟု မဆိုလိုဘဲခေါ်သင့်ခေါ်ထိုက်သူများကိုသာ ပြန်လည်ခေါ်ယူ တာဝန် ပေးအပ်သွားမည်ဖြစ်ကြောင်း၊ ယင်းဥပဒေနှစ်ရပ်ကိုအကောင်အထည်ဖော် ဆောင်ရွက် ခြင်းဖြင့် ကာကွယ်ရေးအင်အားကို တိုးမြှင့်လာစေမည်ဖြစ်ကြောင်း၊ သံအမတ်ကြီးများနှင့် သံရုံးယာယီတာဝန်ခံများ အနေဖြင့်လည်း ယင်းဥပဒေနှစ်ရပ်၏ အဓိပ္ပါယ်ကို ခြေခြေ မြစ်မြစ်သိရှိအောင် လေ့လာကြရန်နှင့် သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်ရောက်ရှိပါက ဥပဒေအသက်သွင်းရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားနိုင်ရန်လိုကြောင်း။
သံအမတ်ကြီးများနှင့် သံရုံးယာယီတာဝန်ခံများသည် နိုင်ငံတကာတွင် နိုင်ငံ့အတွက် အရေးပါသည့် လုပ်ငန်းရပ်များကို တာဝန်ထမ်းဆောင်နေရသူများဖြစ်သည့်အတွက် နိုင်ငံ တော်တွင် ဖြစ်ပေါ်နေသည့် အခြေအနေမှန်များနှင့် ဖြစ်ပေါ်နေသည့်အခြေအနေများကို အမှန်အတိုင်းသိရှိစေရေးအတွက် ယခုကဲ့သို့ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးပြောကြားရခြင်း ဖြစ်ကြောင်းနှင့် နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ အကျိုးအတွက် မိမိတို့၏ တာဝန်များကို အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်သွားရန်လိုကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက နိုင်ငံခြားရေးမူဝါဒများအပေါ် အကောင်အထည်ဖော်ဆောင်ရွက်နေမှု အခြေအနေများ၊ နိုင်ငံတကာ သံတမန်ဆက်ဆံရေးဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
၎င်းနောက် သံအမတ်ကြီးများနှင့် သံရုံးယာယီတာဝန်ခံများက သက်ဆိုင်ရာ နိုင်ငံ များအလိုက် နှစ်နိုင်ငံဆက်ဆံရေးအခြေအနေများနှင့် ဆက်ဆံမှုတိုးမြှင့်ရေး ဆောင်ရွက် နေမှုအခြေအနေများ၊ တာဝန်ထမ်းဆောင်လျက်ရှိသော နိုင်ငံများ၏ မြန်မာနိုင်ငံအပေါ် ထားရှိသည့်သဘောထားများနှင့် သံတမန်ရေးရာကိစ္စရပ်များ ဆောင်ရွက်နေမှုအခြေ အနေများကို အသီးသီးရှင်းလင်းတင်ပြကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က လိုအပ်သည်များ ပြန်လည်ဖြည့်စွက်ဆွေးနွေးမှာကြားသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ပြောကြားရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အန္နိမရည်မှန်းချက်ဖြစ်သည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနှင့် အနိုင်ရသည့် ပါတီအား နိုင်ငံ့တာဝန်များကို ပြန်လည်လွှဲပြောင်းပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက် ရှိ ကြောင်း၊ ရွေးကောက်ပွဲကျင်းပနိုင်ရေးဆောင်ရွက်ရာတွင် သိက္ခာရှိသည့်ရွေးကောက်ပွဲ နှင့် သိက္ခာရှိသည့် လွှတ်တော်အစည်းအဝေး ကျင်းပနိုင်ရေးဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လွှတ်တော်အသီးသီးတွင် ရွေးချယ်ခံလွှတ်တော်ကိုယ်စားလှယ် အရေအတွက်သည် တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်များထက် ပိုမိုများပြားနေရန် လိုအပ်ကြောင်း၊ သို့မှသာ သိက္ခာရှိသည့်ရွေးကောက်ပွဲဖြစ်မည်ဖြစ်ပြီး လွှတ်တော်များအတွင်း၌လည်း အပြန်အလှန်ထိန်းကြောင်းနိုင်ရန် လိုအပ်ပါကြောင်း၊ ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲတွင် ဖြစ်ပေါ်ခဲ့သည့် ရွေးကောက်ပွဲ မဲစာရင်းမှားယွင်းမှုများကို သင်ခန်းစာယူ၍ ရွေးကောက်ပွဲ ပြန်လည်ကျင်းပနိုင်ရေးဆောင်ရွက်ရာတွင် မဲစာရင်းများမှန်ကန်မှုရှိစေရေးနှင့် ဆန္ဒမဲပေး ခွင့်ရှိသူအားလုံး မဲပေးခွင့်ရရှိရေး ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ မဲဆန္ဒရှင်စာရင်း မှန်ကန်မှုရှိစေရေးနှင့် နောင်တက်လာမည့် အစိုးရအနေဖြင့် နိုင်ငံ၏ လူမှုရေး၊ စီးပွားရေး၊ ဖွံ့ဖြိုးတိုးတက်ရေး မူဝါဒများရေးဆွဲချမှတ်ရာတွင် အထောက်အကူဖြစ်စေရေးအတွက် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းစဉ်များကို ဆောင်ရွက်နိုင်ရေး လုပ်ဆောင်လျက်ရှိကြောင်း၊ မဲဆန္ဒရှင်များအနေဖြင့် မဲပေးရာတွင် ရှင်းလင်းလွယ်ကူစွာ မဲပေးနိုင်ရေး၊ မဲရလဒ်မှန်ကန်ရေး၊ ပယ်မဲမရှိရေး၊ မဲမသမာမှု မပြု လုပ်နိုင်ရေးနှင့် ပွင့်လင်းမြင်သာမှုရှိစေရေးအတွက် မြန်မာအီလက်ထရောနစ်မဲပေး စက် (Myanmar Electronic Voting Machine)နှင့် စပ်လျဉ်းသည့် ရှင်းလင်းပြသခြင်းများ၊ လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းများကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း။
တင်ပြချက်များတွင်ပါဝင်သည့် ဘင်္ဂလားဒေရှ့်နိုင်ငံသို့ရောက်ရှိနေသူများအား ပြန်လည် လက်ခံနိုင်ရေးအတွက်လည်း မိမိတို့သတ်မှတ်ထားသည့် အချက်များနှင့် ကိုက်ညီမှု ရှိပါက ပြန်လည်လက်ခံရန် မိမိတို့အနေဖြင့် အသင့်ရှိကြောင်း၊ နှစ်နိုင်ငံသဘောတူညီချက်များနှင့် အညီ ပြဿနာအနည်းဆုံးဖြစ်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။
မိမိတို့အနေဖြင့် ဒို့တာဝန်အရေးသုံးပါးဖြစ်သည့် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်း သားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးအတွက် နိုင်ငံ တော်တွင်ဖြစ်ပေါ်လျက်ရှိသည့် လက်နက်ကိုင်ပဋိပက္ခများနှင့် သဘောထားကွဲလွဲမှုများကို ဥပဒေနှင့်အညီ ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်လျက်ရှိကြောင်း၊ မီဒီယာများမှ လှုံ့ဆော် မှုများ၊ သွေးထိုးမှုများသည် ပြည်ထောင်စုကြီး စည်းလုံးညီညွတ်မှုကို ပြိုကွဲစေနိုင်သည် ဖြစ်သောကြောင့် သံအမတ်ကြီးများ၊ သံရုံးယာယီတာဝန်ခံများ အနေဖြင့်လည်း နိုင်ငံတော် ၏ ပကတိအခြေအနေမှန်များကို နိုင်ငံတကာမှသိရှိစေရေး ပြောဆိုဆောင်ရွက်နိုင်ရန်လို ကြောင်း။
သက်ဆိုင်ရာနိုင်ငံများအလိုက် မိမိတို့နိုင်ငံမှ ပညာတော်သင်များနှင့် ပတ်သက်၍လည်း သံအမတ်ကြီးများ၊ သံရုံးယာယီတာဝန်ခံများအနေဖြင့် လိုအပ်သည်များ စောင့်ရှောက်ပေး ရန်လိုကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် ပြည်ပနိုင်ငံများသို့ ရောက်ရှိနေသူများ၊ ပညာ တော်သင်များနှင့် တွေ့ဆုံဆွေးနွေးခြင်းများ၊ ၎င်းတို့၏ လိုအပ်ချက်နှင့် အခက်အခဲများကို ဖြေရှင်းဆောင်ရွက်ပေးခြင်းတို့ဖြင့် နွေးထွေးသည့် စောင့်ရှောက်မှုများကို လုပ်ဆောင်ပေးနိုင် ရန်လိုကြောင်း၊ နိုင်ငံတကာနှင့် ဆက်ဆံရေး၊ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များ အဆင် ပြေကောင်းမွန်ခြင်းဖြင့် မိမိတို့နိုင်ငံအတွက် အကူအညီအထောက်အပံ့ကောင်းများ ရရှိနိုင် မည်ဖြစ်သည့်အတွက် သံတမန်လုပ်ငန်းတာဝန်များကို ထမ်းဆောင်ရာတွင် တိုင်းပြည်ချစ်စိတ် ဖြင့် အတတ်နိုင်ဆုံးအကောင်းဆုံးဖြစ်အောင် ကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်း မှာကြားလိုကြောင်းဖြင့် ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။