ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေက ပြည်ပနိုင်ငံများတွင် တာဝန်ထမ်းဆောင်လျက်ရှိကြသည့် သံအမတ်ကြီးများ၊ သံရုံးယာယီ တာဝန်ခံများနှင့် ကောင်စစ်ဝန်ချုပ်များအနက်မှ နိုင်ငံတော်အကြီးအကဲ၏ ဩဝါဒခံယူရန် မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ယူထားသည့် သံအမတ်ကြီးနှင့် သံရုံးယာယီတာဝန်ခံ (၁၉)ဦးတို့နှင့် ပြည်ပသို့ သွားရောက်တာဝန်ထမ်းဆောင်မည့် သံအမတ်ကြီး (၄)ဦးတို့အား တွေ့ဆုံသည့် အခမ်းအနားကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ရက် (အင်္ဂါနေ့)နံနက် ၁၀၀၀ နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဧရာဝတီခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
ဦးစွာ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက သံရုံးအကြီးအကဲများအနေဖြင့် နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ အကျိုးစီးပွားကို တာဝန်ကျရာ ကမ္ဘာ့နယ်ပယ်အသီးသီးရှိ နိုင်ငံများ၌ ပေးအပ်သောတာဝန်များကို ထမ်းဆောင်နေကြသည့်အတွက် အရေးကြီးပါကြောင်း၊ သံရုံးအကြီးအကဲများအနေဖြင့် ဆောင်ရွက်နေသည့် တွေ့ကြုံရသည့် အခက်အခဲများကို တင်ပြနိုင်ရန်၊ နိုင်ငံတော်၏ မူဝါဒများကို အချိန်နှင့်တပြေးညီ သိရှိနားလည်စေရန် ခေါ်ယူတွေ့ဆုံရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။
ဆက်လက်ပြီး သံအမတ်ကြီးများ သံရုံးယာယီတာဝန်ခံများမှ မြန်မာနိုင်ငံနှင့် ၎င်းတို့ တာဝန်ထမ်းဆောင်လျက်ရှိသောနိုင်ငံများနှင့် နှစ်နိုင်ငံဆက်ဆံရေး အခြေအနေများ၊ ဆက်ဆံရေးတိုးမြှင့်ရန် ဆောင်ရွက်မှုအခြေအနေများ၊ တာဝန်ထမ်းဆောင်လျက်ရှိသော နိုင်ငံများမှ မြန်မာနိုင်ငံအပေါ်ထားရှိသော သဘောထား အခြေအနေများ၊ ဆောင်ရွက်လျက် ရှိသောလုပ်ငန်းနှင့် နိုင်ငံ့အကျိုးစီးပွားဆိုင်ရာ ကိစ္စရပ်များကို တင်ပြခဲ့ကြပြီး လိုအပ်သည်များကို ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးမှ ပြန်လည်လမ်းညွှန်မှုများ ပြုလုပ်ခဲ့ပြီး တွေ့ဆုံပွဲ အခမ်းအနားကို မွန်းလွဲပိုင်းအချိန်တွင် ပြီးဆုံးခဲ့ပါသည်။