ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့အတွင်းသို့ ဖေဖော်ဝါရီ ၁၀ ရက်နေ့တွင် တပ်မတော်က လေကြောင်း၊ လက်နက်ကြီးများဖြင့် ဗုံးကျဲတိုက်ခိုက်မှုကြောင့် ဆီဆိုင်မြို့ ဘုရားဖြူ အထက်တန်းကျောင်းအရှေ့ဘက်၊ အောင်ချမ်းသာရပ်ကွက်အတွင်း မီးလောင် ခဲ့ပြီး အဆိုပါမီးလောင်မှုကြောင့် ဘာသာရေးအဆောက်အအုံ ၇ လုံးနှင့် ပြည်သူ့နေအိမ် အလုံး ၅၀ နီးပါး ထိခိုက်ပျက်စီးခဲ့သည် ဟု မဟုတ်မှန်သတင်းများကို ရေးသားဖြန့်ဝေလျက် ရှိကြောင်း တွေ့ရှိရသည်။
အထက်ပါသတင်းနှင့်ပတ်သက်၍ တပ်မတော်မှ ဖေဖော်ဝါရီ ၁၀ ရက်နေ့တွင် ဆီဆိုင်မြို့တွင်းသို့ လက်နက်ကြီးဖြင့်ပစ်ခတ်မှုမရှိသလို လေကြောင်းပျံသန်းမှုလည်း မရှိကြောင်းနှင့် ထိုနေ့တွင် PNLA, KNDF နှင့် PDFအမည်ခံအကြမ်းဖက်သောင်းကျန်းသူ အဖွဲ့များသည် ၎င်းတို့အတွက်လိုအပ်လျက်ရှိသော စားနပ်ရိက္ခာများနှင့် အသုံးအဆောင် ပစ္စည်းများအား ထောက်ပံ့မှုမရရှိသဖြင့် ရှမ်းပြည်နယ်၊ ဆီဆိုင်မြို့၊ အောင်ချမ်းသာရပ်ကွက်၊ ဘုရားဖြူအထက်တန်းကျောင်း၏ အရှေ့ဘက်ရှိ လူနေအိမ်များအား မီးရှို့ဖျက်ဆီးမှု ပြုလုပ်ခဲ့ကြောင်း ဒေသခံပြည်သူများ၏သတင်းပေးပို့မှုနှင့် သက်ဆိုင်ရာနယ်မြေလုံခြုံရေး တာဝန်ခံအရာရှိတစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။
အလားတူ မတ္တရာမြို့နယ်၊ ဆိပ်သာရွာတွင် တပ်မတော်က ယနေ့မနက်ပိုင်း၌ အမျိုးသား ၃ ဦးကို မီးရှို့သတ်ဖြတ်ပြီး နေအိမ် ၅ လုံးကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု လူမှုကွန်ရက်ပေါ်တွင် မဟုတ်မမှန်ရေးသား ဖြန့်ဝေလျက်ရှိပြီး သက်ဆိုင်ရာ နယ်မြေလုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ ယနေ့တွင် ဆိပ်သာရွာသို့ တပ်မတော်စစ်ကြောင်းသွားလာမှုမရှိကြောင်းနှင့် ရွာသား ၃ ဦးနှင့် နေအိမ်များအား မီးရှို့ဖျက်ဆီးခဲ့သည်ဆိုသည့် သတင်းမှာလည်း သတင်းမှားသာဖြစ်ကြောင်း သိရှိရပြီး အကြမ်းဖက်အားပေးပြည်ဖျက်မီဒီယာ Khit Thit မှ မဟုတ်မမှန်သတင်းများကို လုပ်ကြံရေးသား ဝါဒဖြန့်နေခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။