ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမြန်မာနိုင်ငံရဲတပ်ဖွဲ့စည်းကမ်းထိန်းသိမ်းရေးဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့်ဥပဒေ(နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥပဒေအမှတ် ၁၆/၂၀၂၄)၁၃၈၅ခုနှစ်၊တပို့တွဲလဆန်း၂ရက်(၂၀၂၄ ခုနှစ်၊ဖေဖော်ဝါရီလ၁၁ရက်)

Sunday, February 11, 2024 - 14:45

          နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၄၁၉ အရ ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။

၁။      ဤဥပဒေကို မြန်မာနိုင်ငံရဲတပ်ဖွဲ့စည်းကမ်းထိန်းသိမ်းရေးဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေဟု ခေါ်တွင်စေရမည်။

၂။       မြန်မာနိုင်ငံရဲတပ်ဖွဲ့စည်းကမ်းထိန်းသိမ်းရေးဥပဒေပုဒ်မ ၃ ကို အောက်ပါအတိုင်း အစားထိုး ရမည်-

“၃။    ဤဥပဒေတွင်ပါရှိသော စကားရပ်များသည် ရာဇသတ်ကြီးတွင်ပါရှိသည့်အတိုင်း အဓိပ္ပာယ်သက်ရောက်စေရမည်။ ထို့ပြင် အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ်သက်ရောက်စေရမည်-

(က)    ဝန်ကြီးဌာန ဆိုသည်မှာ ပြည်ထောင်စုအစိုးရ ပြည်ထဲရေးဝန်ကြီးဌာနကို ဆိုသည်။

(ခ)   ဝန်ကြီး ဆိုသည်မှာ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကို ဆိုသည်။

(ဂ)   ရဲချုပ် ဆိုသည်မှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်ကို ဆိုသည်။

(ဃ)    ရဲတပ်ဖွဲ့ ဆိုသည်မှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို ဆိုသည်။ ယင်းစကားရပ်တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ဖွဲ့စည်းပုံအရ ဖွဲ့စည်းထားသည့် ရဲတပ်ဖွဲ့ဌာနချုပ်၊ တပ်ဖွဲ့နှင့် ရဲလေ့ကျင့်ရေးကျောင်းများလည်း ပါဝင်သည်။

(င)   ရဲတပ်ဖွဲ့ ဖွဲ့စည်းပုံ ဆိုသည်မှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ညှိနှိုင်းပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ပြည်ထောင်စုအစိုးရအဖွဲ့က အတည်ပြုသော မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ဖွဲ့စည်းပုံကို ဆိုသည်။ 

(စ)    တပ်ဖွဲ့ ဆိုသည်မှာ ရဲတပ်ဖွဲ့ ဖွဲ့စည်းပုံအရ ဖွဲ့စည်းထားသည့် နယ်ခြားစောင့် ရဲကွပ်ကဲမှုအဖွဲ့၊ လုံခြုံရေးရဲကွပ်ကဲမှုအဖွဲ့၊ နေပြည်တော်ရဲတပ်ဖွဲ့၊ တိုင်းဒေသကြီး ရဲတပ်ဖွဲ့ သို့မဟုတ် ပြည်နယ်ရဲတပ်ဖွဲ့နှင့် သီးခြားလုပ်ငန်းတာဝန် ဆောင်ရွက် ရန်ဖွဲ့စည်းထားသည့် တပ်ဖွဲ့များကိုဆိုသည်။ ယင်းစကားရပ်တွင် အဆိုပါတပ်ဖွဲ့ များ၏ ကွပ်ကဲမှုအောက်ရှိ တပ်ဖွဲ့ခွဲများ၊ ခရိုင်နှင့် မြို့နယ်ရဲတပ်ဖွဲ့များလည်း ပါဝင်သည်။

(ဆ)     ပြန်တမ်းဝင်ရဲအရာရှိ ဆိုသည်မှာ ဒုတိယရဲမှူးနှင့် ယင်းအထက်အဆင့်ရှိ ရဲအရာရှိကို ဆိုသည်။

(ဇ)    ရဲအရာရှိ ဆိုသည်မှာ ဒုတိယရဲအုပ်နှင့် ယင်းအထက်အဆင့်ရှိ ရဲတပ်ဖွဲ့ဝင်ကို ဆိုသည်။

(ဈ)   အထက်အရာရှိ ဆိုရာတွင် ဤဥပဒေကို လိုက်နာရသူတစ်ဦးနှင့်ပတ်သက်၍ ရာထူးအဆင့်အလိုက်သုံးနှုန်းထားသည့်အခါ ရဲအရာရှိများအပြင် ရဲအရာခံနှင့် အကြပ်တို့လည်း ပါဝင်သည်။

(ည)    အကြပ် ဆိုသည်မှာ ရဲတပ်ဖွဲ့တွင် အကြပ်အဆင့်လက်ရှိဖြစ်သောသူကို ဆိုသည်။

(ဋ)   ရဲတပ်ဖွဲ့ဝင် ဆိုသည်မှာ ရဲတပ်ဖွဲ့ ဖွဲ့စည်းပုံပါ ရာထူးတစ်ခုခုတွင် ခန့်ထားခြင်း ခံရသူကို ဆိုသည်။

(ဌ)   ရဲပြေး ဆိုသည်မှာ ရဲတပ်ဖွဲ့မှ ထာဝရကျောခိုင်းလိုသောရည်ရွယ်ချက်ဖြင့် ခွင့်မဲ့ ထွက်ခွာသွားသော သို့မဟုတ် ၂၁ ရက်နှင့် ၎င်းကာလထက်ကြာပြီး ခွင့်မဲ့ထွက်ခွာ သွားသော ရဲတပ်ဖွဲ့ဝင်ကို ဆိုသည်။”

၃။      မြန်မာနိုင်ငံရဲတပ်ဖွဲ့စည်းကမ်းထိန်းသိမ်းရေးဥပဒေပုဒ်မ ၄၊ ပုဒ်မခွဲ(က)၊ (ခ)၊ (ဂ)၊ ပုဒ်မ ၅၊ ပုဒ်မခွဲ (က)၊ (ခ)၊ ပုဒ်မ ၆၊ ပုဒ်မခွဲ (ခ)၊ ပုဒ်မ ၁၄၊ ပုဒ်မခွဲ (ည)၊ ပုဒ်မ ၂၉၊ ပုဒ်မခွဲ (က)၊ ပုဒ်မ ၃၁၊ ပုဒ်မ ၄၀ နှင့် ပုဒ်မ ၅၄၊ ပုဒ်မခွဲ (ခ) တို့တွင်ပါရှိသော “အရာရှိ’’ ဆိုသည့် စကားရပ်ကို “ရဲအရာရှိ’’ ဆိုသည့် စကားရပ်ဖြင့် အသီးသီးအစားထိုးရမည်။

၄။      မြန်မာနိုင်ငံရဲတပ်ဖွဲ့စည်းကမ်းထိန်းသိမ်းရေးဥပဒေပုဒ်မ ၅၊ ပုဒ်မခွဲ (က)၊ ပုဒ်မ ၉ ခြေဆင်း၊ ပုဒ်မ ၃၆ နှင့် ပုဒ်မ ၄၅၊ ပုဒ်မခွဲ (က)၊ (ခ) တို့တွင်ပါရှိသော “ရဲတပ်ရင်းမှူး” ဆိုသည့် စကားရပ်ကို “ရဲတပ်ဖွဲ့ခွဲမှူး” ဆိုသည့် စကားရပ်ဖြင့် အသီးသီးအစားထိုးရမည်။

၅။      မြန်မာနိုင်ငံရဲတပ်ဖွဲ့စည်းကမ်းထိန်းသိမ်းရေးဥပဒေပုဒ်မ ၇ ခြေဆင်း၊ ပုဒ်မ ၁၀၊ ပုဒ်မခွဲ (ဂ) နှင့် ပုဒ်မ ၂၉၊ ပုဒ်မခွဲ (က) တို့တွင်ပါရှိသော “တိုင်း သို့မဟုတ် ပြည်နယ်ရဲတပ်ဖွဲ့မှူး” ဆိုသည့် စကားရပ်ကို “တပ်ဖွဲ့ သို့မဟုတ် ရဲလေ့ကျင့်ရေးကျောင်းများမှ ရဲမှူးကြီးအဆင့်နှင့် အထက်အဆင့်ရှိ ကွပ်ကဲရေးမှူး သို့မဟုတ် တပ်ဖွဲ့မှူး သို့မဟုတ် ကျောင်းအုပ်ကြီးများ” ဆိုသည့် စကားရပ်ဖြင့် အသီးသီးအစားထိုးရမည်။

၆။      မြန်မာနိုင်ငံရဲတပ်ဖွဲ့စည်းကမ်းထိန်းသိမ်းရေးဥပဒေပုဒ်မ ၇၊ ပုဒ်မခွဲ (ခ) ကို အောက်ပါအတိုင်း အစားထိုးရမည်-

“(ခ)  ရဲအရာရှိနှင့်ရဲအရာခံမှတစ်ပါး ဤဥပဒေကိုလိုက်နာရသည့် မိမိကွပ်ကဲရသူတစ်ဦးအား ပို၍နိမ့်သော ရာထူးအဆင့်သို့ဖြစ်စေ၊ ရဲတပ်သားအဆင့်ထိသို့ဖြစ်စေ လျှော့ချနိုင်သည်။”

 

၇။      မြန်မာနိုင်ငံရဲတပ်ဖွဲ့စည်းကမ်းထိန်းသိမ်းရေးဥပဒေပုဒ်မ ၁၀၊ ပုဒ်မခွဲ (ခ) ကို အောက်ပါအတိုင်း အစားထိုးရမည် -       

“(ခ)  ဖမ်းဆီးထားသည့် ရဲတပ်ဖွဲ့ဝင်တစ်ဦးကို ၂၄ နာရီထက် ကျော်လွန်ပြီး ၇ ရက်အထိ အကျယ်ချုပ် သို့မဟုတ် အကျဉ်းချုပ်နှင့်ထားနိုင်ခွင့်ကို ရဲတပ်ဖွဲ့ခွဲမှူး၊ ခရိုင်ရဲတပ်ဖွဲ့မှူး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရဲကွပ်ကဲမှုအဖွဲ့မှူး၊ ဒုတိယကျောင်းအုပ်ကြီး၊ ဌာနခွဲမှူး သို့မဟုတ် ယင်းတာဝန်ထမ်းဆောင်နေသည့် ရဲမှူး အဆင့်ထက်မနိမ့်သော ရဲအရာရှိတို့က အမိန့်ပေးနိုင်သည်။”

၈။      မြန်မာနိုင်ငံရဲတပ်ဖွဲ့စည်းကမ်းထိန်းသိမ်းရေးဥပဒေပုဒ်မ ၁၀၊ ပုဒ်မခွဲ (စ)၊ ပုဒ်မ ၂၀၊ ပုဒ်မခွဲ (က) နှင့် ပုဒ်မခွဲ (ခ)၊ ပုဒ်မ ၂၆၊ ပုဒ်မ ၃၈ နှင့် ပုဒ်မ ၄၇ တို့တွင် ပါရှိသော “ပြစ်မှုဆိုင်ရာတရားရုံး” ဆိုသည့် စကားရပ်ကို “တရားရုံး” ဆိုသည့် စကားရပ်ဖြင့်လည်းကောင်း၊ ပုဒ်မ ၄၅၊ ပုဒ်မခွဲ (ဂ) နှင့် ပုဒ်မ ၄၉၊ ပုဒ်မခွဲ (ခ) တို့တွင် ပါရှိသော “ပြစ်မှုဆိုင်ရာတရားသူကြီး” ဆိုသည့် စကားရပ်ကို “ရာဇဝတ် တရားသူကြီး” ဆိုသည့် စကားရပ်ဖြင့်လည်းကောင်း၊ ပုဒ်မ ၄၉၊ ပုဒ်မခွဲ (ခ) နှင့် ပုဒ်မ ၅၀ တို့တွင် ပါရှိသော “ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ” ဆိုသည့် စကားရပ်ကို “ရာဇဝတ်ကျင့်ထုံးဥပဒေ” ဆိုသည့် စကားရပ်ဖြင့်လည်းကောင်း၊ ပုဒ်မ ၅၀ တွင်ပါရှိသော “ပြစ်မှုဆိုင်ရာဥပဒေ”ဆိုသည့် စကားရပ်ကို “ရာဇသတ်ကြီး” ဆိုသည့်စကားရပ်ဖြင့်လည်းကောင်း အသီးသီးအစားထိုးရမည်။

၉။      မြန်မာနိုင်ငံရဲတပ်ဖွဲ့စည်းကမ်းထိန်းသိမ်းရေးဥပဒေပုဒ်မ ၁၅၊ ပုဒ်မခွဲ (က) တွင်ပါရှိသော “ပြစ်မှု မကင်းသော အနိုင်ထက်ပြုမှု” ဆိုသည့် စကားရပ်ကို “ရာဇဝတ်မကင်းသော အနိုင်အထက်ပြုမှု”

ဆိုသည့် စကားရပ်ဖြင့်လည်းကောင်း၊ ပုဒ်မ ၁၈၊ ပုဒ်မခွဲ (ဂ) တွင်ပါရှိသော “ပြစ်မှုမကင်းသော ယုံကြည်အပ်နှံရေးဖောက်ဖျက်မှု” ဆိုသည့် စကားရပ်ကို “ရာဇဝတ်မကင်းသော ယုံကြည်အပ်နှံရေး ဖောက်ဖျက်မှု” ဆိုသည့် စကားရပ်ဖြင့်လည်းကောင်း အသီးသီးအစားထိုးရမည်။

၁၀။    မြန်မာနိုင်ငံရဲတပ်ဖွဲ့စည်းကမ်းထိန်းသိမ်းရေးဥပဒေပုဒ်မ ၂၁ ကို အောက်ပါအတိုင်း အစားထိုး ရမည်-

“၂၁။   ဤဥပဒေကို လိုက်နာရသူတစ်ဦးသည်-

(က)    သေရည်သေရက်ကို သောက်စားခြင်းကြောင့် မိမိထမ်းဆောင်လျက်ရှိသည့် တာဝန်ကို မထမ်းဆောင်နိုင်လောက်အောင် မူးယစ်နေလျှင် ရဲအရာရှိဖြစ်ပါက ရဲတပ်ဖွဲ့ဝင်အဖြစ်မှ ထုတ်ပစ်ခြင်းပြစ်ဒဏ်ဖြစ်စေ၊ ဤဥပဒေတွင် ဖော်ပြထားသည့် လျော့သောပြစ်ဒဏ်ဖြစ်စေ၊ ရဲအရာခံ၊ အကြပ်နှင့် ရဲတပ်သား ဖြစ်ပါက ၆ လ အထိ ထောင်ဒဏ်ဖြစ်စေ၊ ဤဥပဒေတွင် ဖော်ပြထားသည့် လျော့သောပြစ်ဒဏ် ဖြစ်စေ ထိုက်သင့်စေရမည်။

(ခ) မည်သည့်အချိန်တွင်မဆို သေရည်သေရက်ကို သောက်စားခြင်းကြောင့် ရဲတပ်ဖွဲ့၏ ဂုဏ်သိက္ခာကို ထိခိုက်လောက်အောင်ပြုမူသည်အထိမူးယစ်နေလျှင် ရဲတပ်ဖွဲ့ဝင် အဖြစ်မှ ထုတ်ပစ်ခြင်းပြစ်ဒဏ်ဖြစ်စေ၊ ဤဥပဒေတွင် ဖော်ပြထားသည့် လျော့သော ပြစ်ဒဏ်ဖြစ်စေ ထိုက်သင့်စေရမည်။

ရှင်းလင်းချက်။       သေရည်သေရက် ဆိုသည်မှာ အရက်၊ ဗျစ်ရည်၊ ကဇော်ရည်၊ ထန်းရည်၊ ဓနိရည်၊ ခေါင်ရည် စသည့် မူးယစ်စေနိုင်သော အရည်များကို ဆိုသည်။”

၁၁။    မြန်မာနိုင်ငံရဲတပ်ဖွဲ့စည်းကမ်းထိန်းသိမ်းရေးဥပဒေပုဒ်မ ၂၈ ကို အောက်ပါအတိုင်းအစားထိုး ရမည်-

“၂၈။   (က)    ရဲချုပ်သည် ဤဥပဒေပါပြစ်မှုတစ်ခုခုကိုကျူးလွန်သည်ဟု စွပ်စွဲခံရသည့် ဒုတိယရဲမှူးကြီး အဆင့်အောက်နိမ့်သော ရဲအရာရှိတစ်ဦးအား သတ်မှတ်ထားသော နည်းလမ်းအတိုင်း အကျဉ်းနည်းဖြင့်စစ်ဆေးပြီး အောက်ပါပြစ်ဒဏ်တစ်ခုခုကို ချမှတ်နိုင်သည်-

(၁)     ချိန်နှုန်းလစာတစ်ခုအတွင်း လစာအဆင့်လျှော့ချခြင်း၊

(၂)      ရာထူးတိုးမြှင့်ခြင်းကို ရပ်ဆိုင်းခြင်း၊

(၃)     နှစ်တိုးလစာ ရပ်ဆိုင်းခြင်း၊

(၄)     ပြင်းထန်စွာပြစ်တင် ရှုတ်ချခြင်း၊

(၅)     လစာမှ ပေးလျော်စေခြင်း။

(ခ)   တပ်ဖွဲ့ သို့မဟုတ် ရဲလေ့ကျင့်ရေး ကျောင်းများမှ ရဲမှူးကြီးအဆင့်နှင့် အထက် အဆင့်ရှိ ကွပ်ကဲရေးမှူး သို့မဟုတ် တပ်ဖွဲ့မှူး သို့မဟုတ် ကျောင်းအုပ်ကြီး များသည် ဤဥပဒေပါ ပြစ်မှုတစ်ခုခုကျူးလွန်သည်ဟု စွပ်စွဲခြင်းခံရသည့် ရဲအုပ် သို့မဟုတ် ဒုတိယရဲအုပ်တစ်ဦးအား သတ်မှတ်ထားသောနည်းလမ်းအတိုင်း အကျဉ်းနည်းဖြင့် စစ်ဆေးပြီး အောက်ပါပြစ်ဒဏ်တစ်ခုခုကို ချမှတ်နိုင်သည်-

(၁)     ချိန်နှုန်းလစာတစ်ခုအတွင်း လစာအဆင့်လျှော့ချခြင်း၊

(၂)      ရာထူးတိုးမြှင့်ခြင်းကို ရပ်ဆိုင်းခြင်း၊

(၃)     နှစ်တိုးလစာ ရပ်ဆိုင်းခြင်း၊

(၄)     ပြင်းထန်စွာ ပြစ်တင်ရှုတ်ချခြင်း၊

(၅)     လစာမှ ပေးလျော်စေခြင်း။    

(ဂ)   တပ်ဖွဲ့ သို့မဟုတ် ရဲလေ့ကျင့်ရေးကျောင်းများမှ ရဲမှူးကြီးအဆင့်နှင့် အထက် အဆင့်ရှိ ကွပ်ကဲရေးမှူး သို့မဟုတ် တပ်ဖွဲ့မှူး သို့မဟုတ် ကျောင်းအုပ်ကြီး များသည် ဤဥပဒေပါ ပြစ်မှုတစ်ခုခုကျူးလွန်သည်ဟု စွပ်စွဲခြင်းခံရသည့် ရဲအရာခံ၊ အကြပ်၊ ရဲတပ်သားတစ်ဦးအား သတ်မှတ်ထားသောနည်းလမ်း အတိုင်း အကျဉ်းနည်းဖြင့် စစ်ဆေးပြီး အောက်ပါပြစ်ဒဏ်တစ်ခုခုကို ချမှတ် နိုင်သည်-

(၁)     ရဲအချုပ်တွင် သုံးလထိ ထောင်ဒဏ်၊

(၂)      ရဲတပ်ဖွဲ့ဝင်အဖြစ်မှ ထုတ်ပစ်ခြင်း၊

(၃)     ရာထူးမှရပ်စဲခြင်း၊

(၄)     ရဲအရာခံနှင့် အကြပ်များအတွက်ဖြစ်ပါက ရာထူးအဆင့်လျှော့ချခြင်း၊

(၅)     ချိန်နှုန်းလစာတစ်ခုအတွင်း လစာအဆင့်လျှော့ချခြင်း၊

(၆)     ရာထူးတိုးမြှင့်ခြင်းကို ရပ်ဆိုင်းခြင်း၊

(၇)     နှစ်တိုးလစာ ရပ်ဆိုင်းခြင်း၊

(၈)     ရဲအရာခံနှင့် အကြပ်ဖြစ်ပါက ပြင်းထန်စွာပြစ်တင်ရှုတ်ချခြင်း၊

(၉)     လစာမှ ပေးလျော်စေခြင်း။”

၁၂။     မြန်မာနိုင်ငံရဲတပ်ဖွဲ့စည်းကမ်းထိန်းသိမ်းရေးဥပဒေပုဒ်မ ၂၈ ၏ နောက်တွင် ပုဒ်မ ၂၈-က ကို အောက်ပါအတိုင်း ဖြည့်စွက်ရမည်-

“၂၈-က။    ရဲချုပ် သို့မဟုတ် ရဲချုပ်က တာဝန်ပေးအပ်သည့် ရဲမှူးချုပ်အဆင့်ထက်မနိမ့်သော ရဲအရာရှိသည် တပ်ဖွဲ့ သို့မဟုတ် ရဲလေ့ကျင့်ရေးကျောင်းများမှ ရဲမှူးကြီးအဆင့်နှင့် အထက် အဆင့်ရှိ ကွပ်ကဲရေးမှူး သို့မဟုတ် တပ်ဖွဲ့မှူး သို့မဟုတ် ကျောင်းအုပ်ကြီးများ၏ အခွင့် အာဏာများကို ကျင့်သုံးနိုင်သည်။”

၁၃။    မြန်မာနိုင်ငံရဲတပ်ဖွဲ့စည်းကမ်းထိန်းသိမ်းရေးဥပဒေပုဒ်မ ၃၃ ကို အောက်ပါအတိုင်း အစားထိုး ရမည်-

“၃၃။   ရဲတရားရုံးသည် ဤဥပဒေအရ ပြစ်ဒဏ်ချမှတ်ထိုက်သည့် ပြစ်မှုတစ်ခုခုအတွက် ဤဥပဒေကို လိုက်နာရသူတစ်ဦးအား စစ်ဆေးစီရင်ရန်နှင့် ပုဒ်မ ၃၄ ပါ ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်စေဘဲ အောက်ပါ ပြစ်ဒဏ်တစ်ခုခုကိုသော်လည်းကောင်း၊ တစ်ခုထက်ပို၍ သော်လည်းကောင်း ချမှတ်ရန် အာဏာရှိရမည်-

(က)    ဤဥပဒေအရ ချမှတ်နိုင်သည့် ထောင်ဒဏ်၊

( ခ )   ရဲတပ်ဖွဲ့ဝင်အဖြစ်မှ ထုတ်ပစ်ခြင်း၊

( ဂ )   ရာထူးမှရပ်စဲခြင်း၊

(ဃ)    ရာထူးအဆင့်လျှော့ချခြင်း၊

( င )   ရာထူးတိုးမြှင့်ခြင်းကို ရပ်ဆိုင်းခြင်း၊

( စ )   အငြိမ်းစားလစာအတွက် ရဲမှုထမ်းသက်လျှော့ချခြင်း၊

(ဆ)    ငွေဒဏ်။”

၁၄။    မြန်မာနိုင်ငံရဲတပ်ဖွဲ့စည်းကမ်းထိန်းသိမ်းရေးဥပဒေပုဒ်မ ၃၄ ကို‌ အောက်ပါအတိုင်း အစားထိုး ရမည်-

“၃၄။   ရဲတရားရုံးသည်-

(က)    ပုဒ်မ ၃၃ ပုဒ်မခွဲ (က) တွင် ဖော်ပြထားသော ပြစ်ဒဏ်ချမှတ်ပါက ပုဒ်မခွဲ (ခ) ပါ ပြစ်ဒဏ်ကိုလည်း ချမှတ်ရမည်။       

(ခ)   ပုဒ်မ ၃၃ ပုဒ်မခွဲ (က) နှင့် (ခ) တွင် ​ဖော်ပြထားသော ပြစ်ဒဏ်တစ်ခုခုချမှတ်ပါက ပုဒ်မခွဲ (ဂ)၊ (ဃ)၊ (င) နှင့် (စ) ပါ ပြစ်ဒဏ်တစ်ခုခုနှင့် ပူးတွဲမချမှတ်ရ။

(ဂ)   ပုဒ်မ ၃၃၊ ပုဒ်မခွဲ (ဂ) တွင် ​ဖော်ပြထားသော ပြစ်ဒဏ်ကို ပုဒ်မခွဲ(ဃ)၊ (င) နှင့် (စ) ပါ ပြစ်ဒဏ်တစ်ခုခုနှင့်ပူးတွဲ မချမှတ်ရ။

(ဃ)    ရဲတပ်သားအဆင့်ရှိသူအား ပုဒ်မ ၃၃၊ ပုဒ်မခွဲ (ဃ) ပါ ပြစ်ဒဏ်မချမှတ်ရ။”

၁၅။    မြန်မာနိုင်ငံရဲတပ်ဖွဲ့စည်းကမ်းထိန်းသိမ်းရေးဥပဒေပုဒ်မ ၅၇ ကို အောက်ပါအတိုင်း အစားထိုး ရမည်-

          “၅၇။   ဤဥပဒေကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင်-

(က)    ဝန်ကြီးဌာနသည် နည်းဥပဒေများ၊ စည်းမျဉ်းနှင့်စည်းကမ်းများကို ပြည်ထောင်စု အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ထုတ်ပြန်နိုင်သည်။   

( ခ )   ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်သည် အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများကို ထုတ်ပြန်နိုင်သည်။”

         

          ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ ကျွန်ုပ် လက်မှတ် ရေးထိုးသည်။

 

           (ပုံ)

                                       မင်းအောင်လှိုင်

                                       ဗိုလ်ချုပ်မှူးကြီး

                                         ဥက္ကဋ္ဌ

                                      နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ