နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး ရန်ကုန်မြို့ရှိ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ ဆူးလေအပြည်ပြည်ဆိုင်ရာဆိပ်ကမ်းတံတားတွင် ပြည်ပတင်ပို့ရန် ဆန်တင်လုပ်ငန်းဆောင်ရွက်နေမှုနှင့် သိုလှောင်ရုံများ ပြုပြင်မွမ်းမံခြင်း ဆောင်ရွက်နေမှုအခြေအနေများအား ကြည့်ရှုစစ်ဆေး
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ် ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ အဖွဲ့ဝင်ဝန်ကြီးများ၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန လက်အောက်ခံဌာနများမှ ဌာနအကြီးအကဲများ၊ မြန်မာနိုင်ငံဆန်စပါး အသင်းချုပ် ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ လိုက်ပါ၍ ယနေ့ နံနက် ၁၀၀၀ နာရီ အချိန်တွင် မြန်မာ့ ဆိပ်ကမ်းအာဏာပိုင်၏ ဆူးလေအပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းဝင်းအတွင်းရှိ ဆူးလေဆိပ်ကမ်း တံတားအမှတ်(၇)တွင် အင်ဒိုနီးရှားနိုင်ငံသို့ ဆန်တန်ချိန် ၁၈,၀၀၀ ကျော် တင်ပို့မည့် MV. VTC PHOE NIX သင်္ဘောပေါ်သို့ ဆန်တင်လုပ်ငန်း ဆောင်ရွက်နေမှုများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး အချိန်မီပြီးစီးအောင် တင်ဆောင်နိုင်ရေးနှင့် လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးတို့ကို အလေးထားဆောင်ရွက်ရန်မှာကြားခဲ့ပြီး ဆူးလေဆိပ်ကမ်း တံတား အမှတ်(၂)နှင့် အမှတ်(၅)တို့တွင် စပိန် နိုင်ငံနှင့် ပိုလန်နိုင်ငံတို့သို့ တင်ပို့ရန်ဆန်နှင့် ဆန်ထွက်ပစ္စည်းများ သင်္ဘောများပေါ်သို့ တင်ဆောင်ခြင်း လုပ်ငန်းများကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့သည်။
မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ကြီးကြပ်စီမံခန့်ခွဲလျှက်ရှိသည့် ရန်ကုန်ဆိပ်ကမ်းအနေဖြင့် အထွေထွေကုန်စည်သင်္ဘောများကို အသုံးပြု၍ ဝမ်းပုံစနစ်ဖြင့် ပြည်ပသို့ ဆန်တင်ပို့လျက်ရှိသည့် အပြင် ကုန်သေတ္တာသင်္ဘောများကိုပါ အသုံးပြု၍ ဥရောပ၊ အာဖရိကနှင့် အာရှနိုင်ငံအသီးသီးသို့ ဆန် နှင့်ဆန်ထွက်ပစ္စည်းများ၊ ပဲအမျိုးမျိုးနှင့် ပြောင်းစသည့် လယ်ယာထွက်ကုန်များကို တင်ပို့၍ ဌာန နှင့် နိုင်ငံတော်အတွက် နိုင်ငံခြားငွေကိုတစ်ဖက်တစ်လမ်းမှ ရှာဖွေပေးလျက်ရှိရာ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် (ဧပြီလမှ ဇန်နဝါရီလအထိ) စုစုပေါင်း ဆန်တန်ချိန် ၁,၀၈၁,၃၈၈ တန်၊ ပဲတန်ချိန် ၁,၁၃၅,၈၁၆ တန်နှင့် ပြောင်းတန်ချိန် ၅၂၅,၅၆၆ တန် တင်ပို့ခဲ့ပြီးကြောင်း သိရှိရသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဆူးလေအပြည်ပြည်ဆိုင်ရာဆိပ်ကမ်းဝင်း အတွင်းရှိ သိုလှောင်ရုံများ ပြုပြင်မွမ်းမံနေမှုအခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့ရာတွင် မြန်မာ့ ဆိပ်ကမ်းအာဏာပိုင်၊ အင်ဂျင်နီယာချုပ်(မြို့ပြ)မှ ဆူးလေဆိပ်ကမ်းဝင်းအတွင်းတွင် သိုလှောင်ရုံ (၇)လုံးရှိပြီး သိုလှောင်ရုံ အမှတ်(၁၊ ၂၊ ၃၊ ၄)အား ၁၉၁၂ ခုနှစ်နှင့် သိုလှောင်ရုံအမှတ်(၅၊ ၆၊ ၇)အား ၁၉၆၃ ခုနှစ်တွင်တည်ဆောက်ခဲ့ကြောင်း၊ သိုလှောင်ရုံအမှတ် (၁၊ ၂၊ ၃၊ ၄)၏ အမိုးနှင့် ရေတံလျှောက်များအား ပြုပြင်မွမ်းမံ၍ ပြည်ပသို့ တင်ပို့မည့် ဆန်နှင့် ကောက်ပဲသီးနှံများ သိုလှောင်ခြင်း၊ ပြည်ပမှတင်သွင်းလာမည့် ဓါတ်မြေဩဇာများ သိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းများကို ဆောင်ရွက်မည်ဖြစ်ကြောင်း၊ လက်ရှိ သိုလှောင်ရုံ(၄)လုံး ပြုပြင်မွမ်းမံခြင်း ဆောင်ရွက်နေမှု အခြေအနေများနှင့် ပြုပြင်မွမ်းမံနေသော သိုလှောင်ရုံ(၄)လုံးအနက် သိုလှောင်ရုံ(၂)လုံးမှာ ၂၀၂၄ ခုနှစ်၊ မတ်လတွင် ပြီးစီးမည်ဖြစ်ပြီး ကျန်သိုလှောင်ရုံ(၂)လုံးမှာ ၂၀၂၄ ခုနှစ်၊ မေလကုန်ခန့်တွင် ပြီးစီးမည်ဖြစ်ကြောင်းကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ဆူးလေသိုလှောင်ရုံများသည် နိုင်ငံတော်၏ ဆန်နှင့် လယ်ယာထွက်ကုန်များ သိုလှောင်ဖြန့်ဖြူး ခြင်းအတွက် အလွန်အရေး ပါသော သိုလှောင်ရုံများဖြစ်ခြင်းကြောင့် ပြုပြင်မွမ်းမံရာတွင် ရေရှည် အသုံးပြုနိုင်ရေး စနစ်တကျ ဆောင်ရွက်ရန် လိုအပ်ပါကြောင်းနှင့် လုပ်ငန်းများ အချိန်မီပြီးစီးရေး အလေးထား ဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။