(၇၇) နှစ်မြောက်ပြည်ထောင်စုနေ့ကျင်းပရေးဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း သည် ယနေ့တွင် ၂၀၂၄ ခုနှစ် (၇၇)နှစ်မြောက်ပြည်ထောင်စုနေ့ အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေး သည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ ဂုဏ်ပြုအခမ်းအနား၌ ပါဝင်ဆင်နွှဲကြမည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များအား ၎င်းတို့ တည်းခိုနေထိုင်ကြသည့် နေပြည်တော်အားကစားရွာသို့ သွားရောက်၍ ရင်းရင်းနှီးနှီး တွေ့ ဆုံအားပေး စကားပြောကြားသည်။
ညနေပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ်သည် နေပြည်တော် မြို့တော်ခန်းမ ဥပစာရင်ပြင်၌ ကျင်းပမည့် ၂၀၂၄ ခုနှစ် (၇၇) နှစ်မြောက်ပြည်ထောင်စုနေ့ ဂုဏ်ပြုညစာစားပွဲ အခမ်းအနား ခင်းကျင်း ပြင်ဆင် ထားရှိမှုများကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်း ပြသကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် သည် ၂၀၂၄ ခုနှစ် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ ဂုဏ်ပြုညစာစားပွဲ အခမ်းအနားအပြီးတွင် နေပြည်တော် မြို့တော်ခန်းမ လဟာပြင်ကဇာတ်ရုံ၌ သီဆိုကပြ ဖျော်ဖြေတင်ဆက်ကြမည့် တိုင်းရင်းသား၊ တိုင်းရင်းသူများ၏ ဝတ်စုံပြည့်အစမ်းလေ့ကျင့် နေမှုများကို ကြည့်ရှုအားပေးပြီး အဆိုပါ ကပြဖျော်ဖြေကြသည့် အဖွဲ့များအား ဂုဏ်ပြု ပန်းခြင်းများပေးအပ်ကာ ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ကြသည်။
ထိုသို့ လေ့ကျင့်ပြင်ဆင်ဆောင်ရွက်နေမှုများကို (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ ကျင်းပရေး ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့်အတူ အခမ်းအနားကျင်းပရေး ဗဟိုကော်မတီဝင် ပြည်ထောင်စု ဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဆပ်ကော်မတီ အသီးသီးမှဥက္ကဋ္ဌများဖြစ်ကြသည့် ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ က ကြည့်ရှု ခဲ့ကြပြီး လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။