ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ နဂါးနှစ်ကောင်ကျောင်းတိုက်ပဓာန နာယကနိုင်ငံတော်ဩဝါဒါစရိယ အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဒေါက်တာ ဘဒ္ဒန္တဓမ္မသီရိ သည် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၈ ရက် (ကြာသပတေးနေ့) ၀၀၀၂ အချိန်တွင် ဘဝနတ်ထံ ပျံလွန်တော်မူခဲ့သည်။
ဆရာတော်ဘုရားကြီး၏ ဥတုဇရုပ်ကလပ်တော်အား နဂါးနှစ်ကောင်ကျောင်း တိုက်၌ ပူဇော်ထားလျက်ရှိရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ တို့ သည် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့်ဇနီး၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ တြိဂံဒေသတိုင်းစစ် ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့မွန်းလွဲပိုင်းတွင် သွားရောက် ဖူးမြော်ကြည်ညိုသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်နှင့်ဇနီး၊ အဖွဲ့ဝင်များသည် နဂါးနှစ်ကောင်ကျောင်းတိုက်ပဓာန နာယကဆရာတော် ကြီး၏ ဥတုဇရုပ်ကလပ်တော်အား ဖူးမြော်ကြည်ညိုကြသည်။ ထို့နောက် ဆရာတော် ကြီး၏ အန္တိမအဂ္ဂိဈာပနကျင်းပရေး နာယကအဖွဲ့တွင်ပါဝင်သည့် သီလဓမ္မကုန်းသာ တောရကျောင်းတိုက်ဦးစီးပဓာနနာယက(ဝစီပိတ်)ဆရာတော် ဘဒ္ဒန္တကောဝိဒ အမှူးပြု သည့် ဆရာတော်ကြီးများအားဖူးမြော်ကြည်ညိုပြီး ဆရာတော်ဘုရားကြီး၏ အန္တိမအဂ္ဂိ ဈာပနပူဇာသဘင် အခမ်းအနားပြုလုပ်မည့်အခြေအနေများကို လျှောက်ထား ဆွေးနွေး ၍ ဆရာတော်ကြီးသည် နိုင်ငံ့ဥသျှောင် အဓိပတိဆရာတော်ကြီးများတွင် ပါဝင်သဖြင့် အန္တိမအဂ္ဂိဈာပနပူဇာသဘင် အခမ်းအနားအား စည်ကားသိုက်မြိုက်စွာနှင့် အခမ်းနား ဆုံးဖြစ်အောင် ကျင်းပနိုင်ရေး၊ ရပ်ဝေးမှလာရောက်သည့် ဆရာတော်၊ သံဃာတော်များ၊ သာသနာ နွယ်ဝင်သီလရှင်များနှင့် အများပြည်သူများ သွားလာရေး၊ တည်းခိုနေထိုင် ရေးနှင့်စားသောက်ရေးတို့တွင် အဆင်ပြေချောမွေ့မှုရှိစေရေး၊ သောက်သုံးရေများ လုံလောက်စွာရရှိရေးနှင့် အခြားလိုအပ်သည်များအား တာဝန်ရှိသူများကို မှာကြား သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်ဇနီး တို့သည် ဝစီပိတ်ဆရာတော်ကြီးထံမှ ငါးပါးသီလခံယူဆောက်တည် ကြပြီး ဆရာတော်များ ရွတ်ဖတ်သရဇ္ဇျယ်တော်မူကြသည့် မေတ္တသုတ်ပရိတ်တရား တော်များ နာယူ ကြည်ညိုကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ် ရေးဦးစီးချုပ် နှင့် ဇနီးတို့သည် ဆရာတော်ကြီးများထံသို့ အန္တိမအဂ္ဂိဈာပနပူဇာသဘင် အခမ်းအနား ကျင်းပပြုလုပ်နိုင်ရေး အလှူတော်ငွေများကို ဆက်ကပ်လှူဒါန်းသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်ဇနီး၊ အဖွဲ့ဝင်များသည် တာချီလိတ်မြို့၊ မဟာဗောဓိကမဋ္ဌာန်းကျောင်း တိုက် မဟာဓမ္မကထိက ဗဟုဇနဟိတဓရ ဘဒ္ဒန္တဉာဏသီရိထံမှ အနုမောဓနာတရား နာယူကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်နှင့် ဇနီး၊ အဖွဲ့ဝင်များသည် နဂါးနှစ်ကောင်ကျောင်းတိုက်ပဓာန နာယက ဆရာတော်ကြီး၏ ဥတုဇရုပ်ကလပ်တော်အား ဖူးမြော်ကြည်ညိုခဲ့ကြသည်။
အဆိုပါ နဂါးနှစ်ကောင်ကျောင်းတိုက်ပဓာန နာယကဆရာတော်ကြီး အလောင်း လျာကို ကောဇာသက္ကရာဇ် ၁၂၉၀ ပြည့်နှစ်၊ နတ်တော်လပြည့်ကျော် ၉ ရက် (ဗုဒ္ဓဟူးနေ့) တွင် ခမည်းတော် ဦးဟောင်၊ မယ်တော် ဒေါ်နန်းပင် တို့က ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့၊ ယန်းကိန်ရွာ၌ မွေးဖွားသန့်စင်ခဲ့ပြီး ၁၂၉၉ ခုနှစ်၊ တပေါင်း လပြည့်နေ့တွင် ကျိုင်းတုံမြို့၊ ကျိုင်းယင်းကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ ဓမ္မရံသီ ကို ဥပဇ္ဇျယ်ပြု၍ ရှင်သာမဏေအဖြစ်သို့လည်းကောင်း၊ ၁၃၀၀ ပြည့်နှစ်၊ ကဆုန်လဆန်း ၁၃ ရက်နေ့တွင် မြင့်မြတ်သောရဟန်းအဖြစ်သို့လည်းကောင်း အသီးသီးရောက်ရှိတော်မူခဲ့ကြောင်း၊ သက် တော် ၁၀ နှစ်အရွယ်တွင် ရှင်သာမဏေဘဝဖြင့် အခြေခံပညာမူလတန်းပညာသင်ယူ တော်မူခဲ့ပြီး ကျိုင်းယင်းကျောင်းတိုက်ဆရာတော်ထံတွင် ပရိယတ္တိစာပေများကို ဂုံရှမ်း ဘာသာဖြင့် မူလဓမ္မာစရိယတန်းအောင်မြင်သည်အထိ ပညာသင်ယူဆည်းပူးတော်မူခဲ့ ကာ ၁၃၂၀ ခုနှစ်တွင် မူလဓမ္မာစရိယကို ဂုံရှမ်းဘာသာဖြင့် အောင်မြင်တော်မူခဲ့ကြောင်း၊ ဆရာတော်ကြီးသည် ၁၃၅၇ ခုနှစ်တွင် နဂါးနှစ်ကောင် ပရိယတ္တိစာသင်တိုက်ကို စတင် ဖွင့်လှစ်တော်မူခဲ့ပြီး ပရိယတ္တိစာသင်တိုက်ခွဲ ၄ ခုကို ဖွင့်လှစ်ထူထောင်ထားရှိကြောင်း၊ စာ သင်တိုက်များ၌ ရှမ်းတိုင်းရင်းသား ရဟန်း၊ သာမဏေများအား အစိုးရပါဠိ ပထမပြန်မူ အတိုင်း ဂုံရှမ်းဘာသာဖြင့် အခြေပြ မူလတန်း၊ အငယ်တန်း၊ အလတ်တန်း၊ အကြီးတန်း များကို သင်ကြားပို့ချပေးခြင်းနှင့် စာမေးပွဲများကို အကြိမ် ၅၀ တိုင် ကျင်းပပေးခဲ့ကြောင်း၊ ၁၃၅၅ နှစ်မှစတင်၍ ပိဋကတ် သုံးပုံပါဠိတော်နှင့် ဂုံရှမ်းဘာသာပြန်စာအုပ် ပုံနှိပ်ထုတ်ဝေခြင်း၊ ပိဋကတ်သုံးပုံ ပါဠိတော်အစုံအား ကျောက်စာချပ်ရေ ၂၅၀၀ ခန့်ဖြင့် ကျောက်ထက် အက္ခရာတင်ပြီး တာချီလိတ်မြို့၊ ရွှေတိဂုံစေတီတော်ရင်ပြင်တွင် စိုက်ထူတည်ထားကိုး ကွယ်ခြင်း များကို ဆောင်ရွက်ခဲ့ကြောင်း၊ ထို့အပြင် တာချီလိတ်မြို့ အတွင်းရှိ အခြေခံပညာအဆောက်အဦများအတွက် မြေနေရာများ လှူဒါန်းပေးခြင်း၊ ဘိုးဘွားရိပ်သာနှင့် မိဘမဲ့လူငယ်ပရဟိတဂေဟာကို တည်ထောင်ဖွင့်လှစ်၍ လိုအပ် သောထောက်ပံ့မှုများ ဆောင်ရွက်ပေးခြင်း၊ ခရိုင်ပြည်သူ့ဆေးရုံကြီး မြေနေရာနှင့် လိုအပ် သည့် ကျန်းမာရေးအထောက်အကူပြုအဆောက်အဦများ ဆောက်လုပ်လှူဒါန်းပေးခြင်း များ စသည့် သာသနာပြုလုပ်ငန်းများနှင့် လူထုအကျိုးပြုလုပ်ငန်းများကို စွမ်းစွမ်းတမံ ဆောင်ရွက်တော်မူခဲ့ကြောင်း၊ ဆရာတော်ကြီး၏ သက်တမ်းတစ်လျှောက် ထိုကဲ့သို့ သာသနာပြုလုပ်ငန်းများနှင့် လူထုအကျိုးပြုလုပ်ငန်းများ စွမ်းစွမ်းတမံဆောင်ရွက်တော် မူခဲ့မှုများကြောင့် နိုင်ငံတော်မှ ၁၉၉၂ ခုနှစ်တွင် အဂ္ဂမဟာပဏ္ဍိတဘွဲ့တံဆိပ်တော်၊ ၂၀၀၁ ခုနှစ်တွင် အဂ္ဂမဟာသဒ္ဒမဇောတိကဓဇ ဘွဲ့တံဆိပ်တော်၊ ၂၀၀၅ ခုနှစ်တွင် အဘိဓဇ အဂ္ဂမဟာသဒ္ဒမဇောတိက ဘွဲ့တံဆိပ်တော်၊ ၂၀၂၁ ခုနှစ်တွင် အဘိဓဇမဟာ ရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်တို့ကို ဆက်ကပ်ချီးမြှင့်ခဲ့သကဲ့သို့ အိမ်နီးချင်းနိုင်ငံဖြစ်သည့် ထိုင်းနိုင်ငံ မှ ဆက်ကပ်ချီးမြှင့်သည့် ဘွဲ့တံဆိပ်တော်များကိုလည်း ဆက်ကပ်ခံခဲ့ရကြောင်း၊ ဆရာ တော်ကြီးသည် သက်တော် ၉၆၊ ဝါတော် ၇၇ ဝါ အရောက်တွင် ဘဝနတ်ထံ ပျံလွန်တော်မူခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။