ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေးဗဟိုကော်မတီ ဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စု ဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး ဗဟိုကော်မတီ (1 / ၂၀၂4 ) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား
နေပြည်တော် ဖေဖော်ဝါရီ ၇
ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေးဗဟိုကော်မတီ၏ (1/၂၀၂4)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ရုံးအမှတ်(၁၈) အစည်းအဝေးခန်းမ၌ကျင်းပရာ ကုန်သွယ်မှုနှင့်ကုန်စည် စီးဆင်းမှုများ မှန်ကန်မြန်ဆန် စေရေးဗဟိုကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး တက်ရောက်အမှာစကား ပြောကြားသည်။
အစည်းအဝေးသို့ ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး ဗဟို ကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့်အတူ ကော်မတီအဖွဲ့ဝင်များ အထူးဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ ကုန်သွယ်မှု နှင့်ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန် စေရေးဗဟိုကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးက ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေးဗဟိုကော်မတီအနေဖြင့် နိုင်ငံတော်စီမံအုပ် ချုပ်ရေးကောင်စီ၏ ဦးတည်ချက် ( ၉ ) ရပ်နှင့်အညီ ပြည်တွင်းပြည်ပ ကုန်သွယ်မှုလုပ်ငန်းများ မှန်ကန်မြန်ဆန်အောင် သက်ဆိုင်ရာကဏ္ဍများအလိုက် ဝန်ကြီးဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။
နိုင်ငံတော်နှင့်ပြည်သူများ၏ကုန်သွယ်ရေး ၊ သယ်ယူပို့ဆောင်ရေး ၊ စိုက်ပျိုးရေး ၊ မွေးမြူရေး၊ လူမှုရေး၊ ကျန်းမာရေး၊ စီးပွားရေးနှင့် ဝန်ဆောင်မှုဆိုင်ရာ အထွေထွေလုပ်ငန်းများဆောင်ရွက် ရာတွင် မရှိမဖြစ်လိုအပ်သည့်စက်သုံးဆီကဏ္ဍကို ဦးစားပေးသွင်းကုန်အနေဖြင့် ဆောင်ရွက် ခဲ့ပါကြောင်း၊ စက်သုံးဆီကို ပြည်သူများ သက်သာသည့်ဈေးနှုန်းနှင့် ဝယ်ယူနိုင်ရန် အမြဲမပြတ် ကြပ်မတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပုဂ္ဂလိက စက်မှုကဏ္ဍ၊ စိုက်ပျိုး မွေးမြူရေး ကဏ္ဍ၊ ဝန်ဆောင်မှုလုပ်ငန်းများ၊ ဆေးရုံ၊ ဆေးခန်း၊ စာသင်ကျောင်းနှင့် ဟိုတယ်လုပ်ငန်းများ၊ အစိုးရတင်ဒါလုပ်ငန်းများနှင့် ကျန်လုပ်ငန်းများတွင် လိုအပ်သည့် စက်သုံးဆီများကို လွတ်လပ်စွာတင်သွင်းနိုင်ရေး စီမံဆောင်ရွက်ပေးထားပါကြောင်း၊စက်သုံးဆီ တင်သွင်း လိုသည့် ကုမ္ပဏီအသစ်များကို စနစ်တကျစိစစ်ခွင့်ပြုပေးသွားမည် ဖြစ်ကြောင်း၊ စက်သုံးဆီများကို ပြည်သူအများ လုံလောက်စွာအသုံးပြုနိုင်ရေးနှင့်တရား မဝင်စက်သုံး ဆီများ ရောင်းချမှုမရှိစေရေး အလေးထားကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း၊ တိုင်းဒေသကြီး / ပြည်နယ်များတွင် တရားမဝင်စက်သုံးဆီ ဖမ်းဆီးရမိမှုမှာ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလအတွင်း (၆၅) မှု၊ စက်သုံးဆီ (၂၉၈ဒသမ၀၅၇)တန်၊ ခန့်မှန်းတန်ဖိုး (၇၃၈ ဒသမ ၃၉၂)ကျပ်သန်း၊ ၂၀၂၄ ခုနှစ် ဇန်နဝါရီလအတွင်း (၁၄) မှု၊ စက်သုံးဆီ (၇၄ ဒသမ ၂၂၅) တန်၊ ခန့်မှန်းတန်ဖိုး (၁၇၆ ဒသမ ၄၂၉)ကျပ်သန်း ဖြစ်ပါကြောင်း။
ပြည်သူများခရီးသွားလာရာတွင် နီးစပ်ရာစက်သုံးဆီအရောင်းဆိုင်၌ လိုအပ်သော စက်သုံးဆီ အမျိုးအစားကို လိုအပ်သည့်အတိုင်း အလွယ်တကူ ဝယ်ယူနိုင်ရန် မိမိရောက်ရှိ နေသည့်နေရာမှ မိုင်(၃၀) အတွင်းရှိ အရောင်းဆိုင်များကို အလွယ်တကူ ရှာဖွေနိုင်ပြီး အသင့်ဝယ်ယူနိုင်မည့်အပြင် Monitoring ပြုလုပ်မည့်ဌာနများကလည်း စက်သုံးဆီ အရောင်းဆိုင်များရှိ စက်သုံးဆီအမျိုးအစားအလိုက် လက်ကျန်အခြေအနေများ၊ ရောင်းချ သည့်ဈေးနှုန်းများကို ကြည့်ရှု့စစ်ဆေးနိုင်မည့် Software Application တစ်ခုကို ရေးဆွဲလျက်ရှိကြောင်း ၊ ယခုဖေဖော်ဝါရီလမှစ၍ နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ စက်သုံးဆီအရောင်းဆိုင် (၁၀၇) ဆိုင်တွင် Pilot Project အဖြစ် စမ်းသပ်ဆောင်ရွက်နိုင်ရန် စီမံဆောင်ရွက်လျက်ရှိပါကြောင်း။
ပြည်တွင်းဈေးကွက်၌ အရောင်းအဝယ်ပြုရမည့် အခြေခံစားအုန်းဆီ လက်ကား ရည်ညွှန်းဈေးနှုန်းကို အပတ်စဉ် ထုတ်ပြန်ပေးလျက်ရှိပြီး စားသုံးဆီများကို နေပြည်တော် အပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်အလိုက် လိုအပ်ချက်များကိုစိစစ်၍ စနစ်တကျဖြန့်ခွဲပေးလျက် ရှိကာ ဈေးကွက်/ဈေးနှုန်းတည်ငြိမ်စေရေးအတွက် ဆောင်ရွက်လျက်ရှိပါကြောင်း။
စက်သုံးဆီကိစ္စရပ်များ၊ ကုန်ကြမ်းပစ္စည်းများ တင်သွင်းခြင်းဆိုင်ရာအခက်အခဲ ကိစ္စရပ်များ၊ စက်ရုံများပုံမှန်လည်ပတ်ရေးအတွက် စက်ပစ္စည်းများ၊ စက်အပိုပစ္စည်းများ တင်သွင်းနိုင်ရေး၊ သက်ဆိုင်ရာဌာနများနှင့် ကုန်သည်လုပ်ငန်းရှင်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ပဲခူးစက်မှုဇုန်အတွင်းရှိ စက်ရုံများအတွက် လိုအပ်သော စက်သုံးဆီများကို ပဲခူးတိုင်းဒေသကြီးအတွင်းရှိ စက်သုံးဆီဆိုင်များမှ ရောင်းချပေး နိုင်ရေး၊ ပဲခူးတိုင်းဒေသကြီးစက်မှုဇုန်အတွင်း စက်ရုံများလည်ပတ်နိုင်ရေးအတွက် အလုပ်ချိန် အတွင်း လျှပ်စစ်ဓာတ်အားရရှိရေး၊ စက်မှုလုပ်ငန်းသုံး ဓာတုပစ္စည်းများ တင်သွင်းရာ၌ နှောင့်နှေးကြန့်ကြာမှုမရှိစေရေး သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ မြောင်းတကာစက်မှုဇုန်တွင် လျှပ်စစ်ဓာတ်အားအချိန်နှင့် တစ်ပြေးညီရရှိရေး၊ စက်မှုဇုန်များလျှပ်စစ်ဓာတ်အား လုံလောက်စွာရရှိနိုင်ရေး၊ LNG ဖြင့် လျှပ်စစ်ဓာတ် အားထုတ်လုပ်နိုင်ရေးတို့ကို သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ပြည်ပသို့ ပို့ကုန်တင်ပို့ပြီးနောက် ပို့ကုန်ရငွေပြန်လည် ဝင်ရောက်ရန် ကျန်ရှိသောကုမ္ပဏီများမှ ပို့ကုန်ရငွေများ ပြန်လည်ဝင်ရောက်မှုအား အလေးထား ကြပ်မတ်ဆောင်ရွက်ခဲ့မှုကြောင့် ပို့ကုန်ရငွေများအလားတူကာလထက် ပိုမိုဝင်ရောက်ခဲ့ပါကြောင်း ။
ပို့ကုန်လုပ်ငန်းရှင်များ လုပ်သာကိုင်သာရှိပြီး အကျိုးအမြတ်များရရှိရန်နှင့် ပြည်ပပို့ကုန်များ ပိုမိုတိုးမြှင့်တင်ပို့နိုင်ရန်အတွက် ပို့ကုန်တင်ပို့သူများအနေဖြင့် ပို့ကုန် တင်ပို့ခြင်းမှရရှိသည့်ပို့ကုန်ရငွေပမာဏ ( ၅၀ : ၅၀ ) ရာခိုင်နှုန်းအစား ( ၃၅ : ၆၅ ) ရာခိုင်နှုန်းကို အဆင့်ဆင့်ဖြေလျှော့ ဆောင်ရွက်ပေးခဲ့ပါကြောင်း။
ပြည်ပပို့ကုန် တိုးမြှင့်တင်ပို့နိုင်ရန်နှင့် ရော်ဘာတင်ပို့မှုလုပ်ငန်းများ တိုးမြှင့် ဆောင် ရွက်နိုင်ရန်အတွက် ရာသီချိန်ကာလ(၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁ ရက်မှ ၂၀၂၄ ခုနှစ် မတ် ၃၁ ရက်အထိ) ရော်ဘာတင်ပို့မှုမှ ရရှိသောပို့ကုန်ရငွေဖြင့် ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေး တင်သွင်းခြင်းအား ဆောင်ရွက်ခွင့်ပြုပေးခဲ့ပါကြောင်း၊ ထို့ပြင် လယ်ယာထွက်ကုန်များ ဖြစ်သည့် ဆန်၊ ဆန်ကွဲ၊ ပဲမျိုးစုံနှင့် ပြောင်းတင်ပို့မှုများ တိုးမြှင့်ဆောင်ရွက်နိုင်ရန် ဆန်၊ ဆန်ကွဲ၊ ပဲမျိုးစုံနှင့် ပြောင်းတင်ပို့မှုမှရရှိသော ပို့ကုန်ရငွေဖြင့် စက်သုံဆီနှင့် စားသုံးဆီ တင်သွင်းခြင်းအား ဆောင်ရွက်ခွင့်ပြုပေးခဲ့ပါကြောင်း။
ပြည်တွင်း / ပြည်ပ ကုန်သွယ်မှုလုပ်ငန်းများဆောင်ရွက်ရာတွင် ပြည်သူလူထု အကျိုးစီးပွားကို ရှေးရှုဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ကုန်သွယ်မှုလုပ်ငန်းများ နှောင့် နှေးကြန့်ကြာမှုမရှိစေရေး၊ ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေ ရေး၊ လွယ်ကူလျင်မြန်ချောမွေ့စေရေး၊ ပို့ကုန်ကဏ္ဍတိုးမြှင့်ရေးတို့ကို အဓိကထား ဆောင်ရွက်သွားမည်ဖြစ်သည့်အတွက် တက်ရောက်လာကြသည့် ဗဟိုကော်မတီအဖွဲ့ဝင် များနှင့် တာဝန်ရှိသူများက ဝိုင်းဝန်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ထိုနောက် အစည်းအဝေးသို့ တက်ရောက်လာကြသူများက ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေးနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာကဏ္ဍ အလိုက် ရှင်းလင်းဆွေးနွေးတင်ပြကြရာ ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှုများ မှန်ကန် မြန်ဆန်စေရေးဗဟိုကော်မတီ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးမြထွန်းဦးက ရှင်းလင်းဆွေးနွေးတင်ပြ မှုများအပေါ် လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပြီး နိဂုံးချုပ်အမှာစကားပြောကြား ကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့သည်။